Tuesday 25 December 2012

မြန်မာ့ဇာတ်လမ်း



ရုပ်ရှင်ကြည့်လျှင် ဇာတ်လမ်းဇာတ်ကွက် ဆန်းဆန်းပြားပြား လျှို့ဝှက် သည်းဖို ဇာတ်လမ်းမျိုး ကြည့်ချင်ရိုး အမှန် ဖြစ်သော်လည်း မြန်မာ့အရေး ကိုမူ ရိုးရိုးစင်းစင်း ဇာတ်လမ်း အဖြစ်သာ ကြည့်မြင် ချင်ပါသည်။

ယနေ့ မြန်မာ့အရေးသည် ကြည့်သူကို ထိုင်ရာမထ၊ မျက်တောင် မခတ်အောင် ဆွဲဆောင် ထားနိုင်သည့် ဇာတ်လမ်း တစ်ခုနှင့် အသွင်တူ သည်။ ဇာတ်ရှိန် အတက်အကျ ခပ်ကြမ်းကြမ်း ရင်မောစရာ၊ ရင်ဖိုစရာ တို့ တစ်ခုပြီးတစ်ခု မြင်နေကြရမည်။ အကွေ့အဝိုက် ကပြောင်းကပြန် ဖြစ်ရပ်၊ ကြမ်းခန်း လွမ်းခန်းများဖြင့် ပရိသတ်ရင်ကို ယူကျုံး နှစ်သက် စေမည့် ဇာတ်ကွက်များ တစ်ကွက်ပြီးတစ်ကွက်။


ဇာတ်ဆောင်အသစ်များလည်း တစ်ဦးပြီးတစ်ဦး တိုးလာသည်။ ဧည့်သည် ဇာတ်ဆောင်များပင် ထပ်တိုး စာရင်းထဲ ပါလိုက် သေးသည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း စသော ပါနေကျ ဧည့်သည် ဇာတ်ဆောင်များ အပြင် ဗြိတိန်၊ အမေရိကန် စသောပွဲတိုင်းကျော် ဇာတ်ဆောင်များလည်း ဝင်ရောက်လာသည်။ မြန်မာ အမျိုးသားထဲမှ ပြည်ပရောက် ဇာတ်ဆောင် များ ဝင်ရောက် အားဖြည့် လာသလို ပြည်တွင်း တိမ်မြုပ် ဇာတ်ဆောင် များကလည်း အားသစ် လောင်းလာကြသည်။ မြန်မာ့ဇာတ်လမ်းသည် ဇာတ်လမ်းဇာတ်ကွက် ဆန်းသလို ပါဝင်သော ဇာတ်ဆောင်အားလည်း မြိုင်မြိုင်ဆိုင်ဆိုင်။

မြန်မာ့ဇာတ်လမ်းသည် အပြောင်းအလဲမြန်သည်၊ မှန်းဆရခက် သည်။ ဗီလိန်ဟု ထင်ရသူသည်လည်း တဖြည်းဖြည်း ဇာတ်လိုက်ဖြစ် လာ၊ လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် ထောမနာ ပြုခံရပြီးမှ ဝုန်းခနဲ ဒိုင်းခနဲ ကျဆင်း သွားတတ်ပြန်သည်။ တစ်လျှောက်လုံး ဇာတ်လိုက် သက်ရင့်သူတို့ ဗီလိန်ဖြစ်ပြီး ခဏလျှိုလိုက် ကြရသည်ကိုလည်း မြင်ရသည်။

ဇာတ်လမ်းကြည့်ရှု အကဲဖြတ်နေကျ ဝါရင့် သမ္ဘာရင့်တို့ပင် တွက်ဆရ ခက်နေသည့်ဇာတ်လမ်းဖြစ်သည်။ ယနေ့ ပန်းပန်နေသော သူတို့ သည်လည်း မည်သည့် အလှည့်အပြောင်းတွင် ဗီလိန်ဖြစ်သွား လေဦးမည်နည်း။ အတိမ်းအစောင်းမခံ၊ တဲတဲလေးသာ ရှိသည့် ဇာတ်လမ်းပင်။

ပြင်ပမှ ကြည့်ရှုသူ ပုဂ္ဂိုလ်တို့အတွက် မြန်မာ့ဇာတ်လမ်း သည် လေ့လာစရာများ တပုံတပင်၊ ဆွဲထုတ်ယူစရာ သီအိုရီများလည်း ပေါ်လာနိုင်သည်။ တစ်ဖန် ရှိထားပြီးသား သီအိုရီများကို စမ်းသပ် ကြည့်စရာကောင်းလှသော ဓာတ်ခွဲခန်း တစ်ခုနှင့်လည်း အသွင်တူ သည်။ အတွေ့အကြုံနည်းသည့် နိုင်ငံဖြစ်သောကြောင့် အခြားနိုင်ငံ များက လက်မခံသည့်၊ အခြားနိုင်ငံများတွင် လုပ်မရသည့် စမ်းသပ်မှုများကို မြန်မာနိုင်ငံတွင် ပြုလုပ်နိုင်သည်။ သေချာသည့် အချက်မှာ အဆုံးသတ်တွင် မည်သည့်ရလဒ် ထွက်ထွက်၊ ထိုသူတို့ သည် သူတို့ အိမ်သို့ပြန်ရုံ၊ အနေမပျက် အစားမပျက်။

