Tuesday 25 December 2012

ခေတ်ရှေ့ပြေး ဦးအောင်ဆန်း


ဦးအောင်ဆန်း၏ မိန့်ခွန်းများ ရေးသားချက်များမှ ကောက်နုတ်၍ ယခုခေတ်အထိ မှန်ကန်နေသော၊ ဆက်လက်၍ မှန်ကန် နေမည်ဖြစ်သော သဘောတရား များ ကို ထုတ်နုတ်၍ တင်ပြခြင်း ဖြစ်ပါသည်။

မူရင်းသတ်ပုံအတိုင်း တင်ပြထားပါသည်။ မြန်မာကို ယခင် က ဗမာဟုသာခေါ်ဝေါ်ခဲ့ခြင်းကို သည်းခံဖတ်ရှုသင့်ပါသည်။ ၁၉၅၀ခု ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြန်ကြားရေးဌာနမှ ထုတ်ဝေသော
ဦးအောင်ဆန်းနှင့် ပတ်သက်သည့် မိန့်ခွန်းစာအုပ်နိဒါန်းတွင် ဖော်ပြ ထားသည်မှာ -


"ပြည်ထောင်စု လွတ်လပ်ရေးကြီးကို တည်ဆောက် သွားသော ကျေးဇူးရှင် ဗိသုကာကြီး ဦးအောင်ဆန်းသည် တစ်ပြည်လုံးကို ခေါင်းဆောင်၍ မငဲ့မကွက်၊ မယိမ်းမယိုင် ခိုင်မာလှသော ခြေလှမ်းများဖြင့် လွတ်လပ်
ရေးသို့ ရှေးရှု့ချီတက်နေခိုက် သင့်ရာသင့်ရာ အဆစ်အပိုင်း တို့၌ ပြည်သူလူထုအား မိန့်ခွန်းစကား ပြောကြားညွှန်ပြခဲ့၏။

ယခုမူကား ထိုမိန့်ခွန်း စကားများသည် ပြည်ထောင်စုကြီး၌ ထူးမြတ်လှသော ရတနာ အစစ် အမွေအနှစ်ကြီးဖြစ်၍ နေလေ၏။

မိန့်ခွန်းစကားများမှာပြည်ထောင်စုသား အပေါင်းတို့၏ ရှေ့အလားအလာ အဓွန့်ရှည်ကြာပဒေသာပင်ကြီး သဖွယ် ဆွတ်ယူ စားသုံး၍ မကုန်နိုင်ဖြစ်ရာ ယခု အခါ ပြည်သူလူမျိုးတို့ အသင့် လွယ်ကူ ထုတ်ယူ စိမ့်သောငှာ သင့်ရာ သင့်ရာတို့ကို ထုတ်နုတ်စီစဉ်၍ စာအုပ်တစ်အုပ်ပြုလုပ် ထုတ်ဝေပါသတည်း" ဟုဖော်ပြခဲ့ပါသည်။

စာပါ ကွင်းစကွင်းပိတ် တို့ဖြင့် ဖော်ပြထားချက်တို့မှာ စာရေးသူ ကြည်လင်မောင်၏ သဘောထားဆွေးနွေး တင်ပြချက်များဖြစ်ပါသည်။ သဘောထားများ ကွဲလွဲ နိုင်ပါသည်။ ဦးအောင်ဆန်း၏ ခေတ်ရှေ့ပြေး အတွေးအခေါ်များအား သိလွယ်ရန် ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။

၃-၂-၁၉၄၄ ရက်နေ့ ဗမာ့ခေတ် သတင်းစာပါ တပ်ကြပ် သင်တန်း ဘွဲ့နှင်းသဘင်တွင် ဗိုလ်ချုပ်အောင်ဆန်း မှ "ဗမာနိုင်ငံနှင့် ဗမာလူမျိုးကို ကာကွယ်ဖို့ပဲ။ ဗမာလူမျိုး ဆိုတာဟာလည်း ဗမာ တွေသာမဟုတ်ဘူး၊ ဗမာတစ်နိုင်ငံလုံးမှာရှိတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားအားလုံးကို ဆိုလိုတယ်" ဟု မိန့်ကြား
ခဲ့ပါသည်။ဦးအောင်ဆန်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှ ကောက်နုတ် တင်ပြ လိုပါသည်။

