Friday 18 January 2013

ပညာရှာ ပမာ သူတောင်းစား



နိုင်ငံခြား ဇာတ်ကားတွေထဲမှာ မြင်ရ တွေ့ရဘူးသည်။
စာအုပ်တွေ ဘာတွေထဲမှာ ဖတ်ရ သိရဘူးသည်။
ညလုံးပေါက်ဖွင့်သော စာကြည့်တိုက်ကြီးများ။ ထိုစာကြည့်တိုက်တို့ထဲတွင် ဆိတ်ငြိမ်စွာ အပြိုင်းအရိုင်း ပညာရှာမှီးနေကြသူများ။
အားကျစရာ ကောင်းလှပါဘိတောင်း။


ကမ္ဘာကျော် စာကြည့်တိုက်ကြီးများတွင် ပညာရှင်ကြီးတွေ လာထိုင်သွား ကျမ်းပြုစုသွားခဲ့သော ခုံများကိုပင် တယုတယ ထားသည်တဲ့။ သူတို့ ဖတ်သွားခဲ့သော စာအုပ်များကိုပင် သူတို့ မှတ်သားထားသည့်အတိုင်း ခြေရာလက်ရာမပျက်ထားသည်တဲ့။ ကားလ်မတ်စ် အရင်းကျမ်းပြုစုခဲ့သော ထိုင်ခုံဆိုသည့် ဓာတ်ပုံတစ်ပုံကို မြင်ရဘူးတော့ ထိုခုံတွင် သွားထိုင်ချင်လိုက်သည့် ဖြစ်ချင်း။

ကျနော်က ရူးသည်ဟု ပြောရမည်လား အဲဒီလို ခံစားမှုမျိုး ရှိသည်။
ဟော့ဒီငါရပ်နေတဲ့ နေရာ၊ ငါထိုင်နေတဲ့နေရာဟာ ငါလေးစားအားကျတဲ့ ဘယ်သူ ဘယ်ဝါ နေခဲ့ထိုင်ခဲ့တာ ဆိုတာမျိုး အမြဲ တွေးလေ့ရှိ၏။ အဓိပတိလမ်းရောက်တိုင်း ထိုအတွေးဝင်ဘူးသည်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်တို့ သူငယ်ချင်း တစ်သိုက် သွားလာလှုပ်ရှားဖူးသော လမ်းကြီး။ ဘွဲ့နှင်းခမ်းမမှာ ဘွဲ့ယူတုန်းကတော့ ဘာပြောကောင်းမလဲ။ ကျနော်လေးစားသူတို့၏ စိတ်ဝိညာဉ်များပင် ပူးကပ်သွားသည့်နှယ်။ ထားပါတော့ ကျနော်ပြောချင်တာ အဲဒီအကြောင်းမဟုတ်။ ပညာရှာရသည့်အကြောင်းများ။

ကျနော်စာရေးဆရာပိုးဝင်တာက ဆယ်တန်းအောင်စလောက်မှာဖြစ်သည်။
တကယ်တော့ စာရေးဆရာဖြစ်ချင်သည်ထက် စာဖတ်ချင်သည်က ပိုပါသည်။ စာဖတ်ချင်လွန်းလို့ စာများများဖတ်ရတဲ့ စာရေးဆရာအလုပ်ကို လုပ်တာဖြစ်သည်။ တကယ်တမ်း ဘာမှ မလုပ်နဲ့ စာချည်းထိုင်ဖတ်နေ လခပေးမယ်ဆိုလျှင် ပိုကြိုက်ပါသည်။ စာမှ ၀တ္ထုချည်းပြောတာမဟုတ်။ ပျင်းစရာကောင်းလှသော ကျမ်းကြီး ကျမ်းလေးများလည်း ဖတ်ဆိုဖတ်ပါမည်။ ကျက်တော့ မကျက်လိုပါ။

