Saturday 1 June 2013

စိတ်ဖိစီးမှု နည်းစေဖို့ ပျော်ရွှင်သူတွေရဲ့ နည်းလမ်း (၉) ခု



ဘ၀ကို ပိုပြီး ကမောက်ကမဖြစ်ဖို့၊ ဒါမှမဟုတ် ပိုပြီး ပျော်ရွှင်ဖို့ ကျနော်တို့ ဆုံးဖြတ်နိုင်ပါတယ်။
ပိုပြီး ပျော်ရွှင်ဖို့ကိုပဲ ဆုံးဖြတ်ပါ။ အလျင်အမြန် သက်ရောက်နေတဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းစေဖို့ အောက်ပါအချက်တွေကို စဉ်းစားကြည့်ပါ။


၁။ သင် ဘာကို အောင်မြင်လိုသလဲ၊ ဘာကြောင့်လဲ ဆိုတာ သိပါ။
ဦးတည်ရာ မရှိခြင်းဟာ စိတ်ဖိစီးမှုတွေကို ဖန်တီးပါတယ်။ အောင်မြင်တိုးတက်ရေးနဲ့ ပတ်သက်လို့ လူတွေ ကြုံတွေ့ကြရတဲ့ ပြဿနာကတော့ အချိန်မရှိခြင်း မဟုတ်ပါဘူး၊ ဦးတည်ရာ မရှိခြင်းပါ။ လူတိုင်းလူတိုင်းမှာ ၂၄ နာရီ နေ့ရက်တွေနဲ့၊ ၇ ရက် ရက်သတ္တပတ်တွေ ရကြပါတယ်။
သင် တစ်ခုခုကို လိုချင်ပြီဆိုရင် သင့်ရဲ့စိတ်ဟာ ရှင်းနေဖို့လိုပါတယ်။ အာရုံစူးစိုက်ပါ။ သင်ဘာကို လိုချင်သလဲ၊ ဘာကြောင့် လိုချင်သလဲဆိုတာကို သိပါ။ ပစ်မှတ်က ဘာမှန်းမသိဘူးဆိုရင် ဘယ်သူမှ ပစ်မှတ်ကို ထိအောင် မပစ်နိုင်ပါဘူး။
၂။ အရေးကြီးတဲ့အရာကို အာရုံစိုက်ခြင်းဖြင့် နည်းနည်းပဲ လုပ်ပါ
အောင်မြင်ဖို့ သော့ချက်တစ်ခုကတော့ အရေးပေါ်အရာတွေထက် အရေးကြီးတဲ့အရာတွေကိုသာ လုပ်ဖို့ဖြစ်ပါတယ်။
တစ်နည်းပြောရရင်၊ အရေးကြီးတာ အရင်လုပ်ဖို့ပါပဲ။ အရေးအကြီးဆုံးအရာတွေကို အာရုံစိုက်ပါ။ ကျန်တာတွေကို ရှင်းပစ်ထားပါ။
၃။ တိုးတက်မှုကို တွေးပါ၊ Perfect ဖြစ်ဖို့ မဟုတ်ပါ
Perfect ဖြစ်ပါ့မလားလို့ စိုးရိမ်မနေပါနဲ့။ သင်ဟာ ဘယ်တော့မှ အဲဒါကို ရမှာ မဟုတ်လို့ပါ။ အဲဒီအစား သင်လုပ်ခဲ့ပြီးသမျှ တိုးတက်မှုတွေကို ပြန်ကြည့်ပါ။ သင် ဒီနေ့ ပြုလုပ်လိုတဲ့ တိုးတက်မှုတွေကိုပဲ အာရုံစိုက်ပါ။
တိုးတက်မှုဖြစ်စဉ်ဟာ အလိုအလျောက် ဖြစ်လာတာ မဟုတ်ပါဘူး။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ အားထုတ်မှုတွေ လိုအပ်ပါတယ်။ ခြေလှမ်းတစ်လှမ်းချင်းစီဟာ တိုးတက်ခြင်းရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ပြီးတော့ ခြေလှမ်းတစ်လှမ်းချင်းစီဟာ ပျော်ရွှင်စွာ ဆင်နွှဲရမယ့် အောင်မြင်မှုတွေပါပဲ။
၎။ သင့် နှလုံးသားကို ညတိုင်း သန့်စင်ပါ။
သင့်ရဲ့ ခန္ဓာကိုယ်ဟာ နေ့စဉ် သန့်ရှင်းပေးဖို့ လိုအပ်သလို၊ သင့်ရဲ့ နှလုံးသားဟာလည်း နေ့စဉ် သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းနေ့တိုင်း လူတွေက သင့်ကို ခံစားရအောင် လုပ်တယ်၊ သင့်ကို စော်ကားတယ်၊ သင့်အပေါ် တက်နင်းတယ်၊ ဒါမှမဟုတ် သင့်ကို နစ်နာအောင် လုပ်တယ်။ ဒါပေမယ့် သင်ဟာ ဒီလူတွေကို ခွင့်လွှတ်ပြီး တစ်နေ့တာရဲ့ အဆုံးမှာ အဲဒီ အရာတွေကို ထွက်သွားခွင့်ပြုလိုက်တဲ့အခါ သင်ဟာ သင့်နှလုံးသားကို သန့်စင်ခြင်းပါပဲ။ နောက်တစ်နေ့ နံနက်မှာ သင်ဟာ လန်းဆန်းစွာ နိုးထလာမယ်၊ အဆိုး ခံစားမှုတွေမှ လွတ်လပ်နေမယ်။ နောင်တအဟောင်းတွေ၊ အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေကို နေ့သစ်ကို သယ်ဆောင်လာဖို့ ငြင်းဆန်လိုက်ပါ။
