Saturday 1 June 2013

နိုင်ငံကြီးသား


 ကျနော်တို့ မြန်မာနိုင်ငံ ပြန်လည်ဖွင့်ဖြိုးတိုးတက် လာစေဖို့အတွက် အဓိကလိုအပ်နေသော စိတ်ဓါတ်ပိုင်း ကို ပြင်ဆင်နိုင်စေဖိုံ့ Highlight   လုပ်ပြထားသော ဆောင်းပါးတစ်ပုဒ် အား သိရှိ ဖတ်ရှုနိုင်စေရန် ပြန်လည် မျှဝေဖေါ်ပြပေးလိုက်ပါသည်။
မေမြို့သားလေး

 နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ခြင်း၊ မတိုးတက် ခြင်းသည် အစိုးရ ချည်းပဲ တိုက်ရိုက် မသက်ဆိုင် သလို အစိုးရ တစ်ဦးတည်းလည်း လုပ်၍ မရပေ။ ယင်းနိုင်ငံ တွင်ရှိသော ပြည်သူတို့၏ အပေါ်တွင်လည်း တည်မှီ၍ နေသည်။ လွှတ်တော်က ဥပဒေများ ပြဋ္ဌာန်းပြီး ယင်းဥပဒေကို အစိုးရက အကောင်အထည် ဖော်ရာတွင် ချမှတ်ထား သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း၊ စည်းကမ်းများကို ပြည်သူလူထုက လိုက်နာကျင့်သုံး ရန်လည်း လိုသည်။


သို့မဟုတ်လျှင် အစိုးရတွင် မည်မျှ ကောင်းသည့် အစီအမံများ ရှိပါစေ အရာထင်မည်မဟုတ်။ ထင်သာမြင်သာ ရှိသည့် ဥပမာဆိုရသော် အမှိုက်ပစ်သည့် ကိစ္စကိုကြည့်လျှင် အမှိုက်မပစ်ရဟု ဆိုသည့်နေရာတွင် အမှိုက်ပစ်ကြသလို၊ တွေ့လေရာ၊ ကျလေရာနေရာများတွင်လည်း အမှိုက်များ ပစ်တက်ကြသည်။ ရေစီးရေလာကောင်းအောင်လုပ်ထားသော မြောင်းများအတွင်းသို့ အမှိုက်များကို ရက်ရက်ရောရောပစ်တတ်ကြသည်။ အကျိုးဆက်အားဖြင် ယခုလို မိုးရာသီရောက်ပြီဆိုလျှင် ရေမြောင်းများတွင် အမှိုက်များ ပိတ်ဆို့ပြီး ရန်ကုန်မြို့အနှံ့ လမ်းမများ ပေါ်တွင် ရေကြီး ရေလျှံတော့ မည်ဖြစ်သည်။
ထိုအခါ အမှိုက်ပစ်ခဲ့သည့် အမှုကို ဆင်ခြင်ထောက်ရှု မိခြင်းထက် သက်ဆိုင်ရာ စည်ပင်နှင့် အစိုးရ ကိုသာ လက်ညှိုးထိုး ကြလေသည်။ ယခုအခါ ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာရန်အတွက် မြို့နယ် အချို့ရှိ မော်တော်ကား လမ်းများတွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များက လမ်းသွား၊ လမ်းလာ များကို ပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးလျက် ရှိသည်ကို တွေ့ရသည်။
သို့သော် အဆိုပါ အဖွဲ့များ မရှိသည့် အချိန်တွင် အားလုံးမှာ ပုံမှန်အတိုင်း ကြိုက်သလိုသာ ကူးကြ၊ ဖြတ်ကြသည်။ တစ်ဖက်က ပြန်ကြည့်လျှင် ယင်းကဲ့သို့ ပြုမူကြခြင်းသည် အကြောင်းမဲ့တော့ မဟုတ်။ မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးသည့်နောက်တွင် နိုင်ငံတည် ဆောက်ရေးကို တစ်ခါတည်း လုပ်ခဲ့ရသည် မဟုတ်။ ပြည်တွင်းစစ် များဖြစ်ခဲ့သည်။ ထို့နောက် တစ်ပါတီ အာဏာရှင် ကြီးတက် လာသည်။ ပြီးလျှင် စစ်အစိုးရက အာဏာသိမ်းကာ အနှစ် ၂၀ ကျော်ကြာ ထပ်မံအုပ်ချူပ်ခဲ့သည်။
အဆိုပါ ကာလများ တစ်လျှောက်တွင် ပြည်သူလူထုဆိုသည့် အခန်းကဏ္ဍ လုံးဝပျောက်ဆုံးခဲ့သည်။ အာဏာရှင်တို့သည် ၎င်းတို့၏ အာဏာတည်မြဲရေး ကလွဲ၍ မည်သူ့မျက်နှာ ကိုမျှ မကြည့်ခဲ့ခြင်းကြောင့် ပြည်သူလူထုသည် အာဏာရှင်များ၏ လက်အောက်တွင် ဖြစ်ချင်သလို ဖြစ်ခဲ့သည်။ ယင်းကာလ များတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ ဆိုခြင်း ထက် အမိန့်၊ ညွှန်ကြားချက်များ ဖြင့်သာ အုပ်ချူပ် ခဲ့သည်။ ဥပဒေသည် လိုရာဆွဲလို့ရသည့် အခြေ အနေအထိပင် ရောက်ခဲ့သည်။
ယင်းကာလများအောက်တွင် မွေးဖွားခဲ့သူများအတွက် ယခုချက်ချင်း ဥပဒေကို လေးစားတက်စေရန်၊ လိုက်နာတတ်စေရန်မှာ လွယ်ကူမည်ဟုမထင်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် နိုင်ငံတည်ဆောက်ရေးကို စတင်နေရသည့် အပြောင်းအလဲ ကာလတစ်ခု ပင်ဖြစ်သည်။ ယခင်က မည်သို့ပင်ဖြစ်ခဲ့စေ ယင်းအပြောင်း အလဲတွင် အစိုးရတစ်ဦးတည်း ပြောင်းလဲ နေခြင်းထက် ပြည်သူလူထု သည်လည်း ပြောင်းလဲမှုနှင့် အတူ လိုက်ပါရ တော့မည်ဖြစ်သည်။
ပြည်သူလူထု အနေဖြင့်လည်း ယခုချက်ချင်း မပြောင်းလဲနိုင် သေးသည့်တိုင်း ယနေ့မှစ၍ နိုင်ငံကြီးသား တစ်ဦးအဖြစ် ပြောင်းလဲ ရတော့မည်ဆိုသည့် အသိကို နှလုံးသွင်း နိုင်လျှင်ပင် တော်ရာကြမည် ဖြစ်သည်။ တစ်နည်း အားဖြင့် အနာဂတ်နိုင်ငံတော် သစ်အတွက် မြန်မာပြည်တွင် အယ်ဒီတာ နိုင်ငံကြီးသားများလို အပ်နေကြောင်း.......................။
Venus News Journal

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။