Sunday, 14 October 2012

အဖေ.....


                       လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွားရောင်းတာနေမွန်းမတည့်ခင်
ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက် အမြတ်ရခဲ့တယ်၊ ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်း
ပန်းကလေးတွေရောင်းခဲ့ပြန်တယ်။ နေစောင်းတဲ့အထိလေးပုံပုံတစ်ပုံတောင်ရောင်းမထွက်လို့ငွေရှုံးပြီးအိမ်ပြန်ခဲ့ရတယ်။
ဒါကိုကြည့်ရင်သားသမီးတွေက ဖခင်ကိုဂုဏ်ပြုဖို့ထက်မိခင်ကိုပဲအလေးထားတယ်ဆိုတာ ထင်ရှားနေပါတယ်။

အဲဒါကိုအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။



  ကျွန်တော် ဒီအကြောင်းလေးကနေစပြီး အဖေနဲ့ပက်သက်တာတွေ လျှောက်စဉ်းစားမိပါတော့တယ်။

စင်္ကာပူနိုင်ငံမှာ တစ်ချို့  PR (Permanent Resident)ဖြစ်သွားတဲ့ဇနီးမောင်နှံကသားဦးသမီးဦးလေးတွေမွေးလာတဲ့အခါ
စင်္ကာပူက လူနေမှုစရိတ်မြင့်မားတဲ့အတွက် ကလေးထိန်းဖို့ရောမီးဖိုချောင်တာဝန်ယူဖို့ ရောကူဖော်လောင်ဖက်
လိုအပ်တဲ့အတွက် မြန်မာနိုင်ငံကမိခင်ကြီးတွေကို စင်္ကာပူနိုင်ငံကိုအလည်လာဖို့လေယာဉ်လက်မှတ်ဝယ်ပြီးပို့ပေးကြပါတယ်။
ဖခင်အိုကြီးတွေကိုဘာလို့မခေါ်တာလဲလို့မေးကြည့်တော့အဖေကကလေးလည်းမထိန်းတက်ဘူး၊
ထမင်းဟင်းလည်းကောင်းကောင်း မချက်တက်ဘူးတဲ့။
သြော်သူတို့လေးတွေနိုင်ငံခြားမှာပညာသင်နိုင်ဖို့ လျှာမြက်ပေါက်လုမတက်ခြိုးခြံပြီးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့ဖခင်ကို
သူတို့တွေကောင်းစားတဲ့နိုင်ငံခြားမှာကြီးပွားချိန်ရောက်တော့အလည်တောင်မခေါ်ဘဲ မြန်မာပြည်မှာချန်ထားရစ်ခဲ့ကြတာ

အဖေများသိရင်ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။

ရပ်ဝေးမှာကျောင်းဆရာမအလုပ်လုပ်နေတဲ့အပျိုကြီးသမီးဖြစ်သူကို စိတ်မချဘဲဖခင်ကရထားဘူတာရုံအထိ လာကြိုတော့တော့
သားကြီးတို့ထုံးစံအတိုင်းဖိနပ်မပါ၊ကွမ်းတမြုံ့မြုံ့ဝါးပြီး လူကြားထဲမှာသမီး၊သမီးလို့ ၀မ်းသာအားရသမီးရဲ့ထမီထုပ်ကိုထမ်းဖို့
အနားကပ်လာတဲ့ဖခင်ဖြစ်သူရဲ့ ပုံဆိုးပန်းဆိုးပုံစံကြောင့် သူငယ်ချင်းကျောင်းဆရာမတွေ ကြားမှာ ရှက်သွားတဲ့မြို့ကျောင်းက
ဆရာမလေး သမီးဖြစ်သူက အဖေသမီးကို လူကြားထဲမှာ သမီးလို့ခေါ်ပါနဲ့တဲ့။

သြော်ဒါတွေကို အဖေများသိရင် ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။

နယ်မြို့လေးကနေညကားနဲ့ပြန်လာတဲ့သမီးကိုဒီဇင်ဘာဆောင်းတွင်းကြီးအိမ်တံခါးပိတ်မအိပ်ဘဲထိုင်စောင့်နေတဲ့အဖေဟာ
အအေးဒဏ်ကြောင့် ကိုယ်တခြမ်းလေဖြန်းသွားခဲ့ဖူးတယ်။ ဒါပေမယ့် သမီးဖြစ်သူကို အဖေနဲ့အမေ ဘယ်သူ့ကိုပိုချစ်သလဲမေးတော့
အမေ့ကိုပိုချစ်ပါသတဲ့လေ။ဘာလို့လဲဆိုတော့ အဖေ့ကို ကိုယ်တစ်ခြမ်းစောင်းငန်းစောင်းငန်းနဲ့ တွေ့ရတာ စိတ်မချမ်းသာဘူးတဲ့။ လူကြားထဲလဲ
မ၀င်ဆန့်ဘူးတဲ့.။ ဒါကြောင့် အဖေကို သိပ်မချစ်တာပါတဲ့လေ။

အဖေများသိရင် ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။

 စားဝတ်နေရေး ငွေရှာပေးဆိုတဲ့တာဝန်ဟာ ဘယ်လောက်ကြီးမားပြီး ခေါင်းခြောက်ရတဲ့တာဝန်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အခု
ကိုယ်တိုင်ငွေရှာရမှ သိတာလေ။ ဒါတောင် အိမ်ထောင်စုတစ်ခုလုံးအတွက် ရှာပေးနေတာရမဟုတ်သေးဘူး။ ဒီတော့
တစ်ချို့သော ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာအားကြီးပေမဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာအားနည်းတက်တဲ့အဖေတွေဟာ
စားဝတ်နေရေးအရှုပ်တော်ပုံတွေကြောင့် ဆေးလိပ်၊အရက်တွေနဲ့စိတ်ထွက်ပေါက်ရှာရင်းယစ်ထုတ်ကြီး ဖြစ်သွားခဲ့ကြတယ်။
နောက်ပြီးတော့ သားသမီးရဲ့အညုအတုတွေဇနီးမယားရဲ့စကားနုနုတွေမတွေ့မကြားရတဲ့တစ်ချို့အဖေတွေဟာ ရေကြည်ရာမြက်နုရာရှာရင်း
အပျော်မိန်းမတွေရဲ့မာယာဂယက်တွင်းသက်ဆင်းခဲ့ကြရင်း အိမ်ထောင်ရဲ့ဗီလိန်လူကြမ်းကြီးတွေဖြစ်သွားကြရတယ်။