မြန်မာ့အရေးသည် မြန်မာပြည်သားမဟုတ်၊ ပတ်သက်ဆက်နွှယ်ခြင်း တစ်စုံတစ်ရာ မရှိသော၊ ပတ်သက် ဆက်နွှယ်လျှင်လည်း ပြန်စရာအိမ် ရှိသော အပြင်လူ တစ်ယောက်သာ ဆိုလျှင် အလွန်ကြည့် ကောင်းသော ဇာတ်လမ်းဖြစ်သည်။ သို့သော် လေ့လာကြည့်ရှု ခံစား နေကြသူချင်း အတူတူ မြန်မာပြည်သူပြည်သားနှင့် အပြင်မှ ရပ်ကြည့် သူတို့သည် သဘောသဘာဝချင်း ဆန့်ကျင်ဘက် ဖြစ်သည်။

အဘယ်ကြောင့်နည်း။ မြန်မာ့အရေးသည် မြန်မာပြည်သူ ပြည်သားဖြစ်သော သူ့ဘဝနှင့် တိုက်ရိုက် သက်ဆိုင်သည်။ အဓိက နေရာမှ ပါဝင်သော ဇာတ်လိုက် ဖြစ်ချင်မှ ဖြစ်လိမ့်မည် ဖြစ်သော်လည်း ဇာတ်လမ်းဇာတ်ကွက် ဇာတ်အဆုံးသတ်က သူ့ဘဝကို သေချာပေါက် ရိုက်ခတ် အဆုံးအဖြတ် ပေးလိမ့်မည်။ တိုင်းပြည် မီးဟုန်းဟုန်းတောက် လျှင် သူလည်း လမ်းဘေးရောက်မည်။ သူ့တွင် ဘေးမှ ရပ်ကြည့်သူ၊ ဝင်ကာ စမ်းသပ်ကြည့်သူ တို့ကဲ့သို့ အခြေအနေ မကောင်းလျှင် ခပ်လှမ်းလှမ်းသို့ ပြန်လည် ဆုတ်ခွာနိုင်ခြင်း မရှိ။ သည်မြေ၊ သည်ရေ သည်သာ သူမှီတင်း နေထိုင်သော သူ့မြေ သူ့ရေဖြစ်သည်။

ထို့ကြောင့် မြန်မာ့ဇာတ်လမ်းနှင့် သူသည် တစ်ထပ်တည်း ကျသည်။
ထို့ကြောင့် မြန်မာပြည်သူပြည်သားများ အဖို့ ဇာတ်လမ်းဇာတ် ကွက် အတက်အကျ အကြမ်းအနု အချိုအခါး ရသ စုံစုံလင်လင် ရင်သိမ့်တုန် ဇာတ်လမ်းမျိုး မလိုအပ်။ တစ်ချက်တစ်ချက် တွင် ငြီးငွေ့ဖွယ် ကောင်းချင် ကောင်းလိမ့်မည်၊ တည်တည်ငြိမ်ငြိမ်နှင့် ဖွံ့ဖြိုးရေးလမ်း ကြောင်းပေါ် တစ်ဆင့်ပြီး တစ်ဆင့် တက်သွားသော ဇာတ်လမ်းမျိုးကို သာ တည်ထောင်စ မြန်မာနိုင်ငံသား တို့က နှစ်ခြိုက်လိမ့်မည် ထင်ပါသည်။

လူလေးယောက်လျှင် တစ်ယောက်ဆင်းရဲပြီး (ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်းကို ဆိုလိုသည်) ကျန်သုံးယောက်လည်း မချမ်းသာ သည့်နိုင်ငံတွင် မည်သည့်အရာ အရေးကြီးဆုံးမှန်း ပညာရှင်ဖြစ်ရန် မလို၊ ခန့်မှန်းနိုင်သည်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ နိုင်ငံဖွံ့ဖြိုးရေး သည် ဖြည့်ဆည်းရန် ကြာမြင့်လှပြီဖြစ်သော ဖန်တစ်ရာတေ လိုအပ် ချက်ကြီးဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးသည် အဓိက ကျသည်။ နိုင်ငံရေး နှင့် စီးပွားရေး တွဲဆက်နေခြင်းကြောင့် နိုင်ငံရေး မငြိမ်လျှင် စီးပွားရေး မငြိမ်။ နိုင်ငံမငြိမ်လျှင် စီးပွားရေး မည်သူမျှ မလုပ်ရဲ၊ စီးပွားရေး မလုပ်ရဲလျှင် အလုပ်ခန့်မည့် လုပ်ငန်းတွေ မရှိ။ လုပ်ငန်းမရှိလျှင် အလုပ်အကိုင် မည်သည့်နေရာက ရမည်နည်း။ အလုပ်အကိုင်မရ၊ ဝင်ငွေမရှိလျှင် ဘာနှင့်စားကြမည်နည်း၊ ကလေးကျောင်း ဘယ်လို ထားမည်နည်း၊ ကျန်းမာရေး မည်သို့ ဆောင်ရွက်မည်နည်း။ ထို့ကြောင့် မည်သည့်စနစ် သုံးသုံး နိုင်ငံရေး တည်ငြိမ်ဖို့လိုသည်။ နိုင်ငံမတည် ငြိမ်လျှင် ပြည်တွင်းလုပ်ငန်းများ နာလန်မထူနိုင်၊ အညွန့်မလူနိုင် သလို လိုအပ်လှသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုလည်း ဝေးဝေးရှောင်မည်။

