Saturday 1 June 2013

ခြံဝင်းထဲမှာ စိန်တွေရှိတယ်




     အမိမြန်မာနိုင်ငံကြီးအား ပစ်ခွာသွားပြီး နိုင်ငံရပ်ခြားအား အထင်အမြင်ကြီးကာ စွန့်ခွာသွားသူများ၊ စွန့်ခွာရန်ကြိုးစားနေသူများ အနေဖြင့် သိရှိဖတ်ရှုသင့်သောဆောင်းပါးတစ်ပုဒ်အဖြစ် မျှဝေ ဖေါ်ပြပေး အပ်ပါသည်။
မေမြို့သားလေး

    ပုံပြင်လေး တစ်ပုဒ် ကြားဖူးတယ်။ ရှေးဟောင်း ပုံပြင်လေး ပါပဲ။ အရင်တုန်းက လူတစ်ယောက် ရှိတယ်။ သူက စိန်ချစ်တဲ့ သူတဲ့။ ငယ်စဉ် ကတိုင် စိတ်ကူးယဉ် ခဲ့တာက သူလူလား မြောက်ကြီးပြင်း လာရင် စိန်တွင်း ပိုင်ရှင်ကြီး ဒါမှမဟုတ် စိန်သူဌေးကြီး ဖြစ်ရမယ် ဆိုတာပါပဲ။ တကယ်လို့ အဲဒီလို မဖြစ်ရင်တောင် အနိမ့်ဆုံး စိန်တူး သမားတော့ ဖြစ်ရမယ်။ စိန်တူး နေတဲ့ စိန်တူး သမားဆိုတာ တစ်နေ့ မဟုတ် တစ်နေ့ စိန်ကြောကို တွေ့မှာ အသေ အချာပဲ။ အဲ စိန်သာတွေ့ပြီဆို လို့ကတော့...


