Thursday 30 May 2013

ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် မြန်မာပြည်


 
 
ဗိုလ်ချုပ်အောင်ဆန်းသည် လက်ဝဲယိမ်း နိုင်ငံရေးသမားဟု မြင်သည်။ သူ၏ အမြင်မှာ ဆိုရှယ်လစ်ဆန်သည်။ ကွန်မြူနစ် စနစ်ကိုလည်း ရောက်မသွားပါ။ သူဖွဲ့ချင်သော အစိုးရစနစ်မှာ ဒီမိုကရေစီ အစိုးရစနစ်ဖြစ်ပြီး စီးပွားရေးစနစ်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ် ဖြစ်သည်။

ဆိုရှယ်လစ် စီးပွားရေးစနစ်၏ အကျဉ်းချုပ်ကို ပြန်နွှေးရလျှင် ကုန်ထုတ်လုပ်ရေး (Production) နှင့် ဖြန့်ဝေရေး (Distribution) ကို လူထုလိုသလောက် ကွက်တိရောက်ရန် စီမံထားခြင်းဖြစ်သည်။ အရင်းရှင်စနစ်၏ သဘောဖြစ်သော လိုလို မလိုလို ငွေပေးလျှင်ရသည် ဟူသည်ကို ကန့်သတ်ထားခြင်း ဖြစ်သည်။ ငွေကြေး (Currency) ဟူသည်မှာ တစ်ဦးလက်မှ တစ်ဦး စီးဆင်းမြဲဖြစ်ရာ ထိုသို့ ငွေကြေးဖြင့် ဖြန့်ဝေပါက ဈေးကွက် (Market) ဖြစ်ပေါ်လာမည်။ ထိုအခါ ငွေများသည် ငွေရင်းနှီးရှိသူ ထံသို့ ထပ်မံစုဝေးမည် (Capital Accumulation)။ ထိုအရာကို ကာကွယ်ရန် Labour Voucher ဟုခေါ်သည့် လက်မှတ်များကို သုံးရသည်။ ကိုယ်လိုသလောက် ထုတ်ပေးသည့်စနစ် ဖြစ်သည်။ ထိုထုတ်လုပ်ရေးနှင့် ဖြန့်ဝေရေးတို့တွင် လူထုမည်မျှ လိုအပ်သည်ကို ပမာဏ (Magnitude) များ နှင့်မချိန်စက်ဘဲ အရေအတွက် (Quantity) ဖြင့် အဓိကချိန်စက်ပါသည်။

ချုပ်ပြောရလျှင် ထိုစနစ် (ဗိုလ်ချုပ်နေဝင်း အကောင်အထည် ဖော်ခဲ့စဉ်က) ဗျူရိုကရေစီချိန်းတွင် အားနည်းမှုများ တင်းကြမ်းရှိခဲ့သည့်အပြင် ဗိုလ်ချုပ်နေဝင်းသည် အရင်းရှင်စနစ်၏ အခြေခံသဘောသဘာဝကို နားမလည်သောကြောင့် စီးပွားပျက်ခဲ့သည်။ ဈေးကွက်မရှိ၊ ငွေကြေး လည်ပတ်မှု မရှိခြင်းကြောင့် စီးပွားရေးကြီးထွားမှု မရှိခဲ့တော့ပါ။

ဗိုလ်ချုပ်အောင်ဆန်းသည် ဘောဂဗေဒကို ကျွမ်းကျင်သူဖြစ်သည်။ သူ၏မိန့်ခွန်းထဲတွင် “အရင်းရှင်စနစ်မှ တစ်ဆင့် ကူးပြောင်းကာ ဆိုရှယ်လစ် ပုံစံသွားရမည်ဟု ဆိုခဲ့ပါသည်။” ထိုအဓိပ္ပာယ်မှာ Economic Institutions များကို တည်ဆောက်ပြီး တိုင်းပြည်စီးပွားရေးကို အရင်းရှင်များ လက်ထဲ အပြည့်မရောက်ရန် နိုင်ငံတော်မှ အချို့သောကဏ္ဍများတွင် ချုပ်ထားမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုစနစ် အလုပ်ဖြစ် မဖြစ် ယနေ့ဗီယက်နမ်နှင့် တရုတ်၊ စင်ကာပူတို့ကို ကြည့်နိုင်ပါသည်။ အရင်းရှင်စနစ် သဘောအရ ဈေးကွက် ရှိပါမည်။ ထိုသို့ဈေးကွက် ရှိသော်လည်း ဘီအိုစီ မောင်ပိုင်စီးထားသည့် စွမ်းအင်ပိုင်း၊ ဆန်ထုတ်လုပ်ရေးပိုင်းလို ကိစ္စများတွင် နိုင်ငံတော်မှ ဝင်ရောက်ချုပ်ကိုင်မည်ဟု ဆိုလိုဟန် ရှိပါသည်။ (Market Socialism)

