Sunday 18 November 2012

ကျွန်တော် မြန်မာတစ်ယောက်ပါ.....




ကျွန်တော် အခုတစ်လောစိတ်ထဲ ရှိနေတာလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်ဟာ မြန်မာ တစ်ယောက်ပါ။ မြန်မာဖြစ်ရတာကိုလည်းဘယ်တုန်းကမှမရှက်ခဲ့ပါဘူး။ကိုယ့်ကြောင့် မြန်မာပြည် မြန်မာနိုင်ငံ
သားတွေ အရှက်ရမှာကိုပဲ စိုးရိမ်ပါတယ်။

ဟိုအရင်တုန်းက မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တယ်၊ စေတနာကောင်းတယ်၊ သနား စာနာတတ်တယ်၊ ကူညီတတ်ကြတယ်၊စည်းလုံးမှုရှိကြတယ်၊ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုဓလေ့ စရိုက်တွေအပေါ် မြတ်နိုးတန်ဖိုးထားတတ်ကြတယ်။ကိုယ်ပိုင်ယဉ်ကျေးမှုကို လေးလေးစားစား ခုံခုံမင်မင်နဲ့ ထိန်းသိမ်းခဲ့ကြတယ်။ ဒီလို အကျင့်ကောင်းတွေနဲ့ ရှိခဲ့တဲ့မြန်မာတွေပါ။

အခုဆိုရင် မြန်မာပြည်အပြင်မှာတင်မက မြန်မာပြည်တွင်းမှာပါအခုလိုအကျင့်စရိုက်ကောင်း တွေ
လျှာ့ပါးနေတာ တွေ့နေမြင်နေ ကြားနေရပါတယ်။ အခုလိုကျွန်တော်မြန်မာပြည် အပြင်မှာ ရှိနေတုန်း ချိတ်ထမီနဲ့ရင်ဖုံးအကျီကျကျနန၀တ်ပြီး မင်္ဂလာပါလို့မြန်မာလိုနှုတ်ခွန်းဆက်ပြီးပြောဆိုတဲ့မြန်မာ အမျိုးသမီးတွေရှိနေတာတွေ တွေ့ရရင် အရမ်းဝမ်းသာမိပါတယ်။


မြန်မာဝတ်စုံနဲ့ မြန်မာ တစ်ယောက် နိုင်ငံတကာကလူတွေရှေ့မှာ မတ်တပ်ရပ်ရင်းအကောင်း ဆုံး  presentation ဆိုတဲ့လက်ခုပ်သံတွေကိုနားထောင်ရတိုင်းဒါမြန်မာငါမြန်မာဆိုတဲ့အတွေးနဲ့ပီတိလွှမ်းခဲ့မြဲပါ။
ဒါပေမယ့် မြန်မာပြည်သား မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရက်နဲ့ မြန်မာပြည်ဂုဏ်ငယ်အောင် မြန်မာ နိုင်ငံသားများအရှက်ရအောင်လုပ်ဆောင်မှုတွေတွေ့ရရင် အရမ်းဝမ်းနည်းဒေါသထွက်ရပါတယ်။ အတတ်နိုင်ဆုံးလည်း တားဆီးမိပါတယ်။

