Friday 15 February 2013

ကထိန် Gangnam Style ....................




ကထိန် လှည့်လည်လာသော ကားတန်းကြီးကို မြန်မာထဘီနှင့် ရင်ဖုံးနှင့် အကျအန အနောက် နိုင်ငံသူက လမ်းဘေးမှ ဝမ်းပန်းတသာ အားရပါးရ ဓာတ်ပုံရိုက် နေသည်။ သူ့ဘေးတွင်လည်း နိုင်ငံခြားသား အမျိုးသားက လုံချည်ကို ပုံပျက်ပန်းပျက် ဝတ်ပြီး တပြုံးပြုံးနှင့် ကားတန်း ကို တငေးတမော။ အားလုံးက ကြည်နူးစရာ ဆွတ်ပျံ့စရာ။ မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာ ကထိန်ဘာသာရေး ပွဲတော်ကို ဧည့်သည် မြန်မာ ဆန်လိုသူက စိတ်ဝင်တစားနှင့် မှတ်တမ်း တင်နေခြင်း။ သို့သော် နေပါဦး။ တစ်စုံတစ်ခု အကြီးအကျယ် မှားယွင်းနေသည်။ OOOOOO hhhhhh sexy laddyyyyyyy။ ဗုဒ္ဓေါ၊ ဘုရားရေ။ Opa Gangnam Style သီချင်းနဲ့ ကထိန်ခင်း လာတာပါလား။ 

အတော် ရုပ်ပျက်ဆင်းပျက် နိုင်လှသည့် မြင်ကွင်း။ ဓာတ်ပုံရိုက်သူ တစ်ပြည်သူက မြန်မာဆန်ဆန်၊ အရိုက်ခံရသူ များက ဖားတစ်ပိုင်း ငါးတစ်ပိုင်း။ ယိုသူမရှက် မြင်သူရှက်၊ ရှက်လိုက်သည် ဖြစ်ခြင်း။ ရပ်ကွက် တွင်းရှိ ကထိန်ပွဲများ တွင်လည်း ထို အိုပါးဂန်းနန်း စတိုင်က ကြီးစိုး နေသည်တဲ့။ ညကြီးမိုးချုပ်ထိ ထိုဂန်းနန်းစတိုင်နှင့် နားတစ်ဆူဆူ လူကြီးသူမ ရုံးကပြန်လာသူ အိပ်လို့မရ နားလို့မရ။ တစ်ချိန်လုံး ဂန်းနန်းစတိုင်။

ခေတ်အလိုက် သည်လိုတော့ ရှိမှာပေါ့၊ သူ့ခေတ်နဲ့ သူ့အခါ သည်လိုပဲလေ ဆိုလိုသူတို့ ရှိကြမည်။ သို့သော် ဘယ်နှုန်းစံ ဘယ်ပေတံ နှင့်တိုင်းတိုင်း ကထိန်နှင့် Gangnam ကတော့ မဆီလေးတဲ့မှ မဆိုင်ဟု ဆိုရလိမ့်မည်။ ညကလပ်တွင်၊ မွေးနေ့ပွဲတွင်၊ ညနေခင်း မင်္ဂလာဧည့်ခံပွဲ တွင်၊ ပါတီတွင် ကြိုက်သည့် နေရာဖွင့်၊ ကချင်သလိုက။ သို့သော် ကထိန် ကဲ့သို့ ဘာသာရေး၊ ယဉ်ကျေးမှု ရောယှက်နေသည့် အထွတ်အမြတ် ထားရသော ပွဲလမ်းမျိုးကို ထိုသီချင်းဖြင့် လှည့်လည် လာသည်မှာ အမြင်မတင့်တယ်။ အရပ်ရပ် ကြားလို့မှမတော် ဆိုလောက်အောင် ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။ သီချင်းဖွင့်သော သူများကိုပဲ မနိုင်လို့ လား၊ ခင်းလာသော လူကြီးမင်း များလည်း သီချင်းထဲက သံပြိုင်အလိုက် အတိုင်း လုပ်ချင်လို့ပဲလားမသိ။ ကထိန် ကားတန်းကြီး များကတော့ အိုပါးဂန်းနန်း စတိုင်ကို အသံ ကျယ်ကျယ်လောင်လောင် ဖွင့်ပြီး ရန်ကုန်မြို့အနှံ့ လှည့်လည် ခဲ့ကြသည်မှာ ကြားရနားဝမချမ်း သာ၊ အမြင်မတော် ဆင်တော်နှင့် ခလောက်။ သူတို့ ကိုရီးယားရိုးရာ ယဉ်ကျေးမှုပွဲတွင်ပင် ကိုရီးယား ခေတ်ပေါ်သီချင်း K-Pop အမျိုးအစား Gangnam Style ဖြင့် ကျင်းပမည် မဟုတ်။