ပင်လုံစာချုပ်ကို အကောင်အထည်ဖော်နိုင်သော ဗိုလ်ချုပ်အောင်ဆန်း အနေနှင့် သူရင်ဆိုင်ရမည့် အင်အားစုများမှာ ကွန်မြူနစ်များသာ ဖြစ်ပါလိမ့်မည်။ ပြည်မနှင့် မြစ်ဝကျွန်းပေါ် စီးပွားတောင့်လာပါက တောင်တန်းဒေသ များသည်လည်း ခွဲထွက်လိမ့်မည်မဟုတ်ပါ။ လက်နက်ကိုင် တော်လှန်ရေးကိုတော့ အချိန်ယူ ဖြေရှင်းရနိုင်ပါသည်။ သို့သော် သူသာဦးဆောင်ပါက သူ၏ ဖက်ဒရယ်တပ်မတော်ကို ကွန်မြူနစ်တို့ ကြာရှည် တောင့်ခံနိုင်ရန် လမ်းမမြင်မိပါ။ တိုင်းရင်းသားတပ်ပေါင်းစု တပ်မတော်
သည် ကွန်မြူနစ်တို့ထက် ပိုမိုအင်အားတောင့်မည်မှာ သေချာပါသည်။

တရုတ်ပြည်နှင့် ဗကပပြဿနာကို ငြိမ်အောင်ထိန်းရမည်မှာ မှန်သော်လည်း အရှေ့တောင်အာရှ နိုင်ငံများကို ဦးဆောင်စည်းရုံးနိုင်သည့် အနေအထားကို လက်ဦးမှု အရင်ရယူထားနိုင် ပါလိမ့်မည် (သူ၏မိန့်ခွန်းပါ ဆိုဗီယက်ကို ရည်ညွှန်းထားသည်ကိုကြည့်)။ အခြေခံဒီမိုကရေစီ စနစ်ကို အားပေးသော ဗိုလ်ချုပ်အောင်ဆန်းသည် ကျန် ကွန်မြူနစ်များ ပြောသကဲ့သို့ အာဏာရှင် ဖြစ်လာနိုင်စရာလည်း မရှိပါ။ ထို့ပြင် ရန်ကုန်ဆိပ်ကမ်းနှင့် မဟာဗျူဟာမြောက် ပင်လယ် ရေလမ်းကြောင်းများ (ယနေ့ထားဝယ်) သည် ဆောလျင်စွာ ဖွံ့ဖြိုးခဲ့စရာရှိပြီး အရှေ့တောင်အာရှ စီးပွားရေးအင်အားကြီး ဖြစ်လာခဲ့နိုင်ပါသည်။

ဗြိတိသျှလက်ထက်က ကဲ့သို့ပင် ပထဝီအရ ဗျူဟာမြောက် မြန်မာသည် ကြားနေနိုင်ငံ အနေနှင့် ရပ်တည်ဖွယ်ရှိပြီး စီးပွားရေးထိပ်သီး အနေနှင့် ရပ်တည်နိုင်ခဲ့မည်ဟု ထင်ပါသည်။ ထို့ပြင် စစ်တပ်အပေါ် သူ၏ လွှမ်းမိုးနိုင်စွမ်းအရ စစ်တပ်သည် အရှေ့တောင်အာရှတွင် အင်အားကြီး ဖြစ်လာစရာ ရှိနေခဲ့ပါသည်။ (ဗြိတိသျှတော်ဝင်လေတပ်ကို ကြည့်သောအခါ ပြောသည့် စကားကို လေ့လာပါ)။

ဗို်လ်ချုပ်အောင်ဆန်း အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုစဉ်က နာမည်ကြီး ဘောဂဗေဒ ပါမောက္ခတစ်ဦးနှင့် သွားရောက်ဆွေးနွေး ခဲ့ပါသည်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အနောက်တိုင်း ခရီးစဉ်အတွင်း ဆွေးနွေးမှု များမှာ အနာဂတ်စီမံကိန်းထက် အပြန်အလှန် သံတမန်ဆက်ဆံရေးများ တိုးမြှင့်ရေးနှင့် ပိတ်ဆို့မှုဖယ်ရှားရေးသာ အဓိက ဖြစ်နေခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ရေးစွမ်းရည်မှာမူ မှတ်တမ်းသိပ်မတွေ့ရပါ။ ဗိုလ်ချုပ်ကျော်ဇော မှာမူ ထူးချွန်ထက်မြက်သော စစ်ဗျူဟာမှူး ဖြစ်သည်ဟု သိရပါသည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ တပ်တွင်းနှင့် အရပ်ဘက်အပေါ် သြဇာညောင်း ခြင်းက သူ့လက်ထက် နိုင်ငံရေးပဋိပက္ခကို ဟန်ချက်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်ဟု ယူဆမိပါသည်။ အထက်ပါအချက်များကို ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ထူးချွန်သော အစိုးရခေါင်းဆောင် တစ်ယောက် (Good Policy Maker) ဖြစ်မည်မှာ သေချာပါသည်။

လက်ရှိ မြန်မာပြည် လိုအပ်သည်မှာလည်း တိကျထိရောက်သော စီမံကိန်းများနှင့် ထိုအရာကို တင်းပြည့်အကောင်အထည် ဖော်နိုင်သည့် လုပ်သားစုသာလျှင် ဖြစ်ပါသည်။ သို့မှသာ စက်မှုနိုင်ငံ ထူထောင်ရေးကို ခုန်တက်နိုင်မည်ဖြစ်ပြီး တတိယကမ္ဘာ နိုင်ငံများကြားသို့ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။
 
(မျိုးဆက်)

Credit to >>>>The Voice

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။