သူဟာ စိန်ထွက် တယ်လို့ကြား တဲ့နေရာ တိုင်းကို ရောက်အောင်သွား တယ်။ ရှာတယ်၊ ဖွေတယ်။ တူးတယ်၊ ဆွတယ်ပေါ့။ ဒါပေမဲ့ စိန်အစစ်မပြော နဲ့ မြိုင်စိန် တောင်မရဘူး။ စိန်နံ့ခံနေ ရတာနဲ့ တခြားအသက်မွေး ဝမ်းကျောင်း အလုပ်ကိုလည်း သူစိတ်မဝင် စားဘူး။ စိန်ရောဂါပဲ ထနေတယ်။ နည်းနည်း ခက်ခဲလာတဲ့ အခါ ခြံနဲ့အိမ်ကိုရောင်း ပြီး ရှိတဲ့ငွေနဲ့ စိန်သတင်းကြားရာ အရပ်ကို လိုက်ပြီး စိန်ကိုပဲ ဆက်ရှာခဲ့ တယ်။ ဒါပေမဲ့ အချိန်တွေသာ ကြာ လာသလို အသက်အရွယ်သာ ရလာ တယ်၊ ဘယ်နေရာမှာမှ ဘာစိန်ကိုမှ မရဘဲ ခြေကုန်လက်ပန်း ကျလာတယ်။
တစ်ရက်မှာတော့ သူ့ဆီကို သတင်းတစ်ခု ရောက်လာတယ်။ ကိုယ့် နားကို ကိုယ်မယုံစရာ သတင်းပါပဲ။ သူရောင်းခဲ့တဲ့ သူ့ခြံထဲမှာ စိန်တွေထွက် နေသတဲ့။ စိန်မှ တစ်ပွင့်တည်း နှစ်ပွင့် တည်းမဟုတ်ဘူး။ စိန်ကြောကြီးပါ တွေ့နေရ တာတဲ့။ သူအံ့ဩသွား တယ်။ သူ့ရဲ့ခြံကို ဝယ်လိုက်တဲ့ လူက တွင်းတစ်တွင်း တူးရင်းက မမျှော်လင့် ဘဲ စိန်တွေကို တွေ့တာတဲ့။ စိန်ကြော ကြီးကို တွေ့တာတဲ့။ စိန်သံကြားတိုင်း ကမ္ဘာ့အနှံ့ စိန်လိုက်ရှာ နေရတဲ့ သူ့ဒုက္ခ အတွက်လည်း သူဟာရင်ထု မနာဖြစ် သွားရသတဲ့။ ပုံပြင်ကတော့ ဒါပါပဲ။ ဒါပေမဲ့ စာဖတ်သူတွေကို အတွေး တစ်စပေးသွားမှာတော့ သေချာတယ်။ တကယ်ပါပဲ။ လူတွေဟာ ကိုယ့် ပတ်ဝန်းကျင်မှာ စိန်တွေရှိ နေပါလျက် အဝေးမှာ စိန်ရှာတတ် ကြတယ်။ အဝေးက ရှိနေတဲ့ စိန်ကို မက်မောတမ်း တ၊ သွားရည်ယို နေပေမဲ့ ကိုယ်ဟာ စိန်တုံးကို ဖင်ခုထိုင် နေတယ်ဆိုတာကို သတိမထား တတ်ဘူး။ ကိုယ့်အနီး အနားမှာ ရှိနေတဲ့ စိန်တုံးတွေကို တူး ဖော်ယူဖို့ မေ့နေ တတ်တယ်။ ဒီတော့ မလိုအပ်ဘဲ ငွေကုန်သံပြာ ဖြစ်ကြ ရတယ်။ အချိန်ကုန် လူပင်ပန်းဖြစ် ကြရတယ်။ စိန်ဆိုတာ ဘာလဲ။
ပုံပြင်က ဒုတိယ အတွေးများကိုလည်း ပေးထား ပါတယ်။ ကျွန်တော်တို့ အနီးအနားမှာ စိန်ဆိုတဲ့၊ စိန်တွင်း ဆိုတဲ့ အလုပ်အကိုင် တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိနေပါတယ်။ သတိမမူ တော့ ဂူကိုမမြင် မိကြဘူး။ ကြိုးစား စိုက်ထုတ်ရမယ့် လုံ့လဝီရိယကို တလွဲ အသုံးချနေကြတယ်။ "ဟိုဘက်ခြံက မြက်ခင်းက ပိုစိမ်းတယ်"ဆိုတဲ့ အယူ အဆနဲ့ ဟိုဘက် ဒီဘက် ခြံတွေကိုပဲ ငေးမျှော်ကြည့် တတ်ကြတယ်။ ခုန်ကူး ချင်ကြတယ်။ တချို့လည်း တွေးသလို လုပ်ကြတဲ့ လူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ ထင်တိုင်း မပေါက်တာ ရှိသလို အထင်နဲ့အမြင် ပါစင်အောင်လွဲနေ တာမျိုးတွေလည်း ရှိကြတယ်။ တချို့ ကတော့ ဘဝရဲ့သင်ကြားမှုအသစ် တွေနဲ့အတူ ဆန်ပေးလို့ဆေးရခဲ့တာ တွေလည်း အသင့်အတင့်ရှိရဲ့။ တကယ်က ကိုယ့်ခြံဝင်းထဲက ပစ္စည်းကိုရှိနေတဲ့ အချက်အလက် အောက်မှာပဲလုံ့လစိုက်ထုတ်ပြီး ရှာဖွေ တူးဖော်သင့်တယ်။ နေပူနေတဲ့ကာလ တွေမို့ အပူဒဏ်နဲ့ ချွေးပြိုက်ပြိုက်ကျပြီး ထန်နေချိန်မို့ မျက်စိထဲ သဲဝင်တာ၊ မြင်ကွင်း မရှင်းတာ၊ လုပ်ရကိုင်ရ ခက်မှာ အမှန်ပါပဲ။ ဒါပေမဲ့ ယုံကြည် ပါ။ ဒီခြံဝင်းထဲမှာ စိန်တွေရှိတယ် ဆိုတာ ယုံကြည်ပါ။
