Saturday 27 April 2013

တပ်မတော်သည် တိုင်းပြည်၏ သွေးကြော ဖြစ်သည်


တပ်မတော်သည် တိုင်းပြည်၏ သွေးကြော ဖြစ်သည်

 ဒီဆောင်းပါးကို လွန်ခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ကတည်းက တင်ဖို့ပါ။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ အင်တာနက် အွန်လိုင်းမသုံးဖြစ်တာကြောင့် အခုမှပြန်တင်လိုက်ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးအား တပ်မတော်သားတစ်ယောက်မှ ရေးခဲ့ခြင်းဖြစ်သလို တပ်မတော်သားများအား လေးနက်သေချာစွာ ဖတ်ရှုနိုင်စေဖို့ ရည်ရွယ်၍ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။

မေမြို့သားလေး

 မြန်မာ နိုင်ငံတော် ကြီးမှာ စစ်တီးဝိုင်း တေးသံများ၊ စစ်ချီတေးများ သီဆို၍ စစ်ကြောင်းကြီးများ ချီတက်ပြီး နိုင်ငံတော်အလံ လွှင့်ထူလျက် အလေးပြု ၍ နေကြသော စစ်သည်တော် များကို တွေ့မြင် ကြရပါတော့မည်။ ထိုနေ့ ကား မတ် ၂၇ ရက် (၆၈)နှစ်မြောက် တပ်မတော်နေ့ ဖြစ် ပါသည်။ မြန်မာပြည် အတွက် ထူးကဲသော နေ့အဖြစ် တည်ရှိ နေပါသည်။

