Sunday 2 December 2012

၂၀၁၃ ရောက်ရင်

၂၀၁၃ ရောက်ရင် လမ်းတွေ အကုန်ကောင်းသွား မယ်။
၂၀၁၃ ရောက်ရင် အင်တာနက်မြန်နှုန်းတွေ မြင့်လာမယ်။
၂၀၁၃ ရောက်ရင် ရန်ကုန် တက္ကသိုလ်ကို ပြန်ဖွင့်တော့မယ်။
၂၀၁၃ ရောက်ရင် ရင်းနှီးမြှုပ်နှံမှုတွေ ဒလဟော ဝင်လာမယ်။
၂၀၁၃ ရောက်ရင် လျှပ်စစ်မီးတွေ ပုံမှန် လာတော့မယ်။

၂၀၁၃ ရောက်ရင် အလုပ်အကိုင်တွေ အများကြီး ရလာ တော့မယ်။

၂၀၁၃ ရောက်ရင် အဓမ္မ လယ်သိမ်း ခံရတာတွေကို အရေးယူ တော့မယ်။
၂၀၁၃ ရောက်ရင် တစ်ဦးချင်း ဝင်ငွေတွေ မြင့်လာတော့မယ်။
၂၀၁၃ ရောက်ရင် ဆင်းကတ်တွေ အလကား နီးပါးဈေးနဲ့ ရတော့မယ်။
၂၀၁၃ ရောက်ရင် လယ်သမားတွေ ထွန်စက်တွေနဲ့ လယ်ထွန် နိုင်တော့မယ်။
၂၀၁၃ရောက်ရင် ဆင်းရဲမှုနှုန်းက ၂၀ ရာခိုင်နှုန်းပဲ ရှိတော့မယ်။
၂၀၁၃ ရောက်ရင် လမ်းမတွေပေါ် ကွမ်းထွေးတဲ့သူ၊ စည်းကမ်း မဲ့ အမှိုက်ပစ်တဲ့ သူတွေကို ဒဏ်ငွေ ၁၀ သိန်း တပ်တော့မယ်။

၂၀၁၃ ရောက်ရင် လာဘ်ပေးလာဘ်ယူတဲ့ အမှုတွေကို ဖော်ထုတ်ပြီး ပြင်းထန်တဲ့ အပြစ်ပေးတာတွေ လုပ်တော့မယ်။

၂၀၁၃ ရောက်ရင် ပုဂ္ဂလိက သတင်းစာတွေ ထွက်လာပြီး အစိုးရက စီးပွားရေး ဝင်လုပ်တာတွေ ရပ်သွားမယ်။

၂၀၁၃ ရောက်ရင် အီလက်ထရွန်နစ် ဥပဒေကို ဖျက်သိမ်းတော့မယ်။

၂၀၁၃ ရောက်ရင် အဝေးပြေး လမ်းမကြီးတစ်လျှောက် မိုင်တိုင် တစ်ခုတိုင်း ဓာတ်ဆီဆိုင်နဲ့ စတိုးဆိုင်တွေ၊ ယာဉ်ရပ်နား စခန်းတွေ ပေါ်လာတော့မယ်။
၂၀၁၃ ရောက်ရင် အဝေးပြေးကားဝင်းတွေ ခေတ်မီပြီး ပုဂ္ဂလိက ဝန်ဆောင်မှုတွေ အဆင့်မြင့်လာတော့မယ်။

၂၀၁၃ ရောက်ရင် လမ်းမပေါ်တက်ပြီး ဈေးရောင်းတာကို မျက်စိမှိတ် ငွေယူထားတဲ့ သူတွေကို အရေးယူတော့မယ်။

၂၀၁၃ ရောက်ရင် မော်တော်ကားတွေ နှစ်ထပ်ပိတ်ရပ်တာတွေ စီစီတီဗီနဲ့ ရိုက်ပြီး အပြင်းထန်ဆုံး အရေးယူတော့မယ်။

၂၀၁၃ ရောက်ရင် ရုပ်ရှင်ထုတ်လုပ်ရေး၊ ပြသရေး၊ ဖြန့်ချိရေး တွေကို ပုဂ္ဂလိကပိုင် အဖြစ် ဈေးကွက် သဘောအရ ခွင့်ပြုပေးတော့မယ်။