           အခုလိုတွေးတာလုပ်တာ ကလေးဆန်ကောင်းဆန်နေပါလိမ့်မယ်။ ရင်ထဲကစေတနာကလဲ ကလေးတစ်ယောက်လိုပဲ စေတနာအဖြူပါ။ကျွန်တော့်အနေနဲ့ သူများကို ဒီလိုကောင်းအောင် လုပ်ပါလို့ ညွှန်ပြပြောဆိုနိုင်ခြင်းမရှိပါဘူး။တကယ့်ကို ဘာမှမဟုတ်တဲ့ သာမန်ထဲကသာမန် တစ်ယောက်ပါ။ ဒါပေမယ့် ကိုယ်ရပ်တည်နေတဲ့ နေရာမှာတော့ ဒီလိုအပြော၊ ဒီလိုအလုပ်၊ ဒီလို ယဉ်ကျေးမှု၊ ဒီလိုအသိ ပညာနဲ့ ရှိနေတာမြန်မာတွေပါလားဆိုတဲ့ အသိကိုတော့ လူမျိုးခြားတွေကို အသိပေးချင်ပါတယ်။ ပြီးတော့ ကိုယ့်ပါတ်ဝန်းကျင်က မြန်မာအ၀န်းအ၀ိုင်းကိုလဲပုံသက်သေအနေနဲ့ ပြသချင်မိပါတယ်။လူအများကြီး မတတ်နိုင်တောင်မှ ကိုယ်နဲ့လက်လှမ်းမှီရာမှာ မြန်မာတွေမညံ့ဘူး ဆိုတာကိုပဲ message ပေးချင် တယ်။ မြန်မာဟာဘာဝတ်ဝတ် ဘာဖုံးဖုံး မြန်မာက မြန်မာပါပဲ။ ဘယ်လိုမှ ဟန်ဆောင် ဖုံးကွယ်လို့ မရတာကြောင့် အခွင့်သာတိုင်းမှာ မြန်မာဆိုတဲ့ဂုဏ်ကို ဖော်ထုတ်ပြသနိုင်ဖို့အမြဲအသင့်ရှိနေ ရပါမယ်။ မြန်မာ့ဂုဏ်ကို တိုင်းပြည်က လုပ်ပေးလိမ့်မယ် ဆိုပြီး ထိုင်စောင့်မနေပါနဲ့။တိုင်းပြည်ကလုပ်လုပ် မလုပ်လုပ် ကိုယ်ကိုယ်တိုင်က ကိုယ်ကျင့်တရားကောင်းနဲ့ လုပ်ပြနိုင်ဖို့ပဲ လိုပါတယ်။ဒီတော့ မြန်မာပြည် မဟုတ်တဲ့နေရာမှာ နေတဲ့သူတိုင်းကိုယ်ဟာ မြန်မာနိုင်ငံသား မြန်မာတစ်ယောက်ပါဆိုတဲ့အတွေးကို အမြဲရှိနေဖို့ရယ်ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ မြန်မာ့ဂုဏ်ကိုမဆောင်နိုင်တောင်မြန်မာဆိုတဲ့နာမည်ကို မဖျက်စီးကြဖို့ရယ်ကိုဒီနေရာကနေ မြန်မာပြည်အပြင်ဘက်မှာရှိတဲ့သူတွေအားလုံးကို တောင်းပန်ချင်ပါတယ်။ သူများတွေမကောင်းဘူး ဆိုတာကို လိုက်လံဝေဖန်ပြောကြားမနေကြပဲ ကိုယ်တိုင်သာ ကိုယ်ကျင့်တရား ကောင်းဖို့နဲ့ မြန်မာ့ ဂုဏ်မငယ်စေဖို့ လုပ်ဆောင်ကြရအောင်လားဗျာ။

ကိုယ်ကျင့်တရားကောင်းဖို့ ကို စေတနာနဲ့ လမ်းညွန်ထားတာတွေကို အင်တာနက် စာမျက်နှာ ခပ်များများမှာ တွေ့ရပါတယ်။ကိုယ်ကျင့်တရားကောင်းတော့ လုပ်ရမယ့်အလုပ်ကို ကောင်းတာနဲ့ မကောင်းတာ ခွဲခြားမြင်တတ် ကျင့်သုံးတတ်လာပါတယ်။ကိုယ်တိုင်က ကောင်းတာလုပ်နေရင်း အခြားသူတွေကို ကောင်းတာလုပ်ဖို့လည်း တိုက်တွန်းအားပေးတတ်လာပါတယ်။

ဒီတော့ကိုယ်တိုင်က ကောင်းအောင်လုပ်ခြင်းအားဖြင့်အ၀န်းအ၀ိုင်းကလူများအားလုံးကို ကောင်းသော
 ပြောင်းလဲခြင်းနဲ့ပြောင်းလဲသွားနိုင်ဖို့ကျွန်တော်တို့အားလုံးကြိုးစားလုပ်ဆောင်ပြီး မြန်မာ့ဂုဏ်ကို
ထိန်းသိမ်းကြရအောင်လားဗျာ။


လေးစားခြင်းဖြင့်
မေမြို့သားလေး

 မှတ်ချက်။         ။ ကျွန်တော့်ရေးသားမှုအပေါ် တစ်စုံတစ်ခုမှားယွင်း ထိခိုက်မှုရှိလျှင် ကျွန်တော် အရေးအသားမတတ်သဖြင့်လို့သာ နားလည်ခွင့်လွှတ်ပေးကြပါ လို့ တောင်းပန်အပ်ပါတယ်။
 




No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။