ဒီလို စာဖတ်ချင်စိတ်တွေ များပြားပြည့်လျှံလာသော အချိန် ကျနော့်၏ အားကိုးရာကား အမျိုးသားစာကြည့်တိုက်ကြီးဖြစ်ခဲ့ပါသည်။ အဲဒီတုန်းက အမျိုးသားစာကြည့်တိုက်မှာ ကမ်းနားလမ်း ခြောက်ထပ်ရုံးမှာ ရှိသည်။ တစ်နေကုန် တစ်နေခန်း အမျိုးသားစာကြည့်တိုက် သွားထိုင်ကာ ဖတ်တတ်သည်။ နေ့လည် ထမင်းစားချိန်လောက်ပဲ အောက်ဆင်းပြီး အနီးနား လမ်းကြားလေးမှာ ရောင်းသော ထမင်းပေါင်းဆိုင် ပြေးစား။ ပြီးရင် မပိတ်မချင်းပြန်ဖတ်။ ကျနော်လို ပုံမှန်လာဖတ်သူတွေ တစ်ဦးစ နှစ်ဦးစ တွေ့ခဲ့ဘူးသည်။ အခုတော့ ထိုနေရာလေး ရောက်မိတိုင်း ပြန်လွမ်းလိုက်တာလွန်ပါရော။ အခုနေက ဖတ်ချင်လို့တောင်မှ ထိုင်ဖတ်စရာ စာကြည့်တိုက်ကောင်းကောင်း မရှိသည့်ဘ၀။

ပြည်သူ့စာကြည့်တိုက်ဆိုတာကတော့ စာပေဗိမာန်အပေါ်ထပ်မှာရှိသည်။ အခုတော့ ရှိသေးလား မရှိတော့ပြီလား မပြောတတ်။ ကျနော်တို့တုန်းကတော့ ကဒ်လုပ်ထားလျှင် ငှားလို့ရ၏။  ဒါပေမဲ့ စိတ်ပျက်စရာက စာရေးဆရာမမများ၏ အပျော်ဖတ်ဝတ္ထုများနေခြင်းပင်။ ကျနော်က စာဖတ်လျှင်တော့ အပျော်ဖတ်ကို လုံးလုံးမဖတ်ပါ။ အနည်းဆုံး ဘာသာပြန်လောက်မှ ဖတ်ပါသည်။ တစ်ခုတော့ရှိသည် ဘတ်ဆဲလ်လားလိုင်းထဲကဆိုလျှင် ငြိမ်းကျော်၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နွမ်ဂျာသိုင်း ဖတ်ခဲ့ စွဲခဲ့ဘူးသည်။ ဒါပေမဲ့ အဲဒါတွေက ရပ်ကွပ်ထဲက အငှားဆိုင်တွေမှာလဲ ရတာပဲ။ စာကြည့်တိုက်က ငှားတဲ့စာအုပ်တွေဆိုတာ ရှားပါး စာအုပ်များ ကျမ်းစာပေများသာ ဖြစ်ရခြိမ့်မည်ဟု ကျနော့်မှာ တယူသန်အစွဲရှိခဲ့ဘူးသည်။ ပြီးတော့ ကျနော်က အဲဒီလို စာလေးကြီးတွေ ဖတ်တာလည်း ပိုဝါသနာပါပါသည်။

ကျနော်တို့ ရပ်ကွက်ထဲမှာဆို တစ်ချို့သူများက ကျနော့်အား ကိုဗဟုသုတ တဲ့။ လူငယ့်ရိပ်သာ စာကြည့်တိုက်ဟူသော ကိုယ်ထူကိုယ်ထ ရပ်ကွက်စာကြည့်တိုက်ကလေးတွင် ကျနော်က ဗဟုသုတဟု လေဘယ်တပ်ထားသော စင်ပေါ်မှ စာအုပ်များသာ ဖတ်လေ့ရှိသူမို့ဖြစ်သည်။ နောက် ရပ်ကွက်ထဲကပင် စာအုပ်အငှားဆိုင်ကလေးကတော့ ကျနော်လာရင် မကြိုက်ချင်။ ၀က်မွှေသလိုပဲဟု ပြောခံရသည်။ ဖတ်ပြီးသည်က များတော့ မဖတ်ရသေးတာကိုး လိုက်ရှာရတာ အမော။

အင်္ဂလိပ်လို နည်းနည်းပါးပါးဖတ်တတ်လာတော့ ဗြိတိသျှ သံရုံး စာကြည့်တိုက်သို့ ရောက်သွားခဲ့သည်။
ထိုနေရာနှင့် ပတ်သက်လို့တော့ ကျနော့်မှာ အကြိတ်အခဲနည်းနည်းရှိသည်။ တကယ့် ဓနရှင်နိုင်ငံက သံရုံးကြီးက လုပ်ထားတဲ့ စာကြည့်တိုက်ကြီးဖြစ်လျက် ကျနော်တို့လို ငမွဲနိုင်ငံလေးအပေါ် စေတနာ ထားပုံမရ။ စီးပွားလာရှာနေတာလို့မြင်သည်။