မြန်မာ့ဇာတ်လမ်းဇာတ်အိမ် ခိုင်မာရေးအတွက် ပြည်ပမှ ဇာတ်ဆောင် များကို အလိုရှိပါသည်။ သို့သော် လေးငါးနှစ် မြန်မြန်ထက်ထက် အိမ်ရှင်နိုင်ငံ ဘာဖြစ်ဖြစ် အကျိုးစီးပွားရှာ၊ ဖုတ်ဖက်ခါ နောက်တစ်နေရာ ကူးသော တစ်နပ်စား ပြည်ပသားများကိုမူ ကန်တော့ဆွမ်းသာ။ မြန်မာ့ မြေ မြန်မာ့ရေ တွင် အနေကြာမည်၊ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားမည်၊ သူ့အကျိုး ကိုယ့်အကျိုး မျှမျှတတ ကြည့်မည် ဆိုသော ပြည်ပဇာတ် ဆောင်များကိုသာ လက်တွဲလိုသည်။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည် မို့ အားနာရန် မရှိ၊ ကြောက်ရန်မရှိ။ မိမိ ဇာတ်လမ်းကောင်းဖို့ သရုပ်ဆောင် ကောင်းကောင်း ပြည်ပသားများ ဆိုလျှင် လာပါ၊ ဝင်ပါ၊ ထွက်ပါဟု မိမိ ကပင် လောကဝတ်ပြုရဦးမည်။ သို့သော် ဇာတ်သည် မြန်မာ့ဇာတ်ဖြစ် ရမည်၊ တိုင်းတစ်ပါးဇာတ် ဖြစ်လို့မရ။

တရုတ်ဖြစ်ဖြစ်၊ အမေရိကန်ဖြစ်ဖြစ်၊ ဂျပန်ဖြစ်ဖြစ်၊ ထိုင်းဖြစ် ဖြစ် ယင်းတို့ အကျိုးစီးပွားကို ဦးထိပ်ထားမှာချည်း ဖြစ်သည်။ ထိုအရေး တွေးပူပြီး သူတို့ကို အဝင်မခံဝံ့ စရာလည်း မရှိ။ ကိုယ်လည်းကိုယ့် အကျိုးစီးပွား ကိုယ် ဦးထိပ်ထားရမည်သာ။ သူကလည်း သူ့အကျိုး စီးပွားရမှ၊ ကိုယ်လည်းကိုယ့်အကျိုးစီးပွားရမှ ဖြစ်မည်ဆိုတော့ နှစ်ဖက်လုံး ဘုံအကျိုးစီးပွားရမှ ဖြစ်မြောက်ပါလိမ့်မည်။

ပြည်တွင်းဇာတ်ဆောင်များသည်လည်း မိမိအခန်း များများပါ ရေးထက် ဇာတ်ကို ပံ့ပိုးနိုင်ရေးကိုသာ အတတ်နိုင်ဆုံး အာရုံစိုက်သင့် သည်။ မိမိ အကယ်ဒမီ ရပါက အတိုင်းထက် အလွန်ဖြစ်သော်လည်း ဇာတ်ကောင်းလျှင် အားလုံးကောင်းမည် ဖြစ်သည့်အတွက် ရည်မှန်း ချက်သည် ဇာတ်ကောင်းရေးသာ ဖြစ်သင့်ကြောင်း သတိချပ်သင့် သည်။ ဘောလုံးပွဲများတွင် မိမိဂိုးသွင်းရေး၊ နာမည်ကြီးရေးထက် အသင်းဂိုးရရေး၊ ဂိုးမပေးရရေး အဓိကထားသော ဘောလုံးသမားမျိုး ကို အတုယူသင့်သည်။

မြန်မာ့ဇာတ်လမ်းသည် ရှုပ်ထွေး ပွေလီသည်၊ ကြမ်းတမ်းခက် ထန်သည်၊ သိမ်မွေ့နက်နဲသည်။ ရွေးချယ်ခွင့်သာ ရမည် ဆိုလျှင် ဇာတ်ငြိမ် ချင် ငြိမ်ပါစေ ရိုးရိုးရှင်းရှင်း ဇာတ်လမ်းသာ ဖြစ်စေချင်သည်။

ဇေယျသူ

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။