အဲဒီလိုအိမ်ထောင်ဦးစီးမဖြစ်ခဲ့တဲ့ဗီလိန်လူကြမ်းကြီးအဖေတွေကိုစိတ်နာလွန်းလို့ အရွယ်ရောက်လာတဲ့သားသမီးတွေရဲ့ မင်္ဂလာဆောင်ဖိတ်စာတွေထဲမှာ
အဖေကိုသေပြီလို့သဘောမှတ်ပြီး အဖေ့နာမည်ကိုကွင်းကလေးထဲခတ်ပြီး ဖိတ်စာမှာ ပုံနှိပ်ဖော်ပြခဲ့ကြတယ်။
ဒီထက်ပိုဆိုးတာကသားတစ်ဦးရဲ့မင်္ဂလာဆောင်ဖိတ်စာမှာတာဝန်မကျေတဲ့အဖေကို စိတ်အနာကြီးနာခဲ့တာကြောင့်
မိဘအုပ်ထိန်းသူနေရာမှာအဖေရဲ့နာမည်ကိုလုံးဝဖျောက် အမေနာမည်တစ်လုံးတည်း ကို ပုံနှိပ်ဖော်ပြထားတာတွေ့ဖူးလိုက်ရဲ့။
ဒါဆိုဒီကလေးအဖေမပါဘဲမွေးခဲ့တာပေါ့။

စာရေးဆရာတစ်ဦးကပြောဖူးတယ်။ အဖေ့အကြောင်းရေးထားတဲ့စာအုပ်ကို သူပုံနှိပ်ထုတ်တာရောင်းမထွက်ဘဲရှုံးခဲ့ဖူးသတဲ့။ ဖြစ်နိုင်ပါတယ်။
ရုပ်ရှင်တွေ ဗီဒီယိုတွေမှာလဲ အဖေ့ကိုအသားပေးတဲ့ အဖေက ကြိုးစားပြီး အိမ်ထောင်စုတစ်ခုလုံးကို ဘယ်လိုကာကွယ်ထိန်းသိမ်း တာကို
ရိုက်ပြတဲ့ ရုပ်ရှင်ဗီဒီယိုဆိုတာ တော်တော်ရှားပါတယ်။ အဖေကအရက်သမားဖြစ် အမေကိုရိုက် သားသမီးကိုရိုက် ပြီးရင် မယားငယ်ယူ
အမေနဲ့ အိမ်ထောင်ကွဲ သားသမီးတွေကို အမေက လူလားမြောက်တဲ့အထိကျွေးမွေးစောင့်ရှောက်ခဲ့ ဒီလို အမေကိုအသားပေးပြီး အဖေ့ကိုဗီလိန်နေရာ ထားတဲ့ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေသာ များနေတာ တွေ့ရပါတယ်။ ဒါတွေကြောင့်လဲ အဖေတွေက သားသမီးတွေအမြင်မှာသိပ်သဘောမတွေ့ပဲ အမေ့နောက်ရောက်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဟုတ်ကဲ့ကျွန်တော်ရေးနေတဲ့ စာကိုဖတ်သူမရှိရင်လည်းနေပါစေ- အဖေတွေရဲ့ မျက်ရည်ကိုသားသမီးတိုင်း နားလည်ပေးမယ်ဆိုရင်
အဖေမျက်ရည်ထွက်ရကျိုးနပ်လိမ့်မယ်လို့ ယူဆပြီး ဒီစာလေးကိုရေးလိုက်ရတာပါ။
အဲဒီလိုအဖေတွေကိုအဆိုးမြင်နေရင်လဲ အဖေဆိုတာဟာမနှိုင်းကောင်းနှိုင်းကောင်းလောကဓံနဲ့ သားသမီးတွေကြားမှာ တရားခံဖြစ်ခဲ့တာဓါးစာခံဖြစ်ခဲ့တာခြေဖ၀ါးနဲ့မြေသားကြားကရော်ဘာဖိနပ်ပါးပါးလေးလိုပါပဲ။
အဲဒါကြောင့်ရော်ဘာဖိနပ်ပါးပါးလေးတွေကိုမြင်ရင်မိတ်ဆွေတို့ရဲ့အဖေကိုသာ သတိရလိုက် ကြပါလို့……………..။

မှတ်ချက်။        ။ သူငယ်ချင်းတို့ရေ ဒီစာလေးက မင်းဖေဖေနဲ့ပတ်သက်ပြီး မင်းရဲ့စိတ်ကို တစ်စုံတစ်ရာ လှုပ်ခတ်သွားစေခဲ့တယ်ဆိုရင်
အဖေ့အတွက် စိတ်ထဲကနေ ဆုတောင်းပေးလိုက်ပါနော်.... အဖေတစ်ယောက် ဘေးကင်းပြီး ကျန်းမာပါစေလို့...
မိဘကျေးဇူးနားလည်သိတတ်သောသားသမီးများဖြစ်ကြပါစေလို့
ဆုတောင်းရင်း။ ။

မေမြို့သားလေး

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။