ပြည်သူနှင့် တပ်မတော် ရင်းနှီးစွာ တွေ့ရသောနေ့၊ မိဘ ပြည်သူများ ကိုယ်တိုင် ကိုယ်ကျ တပ်မတော်သား များကို ဂုဏ်ပြုရသည့် နေ့ပင် ဖြစ်ပါသည်။ ပြည်သူနှင့် မိသားစု သွေးရင်း သားရင်းများ၊ စိတ်သန္တာန်များ ပျော်ရွှင် ချမ်းမြေ့သောနေ့၊ အောင်ပန်းများ ဝေဆာစွာ လှပနေမည့်နေ့၊ လူတိုင်း၏ ဘဝင် နှလုံးကို ပီတိဖုံးရင်း ပျော်ရွှင်ရသော နေ့ဖြစ်ပါသည်။ စိတ်များမှာ ရွှင်လန်း တက်ကြွလျက် ရှိကြသည်။ မိမိ တွေ့ရမည့် နံနက် ချိန်ခါ တပ်မတော်သား များ၏ မျက်နှာများမှာ တည်ကြည် ခံ့ညားလျက် ဖြောင့်တန်းသော ခြေလှမ်းများ ဦးတည်ချက် ဆီသို့ တည့်တည့် မတ်မတ် ညီညာစွာ တစ်စိတ် တစ်ဝမ်းတည်း၊ တစ်သွေးတည်း၊ တစ်မိန့်တည်းနှင့် ရပ်တည်၍ တိုင်းပြည် အတွက် ချိန်ခါမရွေး အသင့် အနေအထား ရှိနေကြသည်။ နိုင်ငံ့ဂုဏ်ကို ဆောင်ထားသော (ကြည်း၊ ရေ၊ လေ) တပ်မတော်သား များနှင့် မီးသတ်၊ ကြက်ခြေနီ စစ်သည် အားလုံးအား လေးစားလျက် ဂုဏ်ယူရမည့် အချိန်ကောင်းမို့ တပ်မတော်သည် ပြည်သူ့အား၊ ပြည်သူ့အားသည် တပ်မတော်ပင် ဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော်သည် ပြည်သူ အတွက်သာ ဖြစ်ပါသည်။
တပ်မတော်သား များသည် တိုင်းပြည်နှင့် လူမျိုးအတွက် စွမ်းရည် သုံးရပ်နှင့် ရပ်တည်ခဲ့သည်။ တိုက်ခိုက်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည် တို့ဖြင့် အလေ့အကျင့် ကောင်းများ စောင့်ထိန်းမှု၊ စည်းကမ်းနှင့် အမိန့် နာခံ၍ တိကျစွာ လိုက်နာတတ်မှု၊ အမိန့်နှင့် ပေးအပ်သည့် တာဝန်ကို မမှိတ်မသုန် ကျေပွန်စွာ ဆောင်ရွက်မှု အကျင့်ကောင်းများဖြင့် ရပ်တည် ခဲ့ပါသည်။
တိုင်းပြည် တစ်ပြည်တွင် တပ်မတော်သည် မရှိမဖြစ် ရပ်တည် ထားရမည်။  တိုင်းပြည်၏  ဂုဏ်သိက္ခာသည် တပ်မတော် ဖြစ်ပါသည်။ အရာရာတွင် ရဲရင့် ပြတ်သားစွာ မားမား မတ်မတ် ရပ်တည် နိုင်ခဲ့သည်။ တိုင်းပြည်၏ အမာခံ အဖြစ် ရပ်တည် နေသည်မှာ တပ်မတော်ပင် ဖြစ် ပါသည်။
တပ်မတော်သည် တိုင်းပြည်၏ အောင်မြင်မှု များစွာကို ပေးစွမ်းနိုင်သော အစွမ်းသတ္တိ ရှိ၏။ တိုင်းပြည်နှင့် လူမျိုး မတိမ်ကောအောင် ရှေ့တန်းမှာ အမြဲ ရှိနေပြီး  မည်သူမှ ဝင်ရောက် ကျုးကျော် စော်ကားမှုကို မခံရအောင် ရှေ့တန်း၊ နောက်တန်းမှ  နည်းမျိုးစုံနှင့် ကာကွယ် ပေးနေသော တပ်မတော်ပင် ဖြစ်ပါသည်။ ကိုယ့်နိုင်ငံ ကောင်းစားမှု၊ ကိုယ့်လူမျိုးကို သူတစ်ပါး အထင်သေးခြင်း မခံရအောင် ကူညီခြင်း၊ တိုင်းတစ်ပါးကို အားကိုး၍ မနေဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်သော ယုံကြည်မှု ပြည့်ဝ စွာဖြင့် နိုင်ငံတော် အတွက် အဘက်ဘက်မှ လုံလောက်စွာ ဖြည့် ဆည်း ပေးနေသော တပ်မတော် ဖြစ်ပါသည်။ ဤကဲ့သို့ လုပ်ဆောင်ရန် အမြဲ လေ့ကျင့် ပေးပြီးသား ဖြစ်သည်။
တပ်မတော်သား များသည် တည်ကြည်ခြင်း၊ ဆုံးဖြတ်ချက် မြန်ခြင်း၊ အမိန့် နာခံတတ်ခြင်း၊ သစ္စာရှိခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ တိကျစွာ ပြုလုပ်တတ်ခြင်း၊ ရဲရင့်ခြင်း၊ သက်လုံကောင်းခြင်း၊ မိသားစု စိတ်ဓာတ်ရှိခြင်း(တပ်ဖွဲ့စိတ် ရှိခြင်း)၊ အချိန်ကို တိကျစွာ လိုက်နာ တတ်ခြင်း စသည့် အရည်အချင်းကောင်း ရှိသူများ ဖြစ်ကြသည်။