၂၀၁၃ ရောက်ရင် ရုပ်ရှင်ကို ဖလင်လို့ပဲ ယူဆနေရာက ဖလင်ပဲဖြစ်ဖြစ်၊ ဒစ်ဂျစ်တယ်ပဲဖြစ်ဖြစ် အရုပ်တွေရှင်အောင် လုပ်ထား တဲ့ ဘယ်ကြားခံနယ်ကို မဆို ရုပ်ရှင်လို့ သတ်မှတ် ပေးတော့မယ်။

၂၀၁၃ ရောက်ရင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်တွေကို နှစ်စဉ် အခွန်အတုတ် ကြီးကြီးမားမား ကောက်ခံလိုက်ရင် ဈေးကွက် သဘော အရသာ ဈေးနှုန်းတွေက ဖြစ်ပေါ်လာတော့မယ်။


၂၀၁၃ ရောက်ရင် ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလ၊ ဆိပ်ကြီး ခနောင်တိုင်၊ သန်လျင်ခြမ်းတွေကို New Yangon City (NYC)

အဖြစ် သတ်မှတ်ပေးတော့မယ်။

၂၀၁၃ ရောက်ရင် NYC မှာ လျှပ်စစ်ကြိုး၊ ဖုန်းကြိုးနဲ့ ရုပ်သံ အင်တာနက် ကေဘယ်လ် လိုင်းတွေကို မြေအောက်စနစ်နဲ့ ထားရှိပြီး ရေနဲ့ မိလ္လာတွေကို ခေတ်မီစနစ်နဲ့ ထားရှိတော့မယ်၊

၂၀၁၃ ရောက်ရင် မန္တလေးမြို့တော်ဟာ တရုတ်နဲ့ အိန္ဒိယကြား ကုန်သွယ်ရေးရဲ့ ပင်မအချက်အချာ မြို့တော်ကြီးဖြစ်လာပြီး နိုင်ငံ တကာယဉ်ကျေးမှုတွေ ကူးလူးတော့မယ့် ဆန်ဖရန်စစ္စကိုလို ဖြစ်လာ တော့မယ်။

၂၀၁၃ ရောက်ရင် နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို အား ထားပြီး လုပ်ဆောင်ရတဲ့ မီးခိုးမထွက်တဲ့ စက်ရုံတွေက တိုင်းပြည် ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ရှာပေးတော့မယ်။


၂၀၁၃ ရောက်ရင် တက္ကစီတွေမှာ လေအေးပေးစက် တပ်ပြီး ကျသင့်ငွေကို မီတာနဲ့ ကောက်ခံတဲ့ စနစ် ကျင့်သုံးတော့မှာမို့ လမ်းမကြုံ လို့ မလိုက်တော့ဘူး၊ ဆီကားမို့ ပိုတောင်းရတာ၊ တံခါးက လော့ခ် မကျလို့ ပြန်ပိတ်ပေးပါဆိုတဲ့ အသံတွေမကြားရတော့ဘူး။

၂၀၁၃ ရောက်ရင် မြို့တွင်းလမ်း တစ်လျှောက် ပလက်ဖောင်းနဲ့ ကားလမ်းကြားမှာ သံဆန်ခါတွေ တပ်ပြီး တစ်မှတ်တိုင်ကို လူကူး ခုံးကျော်တံတားတွေ တစ်ခုစီဆောက်ပေးမှာမို့ ယာဉ်ကြောပိတ်တာ၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးတာတွေ မရှိတော့ဘူး။

၂၀၁၃ ရောက်ရင် လမ်းဘေးက အစားအသောက် ရောင်းတဲ့ ဆိုင်တွေ မှန်ပုံးလေးထဲမှာ ခြင်၊ ယင် မ၀င်အောင်ထားပြီး ဈေးသည် တွေအားလုံး ပလတ်စတစ် လက်အိတ်လေးတွေ ကိုယ်စီနဲ့ သန့်သန့် ရှင်းရှင်း ရောင်းချရတော့မယ်။


