Saturday 1 June 2013

တရုတ်နဂါး၏ အရင်းအမြစ် ရှာပုံတော်



ကျနော်တို့ မြန်မာနိုင်ငံ၏ ဘေးတစ်ဖက်တစ်ချက်တွင် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံနှစ်ခုဖြစ်သော တရုတ်နှင့် အိန္ဒိယ နိုင်ငံများတည်ရှိပါသည်။ ထိုနိုင်ငံများအနက် အထူးအလေးထား သတိထားသင့်သည့် တရုတ်ကြီး၏ လုပ်ဆောင်နေမှုများအား သိရှိစေရန်ဖေါ်ပြပေးအပ်ပါသည်။
မေမျြိ့သားလေး

၂၀၀၇ ခုနှစ် နွေရာသီ တစ်ခုမှာ ပီရူးနိုင်ငံ၏ တောင်တစ်လုံးကို တရုတ် ကုမ္ပဏီ တစ်ခုက ၀ယ်ယူ ခဲ့သည်။ ကမ္ဘာ့ အမြင့်ဆုံး ဧ၀ရတ် တောင်ကြီး၏ တစ်ဝက်ခန့် မြင့်မားသည့် တိုရိုမိုချို တောင်ကြီးမှာ ကမ္ဘာပေါ်မှာ နောက်ဆုံး ကျန်ရှိသည့် ကြေးနီသိုက်ကြီး တစ်ခုရှိနေ ခဲ့သည်။ ညှိနှိုင်း ဈေးဖြစ်သည့် အမေရိကန် ဒေါ်လာ သုံးဘီလီယံကို တရုတ် ကုမ္ပဏီ ချင်နာကိုက ပေးချေပြီးသည့် အခါ တိုရိုမိုချို တောင်ကြီးကို ပီရူးနိုင်ငံ သားများ ဆုံးရှုံး လိုက်ရပါသည်။