ပညာဆိုသည်မှာ စာအုပ်စာတမ်း ဖတ်၍ စာသိသမျှကို ပညာ ဟုမဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံးပင် ပညာအားလုံးကို
ဖော်ပြခြင်းငှာ မတတ်နိုင်ပေ။

(မှန်ပါသည်။ ပညာသည် လူ စတင်ဖြစ်ပေါ်လာသည်မှ ယခု အထိ နှစ်ပေါင်းသောင်းချီ သိန်းနှင့်ချီ၍ ရှာဖွေ၍ လေ့လာ၍ မကုန်နိုင်ပေ။ ဆက်လက်၍ ရှာဖွေလေ့လာရဦးမည်ဖြစ်ပါသည်။ လူ၏မျိုးရိုးဗီဇ၊ အသေးငယ်ဆုံးအမှုန်များအကြောင်း၊ စက်ရုပ်ပညာ၊ ကွန်ပျူတာပညာ၊ အနန္တစကြဝဠာအကြောင်းတို့သည် လေ့လာ၍ မကုန်နိုင် အတိုင်းအဆမထင်အလွန်ကျယ်ပြော နက်နဲလှပေသည်။)

"ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော အကြီးဆုံးကျောင်း၌သာ တွေ့ရှိနိုင်ပေသည်။ ထိုလောက ပြင်ကျယ်တည်း၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှ မြေကြီးထဲသို့ ရောက်သည့်အချိန်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာ သင်ကြားမှု သည် အမှန်စင်စစ်အားဖြင့် လူ၏ တစ်သက်ပန်တွင် ကုန်ဆုံးသည် ဟု မဆိုနိုင်ပေ" ဟု ဦးအောင်ဆန်းက ရေးသားခဲ့ပါသည်။

(ယခု လူမှုရေးပညာရှင်များ ပြောဆိုတိုက်တွန်းနေသော Long Life Learning ပင်ဖြစ်ပါသည်။ တစ်သက်တာလုံး ပညာကို လေ့လာ သင်ယူရမည် ဖြစ်ပါသည်။ ဘွဲ့ရပြီး ရပ်သွား၍ မဖြစ်ပါ။

ဥပမာ-ဆေးပညာသည်လည်းကောင်း၊ ကွန်ပျူတာပညာများသည် လည်းကောင်း၊ အင်ဂျင်နီယာပညာများသည်လည်းကောင်း၊ စစ်ပညာများသည်လည်းကောင်း၊ ဥပဒေပညာရပ်များသည်လည်းကောင်း စသည်ဖြင့် ပညာရပ်များသည် အမြဲပြောင်းလဲတိုးတက်
လျက်ရှိပါသည်။ အလုပ်ခွင်တွင်ရှိသူတို့သည် အလုပ်နှင့်ပတ်သက်၍ တိုးတက်လာသော ပညာတို့ကိုဆက်လက်လေ့လာ သင်ယူနေရမည် ဖြစ်ပါသည်။)

"ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်း အလိုက် ဆင်ခြင် သုံးသပ် နိုင်စွမ်းသော ဉာဏ်အားတို့သည်လည်းကောင်း၊ မိမိဉာဏ်အမြင် အရ၊ စိတ်နေစိတ်ထား စိတ်ဓာတ်ကိုလည်း
ကောင်း (Education of Emotions) ပြုပြင်ပြုစု ပျိုးထောင် ထားခဲ့သူသာ လျှင်ဖြစ်သည်။ ဘီအေပင် အောင်စေကာမူ၊ ပထမကျော်ကြီးပင်ဖြစ် စေကာမူ၊ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ၊ အသက်အရွယ် မည်မျှကြီးရင့် စေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပာယ် ကိုကောင်းစွာ သုံးသပ် နားလည်ခြင်းမရှိခဲ့ချေက တကယ်အရာမရောက် အသုံးမဝင်နိုင်ပေ။

ပညာသည် စာအုပ်များထဲ၌သာရှိသည်မဟုတ်၊ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်း ကို ဆောင်နိုင်ရပေမည်။
ပညာသည် လူ၏ဉာဏ်အားကို သာ ပြုပြင်တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေစိတ်ထား အယူအဆ များကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ထက်ကောင်းကင် ကြယ်တာရာများသို့ တက်စွမ်းနိုင်စေရမည်။ ရာဇဝင်သိရုံသာ မဟုတ်၊ ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။"