၂၀၁၃ ရောက်ရင် အရက်၊ ဘီယာနဲ့ ဆေးလိပ်တွေကို ၁၈ နှစ် အောက်တွေ မဝယ်နိုင်အောင် ဥပဒေတွေ ထုတ်ပြန်တော့မယ်။


၂၀၁၃ ရောက်ရင် မူလတန်းနဲ့ အလယ်တန်းအဆင့် မသင်မနေ ရ ဥပဒေပြဋ္ဌာန်းပြီး ကျောင်းမအပ်တဲ့၊ ကျောင်းမတက်ခိုင်းတဲ့ အုပ်ထိန်းသူတွေကို ဥပဒေအရ အရေးယူဖို့ ပေါ်လစီတွေ ချမှတ်တော့ မယ်။

၂၀၁၃ ရောက်ရင် အသက် ၅၀ အထက်လူကြီးတွေ ငွေ တစ်ထောင်နဲ့ကြိုက်တဲ့ ဆေးခန်း၊ ဆေးရုံတွေမှာ ကျန်းမာရေးပြသ နိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် တွေရဲ့ ကျန်းမာရေး မှန်သမျှကို အခမဲ့ တာဝန်ယူနိုင်မယ့် စနစ်ကို ဖန်တီးပေးတော့မယ်။

၂၀၁၃ ရောက်ရင် နိုင်ငံတစ်ဝန်းလုံးက တက္ကသိုလ်တွေမှာ တိုင်းရင်းသားဘာသာစကား အနည်းဆုံးတစ်ခုနဲ့ နိုင်ငံခြား ဘာသာ စကား အနည်းဆုံး တစ်ခုကို ယူရမယ့် ပညာရေး ဆိုင်ရာ ပေါ်လစီတွေ ပေါ်လာတော့မယ်။


၂၀၁၃ ရောက်ရင် တက္ကသိုလ်ဝင်ခွင့်တွေ အတွက် စိတ်ပါ ဝင်စားတဲ့ ဘာသာရပ်တွေကို လွတ်လပ်စွာဝင်ခွင့် စာမေးပွဲ ဝင်ဖြေပြီး တက်ရောက်နိုင်မယ့် စနစ်ကို စတင် အကောင်အထည် ဖော်တော့မယ်။


၂၀၁၃ ရောက်ရင် သဘာဝနည်းနဲ့ စိုက်ပျိုးတဲ့၊ မွေးမြူတဲ့ လုပ်ငန်းကို အစိုးရနဲ့ ပုဂ္ဂလိက ပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှာမို့ အော်ဂဲနစ် အစားအသောက်တွေ မှိုလိုပေါက်လာ တော့မယ်။


၂၀၁၃ ရောက်ရင် နိုင်ငံအတွင်း နေထိုင်သူ မည်သူ့ကိုမဆို လူမှုလုံခြုံရေး စနစ်တစ်ခု အတွင်းမှာ ထားရှိပြီး နံပါတ်တစ်ခုစီ ထုတ်ပေးပြီး ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ စစ်မှုထမ်းမှု၊ အခွန် စနစ် စတဲ့ ကွန်ရက်ကြီးနဲ့ ချိတ်ဆက် ထားနိုင်တော့မယ်။


၂၀၁၃ ရောက်ရင် ...

၂၀၁၃ ရောက်ရင် ...
၂၀၁၃ ရောက်ရင် ...
၂၀၁၃ ရောက်ရင် ...
အိပ်ရာက ရုတ်တရက်လန့်နိုးသွားသည်။

ရန်ကုန်တွင် ဆောင်းဝင်ပြီဖြစ်သည်။ ချမ်းစိမ့်စိမ့် ဖြစ်လာသောကြောင့် ပြတင်း တံခါးကို ဆွဲပိတ်လိုက်စဉ် ‘ဟောဒီက ပဲပြုတ်’ ဆိုသောအသံနှင့်အတူ လျှပ်စစ်မီးပျက်သွားသည်။ အားလုံးမှောင်အတိ။


နေသန်မောင်
Credited to The Voice Weekly 

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။