တရုတ် နဂါး၏ အနာဂတ် အတွက် အရင်းအမြစ် ရှာဖွေစုဆောင်းမှု စီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်မှာ ရှိသည့် သဘာဝ အရင်းအမြစ်များ ရှားပါးလာမှုနှင့် အနာဂတ် ပြဿနာကို ရင်ဆိုင်ဖို့ အတွက် စီးပွားရေး အရရော နိုင်ငံရေး အရပါ အပတ်တကုတ်ကြိုးပမ်း ပြင်ဆင်မှုများ အပြုလုပ်နေဆုံး နိုင်ငံ ဖြစ်သည်။
ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ဓာတ်သတ္တုများ အပါအ၀င် အစား အသောက်၊ သောက်သုံး ရေနှင့် စိုက်ပျိုး မြေများအထိ အနာဂတ် နှစ်ပေါင်းများစွာမှာ လုံခြုံစေဖို့ အတွက် တရုတ်တို့ ပြင်ဆင်နေကြသည်။ လျှပ်စစ်လုပ်ငန်းများအတွက် ၀ိုင်ယာနှင့် ကေဘယ်လ်ကြိုးများ၊ အပူအအေးပေးစနစ်များအတွက် ပိုက်လိုင်းများ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်များမှစ၍ မိုဘိုင်းဖုန်းများနှင့် စက်မှုလုပ်ငန်းအသီးသီးမှာ မရှိမဖြစ်အရေးပါသည့် “ကြေးနီ”ကတော့ တရုတ်တို့ ရှာဖွေစုဆောင်းနေသည့် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူလတ်တန်းစားအရေအတွက် အဆမတန်များပြားလာမှုကြောင့် တရုတ်တို့၏ ဇိမ်ခံဘ၀များမှာ ကြေးနီက အရေးပါလာ သလို နိုင်ငံတကာကို သူတို့တင်ပို့ ရောင်းချသည့် ကုန်ပစ္စည်းများမှာလည်း ကြေးနီသုံးစွဲမှုမှာ တစ်ကမ္ဘာ လုံးသုံးစွဲမှု၏ ၂၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်မှာ ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ တကယ်တော့ တရုတ်နိုင်ငံသည် ကြေးနီထွက်သည့် နိုင်ငံတစ်ခုဖြစ်ပါသည်။
ကမ္ဘာပေါ်မှာရှိသည့် မတူးဖော်ရသေးသော ကြေးနီသိုက်များ၏ ၆ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင် ရှိနေသည်။ သို့သော် တစ်နှစ် လျှင် ကြေးနီသုံးစွဲမှုနှုန်း ၆ ရာခိုင်နှုန်း မှန်မှန်တက်လာနေသည့် တရုတ်၏ လိုအပ်ဆနအတွက်တော့ ဆင့်ပါး စပ်နှမ်းပက်သလိုပါ။ အမေရိကန် ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးဌာန၏ “သက္က ရာဇ် ၂၀၂၀ အနာဂတ်ကမ္ဘာ့ကုန်ပစ္စည်းများ ဟန်ချက်မညီမျှမှု” စစ်တမ်းအရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကြေးနီ လိုအပ်ချက်သည် ထုတ်လုပ် နိုင်သည့်အားထက် တစ်ဆပိုများလာမည် ဖြစ်သည်။ ယခုတွေ့ရှိချက်ကို တရုတ်တို့ ဖတ်ရှုပြီးဖြစ်သည်မှာ သံသယဖြစ်စရာမလိုပါ။ တရုတ်နိုင်ငံမှာ ကြေးနီအပြင် အခြားဖိအားများစွာရှိသည်။ မြို့ကြီးပြကြီးများ ထွန်းကားလာမှုကလည်း စိန်ခေါ်မှုတစ်ခုဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တုန်းကပင် တရုတ်နိုင်ငံမှာ လူဦးရေတစ်သန်းကျော်သည့် မြို့ကြီးပေါင်း ၄၀ ရှိနေခဲ့သည်။ လာမည့် ၂၀၂၀ မှာတော့ လူဦး ရေတစ်သန်းကျော်ရှိသည့် မြို့ကြီးပေါင်း ၂၂၅ မြို့အထိ ရှိလာမည်ဟု ရည်မှန်းကြသည်။ မက်ဂင်ဆေးဂလိုဘယ်လ် အင်စတီကျူဒ် အဖွဲ့ကြီး၏ ခန့်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံ လူဦးရေစုစု ပေါင်း၏ ၆၄ ရာခိုင်နှုန်းဖြစ်သည့်သန်း ၄၀၀ သော ပြည်သူများသည် မြို့ကြီးများတွင် နေထိုင်ကြမည်ဟု ဆိုသည်။ စွမ်းအင်နှင့် အခြားလိုအပ်ချက်များအပြင် အစားအသောက်အတွက်ပါ တရုတ်တို့ အပတ်တကုတ် ပြင်ဆင်လာကြသည်။ မြို့ပြဖွံ့ဖြိုးလာမှုနှင့် စက်မှုလုပ်ငန်းများက စိုက်ပျိုးမြေဧကများကို လျော့နည်းလာစေမှုကြောင့် အစားအသောက် ပြဿနာကို ရေရှည်ဖြေရှင်းဖို့အတွက် တရုတ်တို့ကြိုးပမ်းနေကြသည်။ ကမ္ဘာကြီး၏ မျက်နှာပြင်မှာ ၂၉ ရာခိုင်နှုန်းကသာ မြေမျက်နှာပြင်ဖြစ်ပြီး ထိုမြေမျက်နှာပြင်၏ ၁၁ ရာခိုင်နှုန်းကသာ စိုက်ပျိုးနိုင်သောမြေ ဖြစ်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ကြီးကဆိုသည်။