ထိုသို့သော အချက်များနှင့် တပ်မတော်သား များ၏ အရည်အချင်း များနှင့် အရည်အသွေးကို မွေးမြူလျက် ပေးအပ် လာသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်မှာ မြန်မာ့ တပ်မတော် တည်ဆောက် ပြီးချိန်မှ ယခု အချိန်ထိ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း တာဝန်များကို ယူခဲ့ကြသည်။ နိုင်ငံတော် အတွက် အရာရာတွင် အသက်နှင့် ခန္ဓာ မငဲ့ကွက်ဘဲ သက်စွန့်ဆံဖျား စွန့်လွှတ် စွန့်စားခဲ့ရသော တပ်မတော်သား များလည်း အမြောက်အမြား ရှိခဲ့ပါသည်။       
ထိုသို့ လုပ်ဆောင်သည့် အတိုင်း တပ်မတော်သည် ဘက်စုံမှ ထာဝရ ကာကွယ်ရုံ သာမက လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဆက်လက်၍ တာဝန်များကို ရွက်ဆောင်နေသော ကာလ ဖြစ်ပါသည်။
ကျွန်မတို့ မြန်မာ နိုင်ငံတော်၏ တပ်မတော်သည် မရှိမဖြစ် ရပ်တည်နေမှ၊ ခိုင်မြဲနေမှ၊ ကာကွယ် စောင့်ရှောက်နေမှ၊ နိုင်ငံတော် အတွက် လုံခြုံမှု ရှိနေမှသာ ပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ လက်တွဲမပျက် အေးချမ်းစွာ နေထိုင်ပြီး စိတ်ချမ်းသာ ပျော်ရွှင်စွာ ဘဝကို ရပ်တည် နိုင်ကြမည် ဖြစ်ပါသည်။ သို့မှလည်း တိုင်းရင်းသား များနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြီး မပြိုကွဲဘဲ ချစ်ခင် ရင်းနှီးစွာ နိုင်ငံတော်ကို ဆက်လက် တည်ထောင် သွားနိုင်ပေမည်။
ထို့ကြောင့် တိုင်းပြည် အတွက် အဓိက ကျသော တပ်မတော်၊ အရေးပါ လှသည့် တပ်မတော်သာ ဖြစ်ပါသည်။ထိုသွေးကြောကြီးသည် ဘယ်အချိန် အခါမှ ပျက်စီး ပြတ်တောက် သွား၍ မဖြစ်ပါ။ တပ်မတော်သည် နိုင်ငံတော်၏ အချက်အချာ အရေးကြီးသည့် ကဏ္ဍမှာ ရှိနေပါသည်။
တပ်မတော် ဟူသော မဏ္ဍိုင်ကို အားပြုသည့် သာယာ အေးချမ်းသော နိုင်ငံတော် ဖြစ်မှသာ နိုင်ငံတော်ကို မှီခို နေကြသော ပြည်သူနှင့် တပ်မတော် သားများ အတူ လက်တွဲလျက်မည်သည့် ရန်သူ၊ မည်သည့် အနှောင့်အယှက် မျိုးကို မဆို မဝင်ရောက် နိုင်အောင် အစဉ် ထာဝရ စောင့်ရှောက် နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်ကို ဖျက်ဆီးသူ မှန်သမျှ ချေမှုန်းမည်။နိုင်ငံတော်ကို နှောင့်ယှက်သူ မှန်သမျှ တွန်းလှန်မည် ဆိုသည့် တပ်မတော်သား တိုင်း၏ ဇွဲ၊ သတိ၊ ဝီရိယ၊ သတ္တိ၊ ဥာဏ်ပညာများနှင့် အမြဲတမ်း တည်နေရသည့် တပ်မတော် ဖြစ်ပါသည်။
ထိုသို့ နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်မတော်သည် ဒွန်တွဲလျက် ရှိနေသည့် အတွက် တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖ ဖြစ်သည်။ တပ်မတော်သည် မိမိ၏ မြန်မာပြည်ကြီး ဖွံ့ဖြိုး တိုးတက်မှု အဖုံဖုံကို အလေးအနက် ထားကြပါသည်။ စေတနာ၊ မေတ္တာ သာမက သွေး၊ ချွေးများနှင့် အစဉ်အမြဲ တာဝန်ယူ ပေးနေသော တပ်မတော် ဖြစ်ပါသည်။
 ပြည်သူ့သားကောင်းများ ပီပီ ပေးအပ်သော တာဝန်ကို ယူရဲ၍ အလုပ်ကို ကျေပွန်အောင် နေ့ညမရွေး ရွက်ဆောင်ပေး နိုင်ပါသည်။