(ဦးအောင်ဆန်းသည် ရာဇဝင်ကို လက်တွေ့ ဖန်တီးပြခဲ့ပြီးဖြစ် ပါသည်။ ရာဇဝင်တွင် စာတင်နိုင်ခဲ့ပြီး ဖြစ်ပါ သည်။ ပညာရှင်များက ဦးအောင်ဆန်းအား စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်သူဟု သတ်
မှတ်ခဲ့ကြပါသည်။)

နိုင်ငံရေးအမျိုးမျိုး ဆောင်းပါး တွင် ဦးအောင်ဆန်းက ”စာအုပ် တစ်ခုကို ဖတ်လျှင် စာအုပ်ကိုကျော်လွန်၍ မြင်နိုင်ရမည်။ သို့မှသာ ပညာတည်းဟူသော အဆီအနှစ်ကို ရပေမည်” ဟုရေးခဲ့ပါသည်။ (ကွန်မြူနစ် တစ်ယူသန်များသည် စာအုပ်များကို ကျော်လွန်၍ မကြည့်နိုင်ခဲ့ကြသူများ ဖြစ်ပါသည်။)

"လောကဓာတ်ပညာ (သိပ္ပံပညာ) ကို သိရုံသာမဟုတ်၊ လောကဓာတ် ပညာကို တိုးချဲ့နိုင်စေရမည်။

ပထဝီပညာကိုသိရုံသာမဟုတ်၊ မြေသစ် ရေသစ် တောတောင်သစ်ကို ရှာဖွေစူးစမ်းနိုင်စွမ်းရှိစေရမည်။ လောက အကြောင်းကို နားလည်ရုံသာ မဟုတ်၊ ဒီထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှသာတည်း။"

(မှန်ပါသည်။ လက်ရှိပညာရှင်များသည်လည်းကောင်း၊ လက်ရှိ နိုင်ငံရေးသမားများသည်လည်းကောင်း၊ ဒီထက်ကောင်းသော လောက ကို ဖန်တီးနေကြ ရဆဲဖြစ်ပါသည်။)
"ပညာသည် ကာလဒေသ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည်။ ပညာတွင် သညာလည်းပါသည်။

ဉာဏ်လည်းယှဉ်ရမည်၊ ဉာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူ လည်း ဤမျှ ပိုမိုဆန်းကြယ် အပြောကျယ်လာသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိ
ဘဲ လောကဓာတ်ပညာဉာဏ်ကိုသာရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့် မသုံးနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒအပြောင်းအလဲမရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်
ပေ။ လူတစ်ယောက်၏သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည်လည်း အမှန်ချည်း မဟုတ်၊ ပြုပြင် ပြောင်းလဲရမည် သာတည်း။"

(ဦးအောင်ဆန်းသည် ကွန်မြူနစ်ပါတီကို စတင်တည်ထောင် သော ငါးဦးအဖွဲ့တွင် ပါဝင်ခဲ့သော်လည်း အသိဉာဏ်ရင့်ကျက် လာသောအခါ ဒီမိုကရေစီ ဝါဒသာလျှင် မြန်မာနိုင်ငံနှင့် ဆီလျော်ကြောင်း အသိအမြင်အယူအဆ ပြောင်းလဲလာခဲ့ပေသည်။

ဗိုလ်ချုပ်သည် နိုင်ငံတိုးတက်ရေးအတွက် ဒီမိုကရေစီစနစ်ကို အခြေတည်၍ သွားလိုကြောင်း သုံးသပ်ရပါသည်။ ဆိုရှယ်လစ်ခေတ်တွင် ဆိုရှယ်လစ်စနစ် မအောင်မြင်ကြောင်း သိသည့်အချိန်တွင် ပြောင်းလဲလိုခြင်း မရှိခဲ့ပါ။

ဗိုလ်ချုပ်သာ မကျဆုံးခဲ့ပါက အမှားရှိလျှင်လည်း ပြင်သွားမည်ဟု ယုံကြည်ရပါသည်။ ဦးအောင်ဆန်းသည် ဂျပန်နှင့်ပူးပေါင်း
၍ စစ်မှန်သည့် လွတ်လပ်ရေးမရသည့်အခါ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ပေသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေတ်ဦးက နိုင်ငံရေး ခံယူချက် ပြောင်းလဲပါဝင်လာသူတို့သည် မှန်လို
ပြောင်းတာ မှန်ပြောင်းကွဟု ကြွေးကြော် ခဲ့ကြပါသည်။

ကြည်လင်မောင်

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။