လူဦးရေအဆမတန်များပြားလာမှုက စားနပ်ရိက္ခာ လိုအပ်ချက်ကို ကြီးမားသည့်ဖိအား ဖြစ်လာသည့်အနက် တရုတ်နိုင်ငံ က အဆိုးရွားဆုံးဖြစ်ပါသည်။ ၁ ဒသမ ၃ ဘီလီယံလူဦးရေရှိသည့် တရုတ်နိုင်ငံ၏ မြေမျက်နှာပြင်မှာ ၁၂ ရာခိုင်နှုန်းသာ စိုက်ပျိုးနိုင်သည့် မြေဖြစ်ပါသည်။ လူဦးရေမတိမ်းမ ယိမ်းရှိလာနေသည့် အိန္ဒိယနိုင်ငံ သည် စိုက်ပျိုးနိုင်သည့် မြေ ၅၀ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် တရုတ်ထက်အပြတ်အသတ်သာသည်။ ထို့အပြင် တရုတ်နိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်ကို စိုက်ပျိုးမြေဟက်တာပေါင်းတစ်သန်းခန့် ဆုံးရှုံးနေသည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်။
မိမိနိုင်ငံမှာ စားနပ်ရိက္ခာကို လုံလောက်အောင် မထုတ်နိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းမှာ မြေယာများကို ၀ယ်ယူငှားရမ်းဖို့အတွက် တရုတ်တို့ ကြိုးပမ်းခဲ့ကြသည်။ ကွန်ဂို၊ မိုဇမ်းဘစ်၊ တန်ဇန်းနီးယား၊ ဇင်ဘာတွေစသည့် အာဖရိကတိုက်နိုင်ငံများ အပါအ၀င် တောင်အမေရိကတိုက်အထိ နှစ်ရှည်မြေ၀ယ်ယူငှားရမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ တရုတ်တို့၏ စိုးရိမ်ပူပန်မှုမှာ စားနပ်ရိက္ခာအပြင် ရေကလည်း အဓိကကျသည်။ တရုတ်နိုင်ငံရှိ မြစ်များနှင့် ရေအရင်းအမြစ်များတည်ရှိမှုမှာ တကယ်လိုအပ်သည့်နေရာ များနှင့် ကွာဟမှုများရှိနေသည်။ လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က တရုတ် နိုင်ငံ၏ မြို့ကြီးပေါင်း ၆၆၉ မြို့၏ ၆၀ ရာခိုင်နှုန်းသည် ရေပြတ်တောက်မှုနှင့် ကြုံခဲ့ရဖူးသည်။
နိုင်ငံတကာရေ အရင်းအမြစ်ပညာရှင်များက ရေသည် ကမ္ဘာ့အနာဂတ်ပဋိပက္ခများအတွက် အဓိကကျသည့် အကြောင်း တရားတစ်ခုဖြစ်လာမည်ဟု ခန့်မှန်းလာကြသည်။ သဘာဝအရင်းအမြစ်များကို အပြင်းအထန်လိုအပ်နေသည့် တရုတ်နိုင်ငံ၏ အိမ်နီးနားချင်းအနေဖြင့် ကျွန်တော်တို့အတွက် အ ကောင်းအဆိုးဒွန်တွဲသည့် အနာဂတ်တည်ရှိနေသည်။ စနစ်ကျမှန်ကန်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ပွင့်လင်းမြင်သာသည့် သဘာဝအ ရင်းအမြစ်စီမံခန့်ခွဲမှုတို့ လိုအပ်သည်။
မည်သည့်အခါမျှ ပြည်သူ လူထုကို အစီရင်မခံခဲ့သည့် အစိုးရဟောင်းများ၏ သဘာဝအရင်းအ မြစ်ရောင်းချမှုများက မြန်မာ့လူ့အဖွဲ့အစည်းတွင် နှစ်ရှည်ဆိုးမွေများ ချန်ရစ်ခဲ့ပြီ ဖြစ်သည်။ အိမ်နီးချင်းဆက်ဆံရေး မပျက်ပြယ်ဘဲ ကိုယ့်နိုင်ငံ၏ အရင်းအမြစ်များကို နောင် အနာဂတ်မျိုးဆက်များအတွက် ချန်ထားရစ်နိုင်ဖို့ ကြိုးပမ်းကြရ မည်။ နိုင်ငံတစ်နိုင်ငံ၏ သဘာဝ အ ရင်းအမြစ်များသည် လက်ရှိမျိုး ဆက်တစ်ခုတည်းနှင့်သာ သက်ဆိုင် သည်မဟုတ်ဘဲ အနာဂတ်မျိုးဆက် များပါ ပိုင်ဆိုင်ကြောင်း အားလုံးအသိအမှတ်ပြုဖို့ လိုအပ်သည်။ ကျွန်တော်တို့အိမ်၏ ကပ်လျက်အိမ်နီးချင်းသည် ဆာလောင်မွတ်သိပ်နေသော နဂါးကြီးတစ်ကောင်ဖြစ်သည်ကို သတိရဖို့လိုအပ်ပါသည်။
7Day News

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။