တိုင်းပြည်အတွက် အင်အားကောင်းသည့် တပ်မတော် လိုအပ်ပါသည်။ တပ်မတော်နှင့် ပြည်သူ ခွဲခြား မရပါ။ ပြည်သူ့ သွေးသားထဲမှ ပေါက်ဖွားလာသည့် မျိုးချစ် စိတ်ဓာတ် အခြေခံကောင်းကြောင့် ဘယ်သူခွဲခွဲ  ဒို့မကွဲ၊ တပ်မတော် အပေါ်မှာလည်း ဘယ်တော့မှ သစ္စာမဖောက်၊ စည်းလုံးခြင်း၊ ညီညွတ်ခြင်းနှင့် တပ်မတော်သား များ၏ တစ်ဦးချင်း အရည်အချင်းများဖြင့် စနစ်တကျ ဖွဲ့စည်းထားခြင်းကြောင့် တိုးတက် တောက်ပြောင် အမြဲတမ်း အရောင်တင် မွမ်းမံ၍ လိုအပ်သည်များကို ပြင်ဆင်လျက် တိုင်းပြည် အတွက် အသင့် ရှိနေပေပြီ။
ထို့အတွက်ကြောင့် ယခုနှစ်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် တပ်မတော်နေ့ အတွက် တစ်နှစ်နှင့် တစ်နှစ် စဉ်ဆက်မပြတ် လေ့ကျင့်မှု များနှင့် အတူ အားကြိုးမာန်တက် ရှိပေသည်။ စစ်သည်များ၏ စစ်ချီ တေးသံများနှင့် အတူ နောင်လာ နောက်သားများ အတွက်၊ တိုင်းပြည်အတွက် ဂုဏ်ဆောင်၍ လေ့ကျင့်နေသော တပ်မတော် ကျောင်းကြီးမှ ကျောင်းသား စစ်သည်များသို့ လက်ဆင့်ကမ်း အမွေပေးရန် လက်တွဲ ခေါ်ဆောင်၍ တာဝန်ကို အစဉ် ယူသွားရမည့် သားကောင်း စစ်သည်များပေတည်း။
တပ်မတော်က ဦးဆောင်၍ ကျောင်း၊ တံတား၊ လမ်း၊ ဆည်မြောင်း၊ တာတမံများ တည်ဆောက် ပေးလျက် ရှိသည်။
စာပေ၊ ကျမ်းဂန်များကို နည်းလမ်းမှန်ဖြင့် ဖော်ထုတ် အားပေးလျက် ရှိသည်။ ဆက်သွယ်ရေး၊ သွားလာရေး ကောင်းမွန်စေရန် စီမံပေးလျက် ရှိသည်။ ပြည်သူများ ကျန်းမာ၊ ပညာ၊ လူနေမှု၊ စီးပွားများကို နယ်စပ် ဒေသများပါ မကျန် ဖွံ့ဖြိုး တိုးတက်နေရန် လေကြောင်း၊ ရေကြောင်းမှ အစ အမြော်အမြင် ကြီးစွာ စေတနာ၊ မေတ္တာထားလျက် အားသွန်ခွန်စိုက် လုပ်သင့်သည် များကို အမြဲတွေးတော ကြံဆကာ လုပ်ဆောင်ပေးလျက် ရှိပေသည်။
ထိုသို့ တိုင်းပြည်အတွက် ဘက်စုံ လုပ်ဆောင် ပေးနေသော တပ်မတော်သည် တိုင်းပြည်၌ မရှိမဖြစ်ပါ။ တိုင်းပြည်၏ သွေးကြောသဖွယ် ဖြာထွက်၍ ကာကွယ် စောင့်ရှောက်နေသော တပ်မတော်သည် နောင်မျိုးဆက်သစ် အတွက်၊ နောင်လာနောက်သား အတွက် ကောင်းသော အစဉ်အလာ များဖြင့် အမျိုးသားရေးလည်း သစ္စာမဖောက်၊တိုင်းပြည်နှင့် လူမျိုးကိုလည်း သစ္စာ မဖောက်သည့် တပ်မတော် ဖြစ်ပါသည်။ မိမိ တပ်မတော် အပေါ်၌ ယုံကြည်စွာ ရပ်တည်နေသည့် သတ္တိများနှင့် အတူ ရှင်သန်နေသော တပ်မတော်၏ ဂုဏ်သိက္ခာကို လေးစားစွာဖြင့် တစ်နှစ်တစ်ကြိမ် ပိတောက်ပန်း တို့နှင့်အတူ ပွင့်လန်းနေသော ယခုနှစ်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် တပ်မတော် နေ့တွင် တပ်မတော်သားများ အားလုံး ကျန်းမာ ပျော်ရွှင်ကြစေရန် ဆုတောင်း မေတ္တာပို့သရင်း ဂုဏ်ပြု ရေးသား လိုက်ပါသည်။
တပ်မတော် စဉ်လာ ထိန်းသိမ်း မပျက်
မျိုးချစ် စိတ်ထား အခြေခံလျက်။
တပ်မတော် ဂုဏ်ရောင် ထွန်းမည့် 'အား'
ညီညာ ခံ့ညား ပြည်သူ့သား။
သစ္စာစည်းကမ်း ကျင့်ဝတ်မြဲ
မဖောက် မသွေ ခိုင်မာဆဲ။
တို့နှလုံးသား မေတ္တာပွား
မြန်မာ ပြည်သား တိုင်းရင်းသား။
ပြည်ချစ် စစ်သား ဇာနည်ဘွား။   ။

Written by  ကေတု
Credit to>>> Myawady
 


No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။