ကိုယ်က "ရွာလွန်ရွက်တိုက်"နေ တဲ့ ကာလမှာ လူစိမ်းတွေက ကိုယ့်ခြံ ဝင်းထဲကို ရောက်လာကြ လိမ့်မယ်။ သူ တို့ရောက်လာတဲ့ အချိန်မှာ ပိုင်ရှင်ဖြစ် တဲ့ ကိုယ်က ဘေးရောက်နေရင် သူတို့ အတွက် အခွင့်အရေး ကောင်းတွေ ရသွားလိမ့်မယ်။ ကိုယ်စားမှာကို သူတို့ စားသွား လိမ့်မယ်။ ကိုယ်ခင်း ထားတဲ့ အိပ်ရာမှာ သူတို့ဝင်အိပ် သွားလိမ့် မယ်။ ဘာလို့ ဘေးမှာထွက်ပြီး စိန်ရှာ နေကြမလဲ။ ကိုယ့်ခြံကိုယ့်ဝင်း ထဲမှာ စိန်တွေ ရှိနေတာပဲ။ အဲဒီစိန်တွေကို မတွေ့တွေ့အောင် ရှာဖို့၊ မလှ လှ အောင် သွေးတတ်ဖို့သာ လိုတယ် မဟုတ်လား။
အဲဒီအတွက်တော့ အချိန်ယူကြိုးစား ရမှာပေါ့။ အလုပ်အကိုင် အခွင့်အလမ်းဆိုတာ ဟိုးအဝေးကြီးမှာ သွားရှာမှ ရတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်း ကျင်မှာ တင် ရှိနေပါတယ်။ အဲဒါကို မျက်စိ ချော်၊ အတွေးချော်ပြီး အလုပ်ချော်နေ ကြရင် မှားလိမ့်မယ်။ ဘဝမှာ ချော် တောငေါ့ နေတာတွေ များနေရင်တော့ အဆင်ပြေမယ်မထင်ဘူး။ ဒုက္ခရောက် လိမ့်မယ်။ ပြင်မရတဲ့ အမှားတွေကို ကြုံကြရလိမ့်မယ်။ တစ်ခါတစ်ခါ ယာယီအခြင်းအရာ တွေကို မြင်တွေ့ တော့ အဲဒါကို ထွက်ပေါက်လို့ ထင် မှတ်မှား တတ်တယ်။ အရိပ်ကို အကောင်လို့ ထင်တတ်ကြတယ်။ ဆရာတွေက ကမ္ဘာ့စိန်ကြော ကြီးတွေ အကြောင်း ရေးဖူးတယ်။ စိန် ရှာတဲ့လူတွေအကြောင်း ရေးဖူးတယ်။ ဒါဟာ အဓိပ္ပာယ်မဲ့လုပ်နေတာ မဟုတ်ဘူး။
"သတိမမူ ဂူကိုမမြင်" နားလည်နိုင်ကြဖို့ အတွက် ဆောင်ရွက် နေကြတာ ဖြစ်ပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ နားလည် ကြရမယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ နားလည် ကြရမယ်။ လူငယ်တွေ နားလည်ကြရ မယ်။ သူတို့တစ်တွေရဲ့ နားလည်မှု အထူအပါးအလိုက် ကာယကံရှင် သူတို့ရော တိုင်းပြည်ရော အကျိုးရှိမှာ အသေအချာ ဖြစ်ပါတယ်။ တစ်ခုရရှိဖူး တာကို လက်ဆင့် ကမ်းပေး ချင်ပါတယ်။ အမေရိကန် စာရေး ဆရာကြီး"ဟင်နရီဒေးဗစ် သောရော" (Henry David Thoreau)ရဲ့ စကားပဲဖြစ်ပါတယ်။ သူက "လူတစ် ယောက်ဟာ သူ့အိပ်မက်တွေက လမ်း ညွှန်တဲ့အတိုင်း ယုံယုံကြည်ကြည်နဲ့ လျှောက်သွားရင်း စိတ်ကူးထဲက ဘဝ မှာနေထိုင်ဖို့ ကြိုးစားရင်း ကြိုးစားရင်း နဲ့ မမျှော်လင့်ဘဲ တကယ့်ဘဝမှာ အောင်မြင်မှုတွေ ရတတ်တယ်"တဲ့။
အဝေးကြီးမှာ သွားပြီး စိန်ရှာနေ တဲ့သူတွေ၊ ခြံစည်းရိုး ဟိုဘက်နားမှာ သွားပြီး စိန်ရှာနေတဲ့ သူတွေ သူ့ သဘော သူဆောင်ပြီး လုပ်ကြပါစေ။ အပြစ်မတင် ကြပါနဲ့။ သွားကြ လုပ်ကြ ပြီးပြီပဲ။ ဘာတတ်နိုင် မှာလဲ။ တကယ့် ဘဝတွေကို သူတို့နားလည် လာတဲ့ အချိန်မှာ ဘယ်ဟာက လုပ်သင့်တယ်။ ဘယ်ဟာက လုပ်ချင်တိုင်းလုပ်ဖို့ မရဘူးဆိုတာ ဘဝအရ သိလာကြလိမ့် မယ်။ ဒီကတစ်ဆင့် မမျှော်လင့်ဘဲ အောင်မြင်မှုတွေ ရသွားတယ်ဆိုရင် ကောင်းတာပေါ့။ နားလည် ထားရမှာက အရင်က ဘာတွေလုပ်ခဲ့ လုပ်ခဲ့၊ အခု သိထားရ မှာက ခြံဝင်းထဲမှာ စိန်တွေ ရှိနေတယ် ဆိုတာကို နားလည်ကြဖို့ပဲ ဖြစ်လိမ့် မယ်။ ဒါကို ရှင်းလင်းနားလည် လာတဲ့ လူတွေများ လာလေလေ အနာဂတ် ဟာ စိမ်းစိုလန်းဆတ် လှပလာလေလေ ဖြစ်လိမ့်မယ်။

ထက်ကျော်
အခွင့်အလမ်း

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။