မြန်မာ့ ယဉ်ကျေးမှု ထိန်းသိမ်းရမည် ဆိုသောကြောင့် သျှောင်ထုံး ကြီးထုံး၊ တောင်ရှည် ပုဆိုးဝတ်၊ ထိုင်မသိမ်းဖြင့် နေရမည် မဆိုလိုပါ။ ယခုကဲ့သို့ စားသုတ်သုတ်၊ လာသုတ်သုတ်၊ သွားသုတ်သုတ် သုတ် သုံးကျမ်းနင်း ခေတ်ကြီးထဲတွင် မြန်မြန်ထက်ထက် ပြေးနိုင်လွှားနိုင် တက်နိုင် ဆင်းနိုင်ရန် လိုက်ဖက်သော အဝတ်အစားများ ဝတ်စားဖို့ လို သည်။ သီချင်းကြီး သီချင်းခန့် များသာ နားထောင် သီကျူးရမည် မဆိုလို။ ယဉ်ကျေးမှု ဆိုသည်မှာ ရေသေမဟုတ်၊ တစ်နေရာတွင် ရပ်တန့်မသွား၊ ရေရှင်ကဲ့သို့ စီးဆင်းနေသည်။ ယဉ်ကျေးမှုသည် လူလုပ်သောအရာ ဖြစ်သောကြောင့် လူပြောင်းလျှင်၊ ခေတ်ပြောင်းလျှင် လိုက်ပြောင်းသည်။ ပုဂံခေတ်က မြန်မာတို့နှင့် ယခုခေတ် မြန်မာတို့ ဒီသွေး ဒီသား ဒီလူတွေ အတူတူ ဖြစ်ကောင်းဖြစ်မည်၊ ဝတ်ပုံစားပုံနေထိုင်ပုံ ယဉ်ကျေးမှုကား တူမည် မဟုတ်တော့။ သို့သော် မြန်မာဆိုလျှင် မြန်မာမှန်းတော့ ကြည့်လိုက် သည်နှင့် သိရန်လိုသည်။ မြန်မာဟု ဆိုလိုက်လျှင် အရိုးခံ အခြေခံတော့ တူရမည်။

ယဉ်ကျေးမှုသည် ပါဝါအနု Soft Power ဖြစ်သည်။ လူကြိုက် များသော ယဉ်ကျေးမှုသည် အခြားနိုင်ငံများ၊ လူမျိုးများကို သြဇာညောင်း သည်။ အခြေခံ ခိုင်မာ တောင့်တင်းခြင်းနှင့် ဖြန့်ဖြူးသည့် ကိရိယာ ကောင်းမွန်ခြင်းတို့ ပေါင်းစပ်နိုင်လျှင် ထိုယဉ်ကျေးမှုသည် Soft Power ဖြစ်လာသည်။ အမေရိကန် ယဉ်ကျေးမှုသည် အမေရိကန်၏ Soft Power ၊ တရုတ်ယဉ်ကျေးမှုသည် တရုတ်၏ Soft Power ဖြစ် သည်။ 

