ကျွန်တော် သိမ်းထားချင်သော အရာများ၊ ပြောချင်သောစကားများနှင့် မျှဝေချင်သော အကြောင်းအရာများ အတွက် ဤ Blog စာမျက်နှာအား အသုံးပြုပါသည်။
Thursday, 16 May 2013
ဒေါ်လာဈေးကို ကျပ် ၁၀၀၀ အထိ ဆွဲတင်မလား
ဒေါ်လာဈေးကို ကျပ် ၁၀၀၀ အထိ ဆွဲတင်မလား
ပြီးခဲ့သည့်လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တစ်ဒေါ်လာ ကျပ် ၉၅၀ မှ ကျပ် ၁၀၀၀ ၀န်းကျင်ရှိမှ နိုင်ငံနှင့် ပြည်သူကောင်းမှာ သိလျက်နှင့် မျက်ကွယ်ပြုသလားဟု မေးခွန်းထုတ်ခဲ့သည်။ ယခု ဒေါ်လာဈေး ၉၃၀၊ မကြာမီ ကျပ် ၁၀၀၀ ဖြစ်မလား စိုးရိမ်နေကြသည်။ ယမန်နှစ်ကမှ တစ်ဒေါ်လာ ကျပ် ၈၀၀ သတ်မှတ်ပြီး ယခု ကျပ် ၉၃၀ အထိ ၁၅ ရာခိုင်နှုန်းနီးပါး တက်လာခဲ့ခြင်းဖြစ်သည်။
ထုတ်ကုန်များ ဈေးကောင်းရရန်၊ ထုတ်ကုန်မောင်းနှင်အား ရရန်ဆိုသော အချက်တစ်ခုတည်းမှာ လုံးဝပြည့်စုံသော အကြောင်းပြချက် မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ထုတ်ကုန်တန်ဖိုးမှာ တိုင်းပြည် GDP ၏ ရာခိုင်နှုန်း အနည်းငယ်သာ ရှိရာ ကျန်ဆက်စပ်သော ကဏ္ဍများတွင် ငွေကြေးဖောင်းပွခြင်းဒဏ်ကို ခံစားရမည် ဖြစ်ပါသည်။ လယ်သမားများ သီးနှံဈေးကောင်း ရရန်၊ လူဦးရေ ၇၀ ရာခိုင်နှုန်း ၀င်ငွေကောင်းရန်ဟု အကြောင်းပြခြင်းမှာလည်း အဓိပ္ပာယ် မရှိပါ။ လယ်သမားများ လက်ထဲ၌ သီးနှံမရှိချိန် ရောက်မှသာ ဒေါ်လာဈေးကို ဆွဲတင်ခြင်း၊ ဈေးကွက်ထဲ၌ ၀င်ရောက်စွက်ဖက်ခြင်းမှာ မပြုလုပ်သင့်သောအရာ ဖြစ်ပါသည်။
သီးနှံဈေးနှုန်း မြှင့်တင်ရန်ထက် လယ်သမားများအတွက် ငွေအတိုးမဲ့ချေးခြင်း၊ ဓာတ်မြေသြဇာ ကဲ့သို့သော ပစ္စည်းများကို subsidize လုပ်ပေးခြင်း၊ အစိုးရမှ အရှုံးခံ ၀ယ်ယူခြင်းများကိုသာ လုပ်ဆောင်ရမည်ဟု ယူဆပါသည်။
ယခု ဒေါ်လာဈေးကို ၀င်ရောက်စွက်ဖက် မြှင့်တင်ခြင်းမှာ ထုတ်ကုန်မြှင့်တင်ရန် အကြောင်းပြ၍ ထုတ်ကုန် လုပ်ငန်းရှင်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်ကြီးများ၊ ငွေကြေး ကစားသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက်သာ အကျိုးရှိနိုင်ပါသည်။ လယ်သမားများ အပါအ၀င် အခြေခံ လူတန်းစားများ ထိခိုက်နိုင်ပါသည်။
ဒေါ်လာဈေး ကျပ် ၉၅၀-၁၀၀၀ ဖြစ်မှ နိုင်ငံ့စီးပွားရေး တိုးတက်မည်ဆိုသည်မှာ လက်တွေ့ မကျပါ။ ထို့ကြောင့် ဈေးကွက် သဘောတရားကို ကျော်လွန်၍ ငွေကြေးဈေးကွက်ကို အဓမ္မ ၀င်ရောက်ခြယ်လှယ်ခြင်းသည် မြန်မာ့စီးပွားရေး ၀န်းကျင်အား အထိနာစေနိုင်မည်ဟု The Daily Eleven သတင်းစာက ယူဆပါသည်။ ထို့ကြောင့် ငွေကြေးဈေးကွက် တည်ငြိမ်မှုအား ဖော်ဆောင်နိုင်ရန် ဗဟိုဘဏ်နှင့် အစိုးရအား တိုက်တွန်းအပ်ပါသည်။
Credit to >>> Daily Eleven
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။