၅။ မမှန်တဲ့ အတွေးတွေကို ထုတ်ပယ်ပစ်ပါ။
နည်းလမ်းအသစ်တစ်ခုကို ကျွမ်းကျင်ဖို့အတွက်ဆိုရင် သင်ဟာ အဲဒီနည်းလမ်းအသစ်အတိုင်း တွေးဖို့လိုပါတယ်။
စိတ်ဖိစီးမှုတိုင်းရဲ့ နောက်ကွယ်မှာ မမှန်ကန်တဲ့ အတွေးတစ်ခု ရှိနေပါတယ်။ အဲဒီအတွေး မရှိခင်တုန်းက သင်ဟာ ဘာမှ မခံစားရပါဘူး။ အဲဒီအတွေး ရှိလာပြီးတဲ့နောက်မှာ သင်ဟာ ခံစားရပါတယ်။ အဲဒီအတွေးဟာ မမှန်ကန်ဘူးလို့ သိလိုက်ရင် သင်ဟာ ဘာကိုမှ ခံစားရမှာ မဟုတ်ပါဘူး။ သင့်ရဲ့ အတွေးတွေကို ပြောင်းလဲခြင်းဟာ သင့်ရဲ့ဘ၀ကို ပြောင်းလဲခြင်း ဖြစ်ပါတယ်။
၆။ စိတ်ဖိစီးမှုတစ်ချို့ကို မျှော်လင့်ပါ၊ လက်ခံပါ၊ ပြီးတော့ ထွက်သွားခွင့် ပြုလိုက်ပါ။
အံ့သြစရာ နေရာတွေဆီကို သွားတဲ့ခရီးတွေမှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို အမြဲလိုလို ရှိနေတတ်ပါတယ်။
စိတ်ဖိစီးမှုဆိုတာ ငြိမ်းချမ်းတဲ့ ဥယျာဉ်ကြီးနှစ်ခုကြားက နံရံပါပဲ။ သင် အခုရောက်နေတဲ့ ဥယျာဉ်နဲ့ သင် သွားလိုတဲ့ ဥယျာဉ်ပေါ့။ သင့်ရဲ့ လမ်းကြောင်းမှာ ရှိတဲ့ အဲဒီနံရံကြီးကို ကုပ်တွယ်တက်ပါ။ သင် တက်နေစဉ်မှာ သင်ခန်းစာတွေကို စုဆောင်းပါ။ ပြီးတော့ အခြားတစ်ဘက်မှာ ဆင်းလိုက်ပြီဆိုရင်တော့ ခံစားမှုတွေကို ထွက်သွားခွင့်ပြုလိုက်ပါ။ သင်ဟာ အဲဒီနံရံကြီးကို မတက်ခဲ့ရင်၊ ဒါမှမဟုတ် သင့်ရဲ့ ခံစားချက်တွေကို ထွက်သွားခွင့် မပြုခဲ့ရင် သင် ရှံးပါလိမ့်မယ်။
၇။ သင့်ခန္ဓာကိုယ်ကို ကြင်နာပါ။
လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။
တစ်ရက်ကို နာရီဝက်၊ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ပါ။ သင့်ကို ကျန်းမာစေမယ့် အစားအစားတွေစားပါ။
စာဖတ်ပါ၊ ကောင်းစွာ စားသောက်ပါ၊ နေထိုင်ပါ။
၈။ သင့်အတွက် ကောင်းတဲ့အရာတစ်ခု နေ့စဉ် လုပ်ပါ
သင့်ရဲ့ အရေးအကြီးဆုံးအရာ စာရင်းထဲမှာ သင့်ကိုယ်သင် ထိပ်ဆုံးက ထားပါ။ သင့်ရဲ့ ကြင်နာမှု၊ ဂရုစိုက်မှုတွေကို သင့်ထက်ပိုပြီး ထိုက်တန်တဲ့သူဆိုတာ ဒီကမ္ဘာမှာ မရှိပါဘူး။ ပထမဆုံး သင်ဟာ သင့်ကိုယ်သင် ချစ်ခင်တဲ့အခါ၊ အခြားအရာတွေဟာလည်း နေရာတကျ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် နေ့စဉ် သင့်ကိုယ်သင် ပြုစုပါ။ ကောင်းတဲ့အရာတစ်ခုခုကို သင့်ကိုယ်သင်  ပေးပါ။ ရယ်စရာတစ်ခုခု၊ ဆိတ်ငြိမ်တဲ့ စာဖတ်ခြင်း၊ သင့်ဝါသနာအတွက် အချိန်ပေးခြင်း၊ စသဖြင့်ပေါ့။
သင်ဟာ ကောင်းတဲ့အရာတွေနဲ့ အမှန်တကယ် ထိုက်တန်ပါတယ်။
၉။ ရိုးရှင်းပါ
စုစည်းပါ။ သင့်ရဲ့ နေရာကို သပ်ရပ်စွာ ပြင်ဆင်ပါ။ သင့်ရဲ့ အချိန်စာရင်းကိုလည်း စာအုပ်မှာ ရေးမှတ်ပါ။ တွေးဖို့ နေရာ၊ သင် အသက်ရှူဖို့ နေရာတစ်နေရာကို ဖန်တီးပါ။
နေ့စဉ်နေ့တိုင်းမှာ ပျော်ရွှင်မှုရဲ့ ဖြစ်နိုင်ခြေတွေကို ရှာဖွေပါ။
ဒီ သီးသန့်နေရာဟာ သင့်အတွက်ပါ။

Ref: 9 Things Happy People Do to Stress Less by Angel Chernoff

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။