ပါဝါအနု၏ အစွမ်းကိုသိသော နိုင်ငံကြီးများသည် မိမိနိုင်ငံ၏ ပါဝါနု အားတက်အောင် အစဉ်ကြိုးစား နေသည်။ အမေရိကန်၏ ဟောလိဝုဒ်ရုပ်ရှင်၊ ဂျင်း၊ ကိုကာကိုလာ၊ ဒီမိုကရေစီ တို့သည် တစ် ကမ္ဘာလုံးကို သြဇာညောင်းသည်။ တရုတ်ကလည်း တရုတ်ဘာသာ စကား သင်တန်းများ၊ ကွန်ဖြူးရှပ်ကျောင်း (Confucius Institute) များကို ကမ္ဘာအနှံ့ လိုက်လံ ဖွင့်လှစ်ခြင်းဖြင့် တရုတ်၏ Soft Power ကို မြှင့်တင်ရန် မီးကုန်ယမ်းကုန် ကြိုးစားနေသည်။ တောင်ကိုရီးယား ၏ K-Pop ကိုရီးယား ခေတ်ပေါ် ယဉ်ကျေးမှု (ဂီတ၊ ကိုရီးယား ဇာတ်လမ်းတွဲ) တို့သည် အရှေ့တောင်အာရှ တစ်ခွင်နှင့် အရှေ့မြောက် အာရှနိုင်ငံအချို့ကို သြဇာ လွှမ်းမိုးနေသည်။ ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ခရီးစဉ်တွင် ကိုရီးယား သရုပ်ဆောင်များ လာရောက် တွေ့ဆုံကြသည်မှာ ပါဝါအနုကို မြှင့်တင်ခြင်း ဗျူဟာ တစ်ရပ်ဟု ယူဆနိုင်သည်။ အခြားနိုင်ငံ၏ မြင့်မားသော ပါဝါနုသည် မိမိနိုင်ငံကို လာရောက် လွှမ်းမိုးတတ်သည်မှာ ဓမ္မတာ၊ သို့သော် မိမိ ယဉ်ကျေးမှုကို ဝါးမျိုသွားသည် အထိ ဖြစ်လျှင်မူ လူမျိုးပျောက်သွားပြီ။

ကိုယ်ခံအားကောင်းသော ယဉ်ကျေးမှုသည် မိမိထံသို့ဝင်လာ သော ယဉ်ကျေးမှုကို မိမိလက်ရှိနှင့် ပေါင်းပြီး မိမိယဉ်ကျေးမှုအဖြစ် ဖန်တီးလိုက်သည်။ သူ့ယဉ်ကျေးမှု၏ ဝါးမျိုခြင်းကို မခံလိုက်ရ။ မြန်မာ တို့သည်ယဉ်ကျေးမှု အားကောင်းလှသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံအကြား နှစ်ထောင်ချီ နေခဲ့ကြသည်။ ထိုသို့ နေလာခဲ့သော်လည်း မြန်မာတို့သည် သူ့ဟန်နှင့်သူ သူ့ယဉ်ကျေးမှုနှင့် သူ ကျန်ခဲ့သည်။ တရုတ်၊ အိန္ဒိယ ယဉ်ကျေးမှုတို့ ပါဝင်သော်လည်း ရောစပ်ပေါင်းဖက်ကာ အိမ်ခံ ယဉ်ကျေးမှုနှင့် ရောနှော လိုက်နိုင်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်း ထားနိုင်ကြသည်။

သင်္ကြန်ပွဲသည် မြန်မာ့ယဉ်ကျေးမှု ပွဲသဘင်ထက် မြန်မာ့ ယဉ်ကျေးမှု ယိုယွင်း နေခြင်းကို လှစ်ဟပြသည့် ပွဲသဘင် ဖြစ်လာသည်။ မြန်မာ သင်္ကြန်သည် မြန်မာတို့ တစ်တွေ လှည်းနေလှေအောင်း မြင်းဇောင်း မကျန် တပျော်တပါး ဆင်နွှဲကြသည့် ရိုးရာ နှစ်သစ်ကူးပွဲ။ ယခုနှစ်များ တွင် သင်္ကြန်သည် ရေပက်ရုံက လွဲပြီး မြန်မာ့ ယဉ်ကျေးမှုရနံ့ နည်းသည် ထက် နည်းလာသည်။ ပျော်ပွဲရွှင်ပွဲ အရက်သောက်ပွဲ အော်ဟစ်ပွဲများ ကို ရေပက်ရင်း ဆင်နွှဲကြသည် ထက် မပိုသော ပွဲတစ်ပွဲ ဖြစ်လာခဲ့ သည်။ ကျန်သည့်အချိန်တွင် ကဲ့ရဲ့ ရှုတ်ချခံရမည့် အပြုအမူမျိုး များကို သင်္ကြန်နှင့် ရောကြိတ်ပြီး အခွင့်ကောင်း ယူကြသည့် ပွဲသာသာ ဖြစ်လာသည်။ ထိုင်းကဲ့သို့ နိုင်ငံများတွင် ပင် ညကလပ်၊ ရာဂ နိုးဆွသည့် ကြည့်ချင်ပွဲများ၊ Sexy Show များတွင်သာ မြင်ရနိုင်သည့် ရမ္မက် ထန်စေသည့် တိုင်ပတ် အကမျိုးကို သင်္ကြန်တွင်း စင်ပေါ်တွင် ရက်ရက် ရောရော ကပြ အသုံးတော် ခံနိုင်သည်။ ချစ်သူရည်းစား လင်မယား ဆိုလျှင်ပင် ဆိတ်ကွယ်ရာ တွင်သာ ဆောင်ရွက်သင့်သည့် အပြုအမူမျိုးကို အဝေးကပင် မြင်နိုင်သည့် ရေပက် စင်မြင့်ပေါ်တွင် ဝင့်ဝင့်ကြွားကြွား ပြုလုပ် လာကြသည်မှာ မထိတ်သာ မလန့်သာ ရှိလိုက်သည့် ဖြစ်ခြင်း။