ဆရာ လူထုစိန်ဝင်းရှိစဉ်ကလဲ ထိုအတိုင်း ပြောခဲ့ဘူးသည်။
ဗြိတိသျှကောင်စီက ဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်းတွေ ဈေးကြီးလှသည့်အကြောင်း။ ကျနော်တို့ကို ဖွံဖြိုးအောင် ကူညီပေးရမည့်အစား ဂုတ်သွေးစုတ်သလို ဖြစ်နေကြောင်း။ အေးပေါ့လေ ... နယ်ချဲ့က စရိုက်မပျောက်ဘူး ထင်ပါ့။
ဘာပဲဖြစ်ဖြစ် ကျနော်အနေနှင့် ထိုစာကြည့်တိုက်လေးကိုတော့ ကျေးဇူးတင်ပါသည်။ သူရှိလို့ပဲ အင်္ဂလိပ်လို ယောင်ဝါးဝါးလေး ဖတ်တတ်လာခဲ့သည်။ အမေရိကန်စင်တာကတော့ ထိုမျှ စာအုပ်မစုံ။ ပြီးတော့ သွားရ ခရီးနည်းနည်းထောက်သည်။ ကျနော်တို့လို ဘတ်စ်ကားနှင့် ကြိတ်နေရသူများအဖို့ မထောင်းတာလှ။

တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကတော့ ကျောင်းသားကဒ်ပါမှ ငှားလို့ရသည် ထင်ပါသည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ ကျနော်တစ်ခါမှ ငှားမဖတ်ဘူးပါ။ အဖိုးတန် ရှားပါးစာအုပ်ကောင်းများစွာ ရှိသည်ဟု ကြားသိရပါသည်။ အခါအခွင့်ပေးလျှင်ဖြင့် ဖတ်ခွင့်ရချင်ပါသေးသည်။

ခုနောက်ပိုင်းတော့ အီးဘွတ်ခေတ်လို့ ပြောရမလား။
ကွန်ပြူတာပေါ်မှာ စာအုပ်ကလေးတွေ တွေ့လာရ၏။ ဘာပဲဖြစ်ဖြစ် ပညာရှာစရာ နေရာကောင်းလေးတစ်ခုပါပဲ။
ဒါပေမဲ့ ဒီက ကော်နက်ရှင်နဲ့တော့ မြင်သာမြင် မကြင်ရ ဖြစ်ရတာကလေးတွေ များပါသည်။ ပြီးတော့ အင်္ဂလိပ်လို စာအုပ်တွေ သိပ်မတွေ့လှ။ ကျနော်ကပဲ မရှာတတ်တာ ဖြစ်ပါလိမ့်မည်။ နောက် တစ်ချို့ စာအုပ်တွေကျတော့လဲ အသံလွှင့်မီဒီယာတွေက စာအုပ်အညွှန်းတွေကို ပြန်တင်ထားတာ ဖြစ်နေပြန်သည်။ ကျနော်ခံရတာ တော်တော်များပြီ။ ဟိုတစ်ရက်ကတင် ဖတ်ချင်လှသော ဦးတင်မောင်ဝင်း၏ နိုင်ငံရေးနှင့် နိုင်ငံေ၇းသမားဆိုသော စာအုပ် အွန်လိုင်းပေါ်မှာ ဒေါင်းလုပ်ရလို့ ယူလိုက်၏။ အိမ်ကျတော့ ကြည့်တော့မှ စာအုပ်စင်ကဏ္ဍတစ်ခုက ညွှန်းထားတာတွေ ဖြစ်နေသည်။

စာအုပ်ကောင်းတွေကတော့ ခုတလော အတော့်ကို ထွက်ပါသည်။ ကျနော့်အဖို့တော့ ပန်းဆိုးတန်းက စာအုပ်အဟောင်းတန်းကလေးကို ပြေးရတာပါပဲ။ အဲဒီနေရာကလေးကိုက ကျနော်ကျင်လည်ခဲ့တာ နှစ်၂၀ကျော်ပြီ။ မှတ်မှတ်ရရ ၁၅နှစ်အရွယ် ၁၀တန်းကျူရှင်တွေ တက်စကတည်းက ဆိုတော့ နှစ်၂၀ကို တော်တော်ကြီးကျော်ခဲ့ပြီပေါ့။ အရင်က ကဗျာဆရာ ဦးစိုးမြင့်သိန်းရှိသည်။ အခုတော့ မတွေ့မိ။ စာအုပ်ရောင်းသူအများစုက ကျနော်နှင့် ဘော်ဒါတွေ ဖြစ်နေကုန်ပြီ။ စာတစ်အုပ်မှ မ၀ယ်ပဲ တစ်နေကုန် ထိုင်ဖတ်နေလည်း ဘာမှမပြော။ တစ်ခါတစ်လေ ပိုက်ဆံပါမလာရင် အကြွေးယူသွားလို့လည်း ရ၏။ ပြီးတော့ ခုမှ ဖွင့်ချရဦးမည်။