မြန်မာနိုင်ငံသည် အတော်ထူးဆန်းသည်။ မြန်မာနိုင်ငံတွင် စိစစ်ဖြတ်တောက်ခြင်း ကြမ်းသည့် ခေတ်ကပင် မက်ဒေါနားတို့၊ ဘရစ်တနီစပီးယားတို့ ကပြ အသုံးတော် ခံလျှင်ပင် မျက်ခုံးပင့် ဝေဖန် ခံရသည့် အကမျိုးကို ဆင်ဆာဖြတ်ခြင်း မရှိ။ ရဲရဲကြီး စင်မြင့်ထက်တွင် ကပြ သူက ကပြ၊ ကြည့်ရှုသူကလည်း ကြည့်ရှုနှင့် အတော် အလုပ်ဖြစ်နေ ကြသည်။ မသိသလိုလို သိသလိုလိုဖြင့် ထိုဖျော်ဖြေပွဲ များသည် ခိုးကူးခွေ များမှ တစ်ဆင့် ဈေးသက်သက်သာသာ ဖြင့် မြန်မာနိုင်ငံ တစ်နံတစ်လျား သို့လည်း ရောက်ခဲ့ပြီ။ ယဉ်ကျေးမှုလည်း စီးကူး၊ အတုမြင် အတတ်သင်၊ မသိလိုက် မသိဘာသာ လက်ခံခဲ့ပြီ။

ကမ္ဘာကြီး တစ်ခုလုံး သေးငယ် ကျုံ့ဝင်သွားအောင် ဆက်သွယ်ရေး နည်းပညာ၊ ပို့ဆောင်ရေး နည်းပညာများ မြင့်မား တိုးတက်နေသည့် ကမ္ဘာ့ရွာ ခေတ်ကြီးတွင် အတွေးအခေါ်များ၊ အကြံဉာဏ်များ၊ ယဉ်ကျေးမှု များ လွတ်လွတ်လပ်လပ် စီးကူးသည် ဆိုသော်လည်း ယဉ်ကျေးမှု ပျံ့နှံ့ အားကောင်းသော ယဉ်ကျေးမှုက သာလွန် စီးကူးပြီး၊ အားနည်းသော ယဉ်ကျေးမှုကို ဝါးမျို သွားမည်မှာ မြေကြီး လက်ခတ်မလွဲ။

အိုပါးဂန်းနန်း စတိုင်နှင့် ပျော်ပျော်ပါးပါးကြီး လှည့်လည်လာ သော ကထိန် ကားတန်းကြီးကို မြန်မာဝတ်စုံဝတ် နိုင်ငံခြားသူက စုံစုံမက်မက် တဖျပ်ဖျပ် ဓာတ်ပုံ ရိုက်ကူးနေဆဲ။ လမ်းဘေးဗန်းထဲ တွင် ခင်းထားသည့် ပြည်ပသားများ ကြားထဲမှ မြန်မာ ဝတ်စုံပြည့် ဒေါ်အောင်ဆန်းစုကြည် ပုံ မျက်နှာ ဖုံးဖြင့် ဂျာနယ် စာရွက် တို့လည်း လေတိုက်ထဲတွင် တလွင့်လွင့် တလွင့်လွင့်။

(မိုးညွန့်လုလင်)
credited>>>>> The Voice Weekly 

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။