နိုင်ငံရေး ရှားပါးစာအုပ်များကိုလည်း သူတို့တွေဆီက ရခဲ့ဘူးသည်။
မူရင်းတော့ မဟုတ် မိတ္တူများသာ။ သို့သော် တစ်ခေတ်တစ်ခါကတော့ အဲဒါလေးတွေ ဖတ်ရတာကိုပင် ၀မ်းသာနေရသည့်အဖြစ်။
အဲဒီစာအုပ်တွေကလည်း လက်ဝယ်တွေ့ရှိလျှင်ပင် တန်း၍နှစ်အစိတ်လောက် အောင်းသွားရနိုင်သည် မဟုတ်လား။
ထိုနေရာမှပင် ... အောင်ဆန်းကို ဘယ်သူသတ်သလဲ တို့။ တာတေစနေသားတို့။ နာခံမှုကို ဆန်းစစ်ခြင်း တို့။ ခြောက်တိုက်မှာ လောက်ကိုက်ခံရဲသလားတို့၊ ကျောင်းသား ထောင် နိုင်ငံရေးသမား စသဖြင့် ရှားပါး နိုင်ငံရေးစာအုပ်တွေ ဖတ်ခဲ့ရ၏။

ကဗျာဆရာမောင်အောင်ပွင့်က ထိုနေရာလေးကို နာမည်ပေးဘူး၏။ အလျားရှည်ရှည်နဲ့ စာကြည့်တိုက်ကလေး ... တဲ့။
အခုတော့ ...
မနက်က ထိုနေရာလေးဆီရောက်သည့်အခါ အသိ စာအုပ်ရောင်းသမား တစ်ဦးက ပလက်ဖောင်းတစ်နေရာသို့ လက်ညှိုးညွှန်ပြသည်။ ၀ါးလုံးကလေး ထောင်ထားသည့် အမှတ်အသားတစ်ခု။

'ငါတို့ ဒီမှာ နောက် မရောင်းရတော့ဘူးနဲ့ တူတယ်ကွာ'
တဲ့။ ဘာလို့လဲ မေးတော့
'လမ်းချဲ့တော့မှာလေ၊ ပလက်ဖောင်းတွေ လျှော့မှာ၊ တို့ဘယ်သွားရောင်းမလဲ'
တဲ့။

အမျိုးသားစာကြည့်တိုက်ကို ကျနော်တို့ ဆုံးရှုံးခဲ့ရပြီးပြီ။
ပြည်သူ့စာကြည့်တိုက်ကရော ရှိတော့ရဲ့လား မသိ။
နိုင်ငံခြားသံရုံးစာကြည့်တိုက်တွေက ပိုက်ဆံလှိမ့်ပိန့်ယူက စီးပွားရှာနေဆဲ။
ယခု ...
အလျားရှည်ရှည်နှင့် စာကြည့်တိုက်ကလေးကိုပါ ကျနော်တို့ ဆက်လက်ဆုံးရှုံးရဦးတော့မည် ထင်ပါသည်။

ဟိုးနိုင်ငံရပ်ခြား တိုင်းပြည်တွေမှာတော့ ပညာလိုချင်သူများအဖို့ ပညာရှာရသည်မှာ မိဘအိမ် ထမင်းတက်စားရသလိုပါပဲ။
လိုလိုချင်ချင်။ ကိုယ့်ဘေးကတောင် ယပ်ခတ်ကျွေးနေလိုက်သေး။ ငါ့သားလေး စားဟဲ စားဟဲ့ဟူသော ပီတိမျက်နှာနှင့်။
အင်း ကျနော်တို့ဆီမှာရော ...။
သြော် ... စကားပုံလည်း အရှိသားပဲ။ ပညာရှာ ပမာ သူတောင်းစား ... တဲ့။

သွန်းနေစိုး

Credit>>>> Thorn Nay Soe

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။