Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Tuesday, 22 January 2013

သမ္မတဦးသိန်းစိန်ရေးသားထားသော " စီးဆင်းနေသော ဧရာဝတီ " ဝတ္ထုတို



သမ္မတဦးသိန်းစိန်ရေးသားထားသော " စီးဆင်းနေသော ဧရာဝတီ " ဝတ္ထုတို

စစ်ဆေးရုံ ကားဂိတ်သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန်တွင်
ညနေ ၃ နာရီ၊ ၄၅ မိနစ်သာရှိသေးသည်။ လူနာ တွေ့ချိန်သည် ညနေ
၎ နာရီမှ ၆ နာရီ အထိဖြစ်၍ ၁၅ မိနစ် စောင့်ရပေဦးမည်။ အမှတ် (၂) ဂိတ်ပေါက်ဝရှိ အုတ်ခုံတန်း ပေါ်တွင်ထိုင်ရင်း ထောက်ကြန့်ကား ဂိတ်က ဝယ်လာခဲ့သည့် ၃၅ ပြားတန် ဒူးယား စီးကရက် တစ်လိပ်ကို အင်္ကျီအိတ် ကပ် အတွင်းမှ ဆွဲထုတ်လိုက်သည်။

မီး ညှိရန်အတွက် ဘေး ဘယ်၊ ညာသို့လှမ်း 
ကြည့်လိုက်သည်တွင် အုတ်ခုံအစွန်း၌ ဆေးလိပ် ထိုင်သောက်နေသည့် ဦးကြီး တစ်ဦးကို တွေ့၍ အနီးသို့ တိုးကပ်လိုက် မိသည်။

"ဦးလေး ... မီးတစ်တို့လောက် နော်"
ဦးလေးကြီး ကမ်းပေးသည့် မီး တရဲရဲနှင့် ဆေးလိပ်ကို လှမ်းယူကာ မီးညှိရင်း ဦးလေးကြီးကို အကဲခတ်သလို ကျွန်တော် ကြည့်လိုက်မိသည်။ အသား ညိုညို၊ ကိုယ်လုံး ကိုယ်ထည် တုတ်တုတ် ခိုင်ခိုင်နှင့် ခေါင်းတုံး ဆံတောက်ကို တိုတို ညှပ်ထားသည်။ ဦးလေးကြီး၏ ပုံသဏ္ဌာန် ကိုမြင်လိုက် ကတည်းက စစ်သည် ဟောင်းကြီး တစ်ဦးဖြစ်ကြောင်း ကျွန်တော် အကဲခတ် မိသည်။ သေသပ်စွာ ဝတ်ဆင် ထားသည့် ပင်နီတိုက်ပုံ၏ ညာဘက်အိတ် ကပ်ထက်တွင် တပ်ဆင်ထားသော အဝါ၊ အနီ၊ အစိမ်း သုံးရောင်ခြယ်ကတ္တီပါ အတုံးကလေးထက်မှ တဖျပ်ဖျပ်တောက် နေသည့် ငွေကြယ်ဖြူကလေးသုံးပွင့်ကို လှမ်း၍မြင်လိုက်ရသည်နှင့် ထိုဦးလေး ကြီးကို ကျွန်တော် စိတ်ဝင်စားသွားမိ သည်။
"ဦးလေးက မော်ကွန်းဝင် ပထမ ဆင့်နော်"

ဦးလေးကြီးသည် ကျွန်တော် ကမ်းပေးသည့် ဆေးလိပ်ကို လှမ်းယူရင်း ကျွန်တော့် မျက်နှာကိုမော့ကြည့်ကာ ဖော်ရွေစွာ တစ်ချက်ပြုံးလိုက်သည်။

"ဟုတ်တယ်ကွဲ့ ငါ့တူရဲ့၊ ငါ့တူ က တပ်ထဲကပဲလား"

"ဟုတ်ကဲ့ ကျွန်တော် တပ်မ ( -) ဌာနချုပ်ကပါ။ ကျွန်တော့်နာမည် ဗိုလ်အောင်နိုင်ပါ"

ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ရင်း ထိုဦးလေးကြီးအနားမှာ ပင် ထိုင်လိုက်သည်။

"သြော် - ဗိုလ်ကြီးက တပ်မ(-) ကကိုး၊ ဦးနာမည်က အောင်ထွန်းကွဲ့"

"ဟုတ်ကဲ့ ဦးလေး၊ သိရတာ ဝမ်းသာ ပါတယ်"

ဘတ်စ်ကားကို တိုးဝှေ့ စီးရသဖြင့် စိတ်ကျဉ်းကျပ် လာခဲ့သလောက် အုတ်ခုံ ပေါ်တွင် လွတ်လွတ်လပ်လပ် ထိုင်ပြီး စီးကရက်ကို အားရပါးရ ဖွာရှိုက်လိုက် ရသည့်အခါတွင် ကျွန်တော့်စိတ်သည် ပေါ့ပါး လန်းဆန်း၍ လာသည်။ လွတ် လပ်ခြင်း၊ ကျယ်ပြန့်ခြင်း၏ အရသာကို ကျွန်တော် ခံစား နေရသည်။

"ဒါနဲ့ ဦးလေးက ဘယ်တပ်ကလဲ ဟင်၊ အခုကော တပ်ထဲမှာ ပဲလား"
ဦးလေးကြီးသည် ဆေးလိပ်ငွေ့ များကို မှုတ်ထုတ်လိုက်ရင်း ရီဝေသော မျက်လုံးများဖြင့် အဝေးသို့ ငေးစိုက် ကြည့်လိုက်သည်။

"တပ်ထဲက ထွက်လိုက်တာ ကြာ ပါပြီကွယ်"

"ဟာ ဦးလေးကျန်းမာရေး အခြေ အနေက တော်တော် ကောင်းသေးတာပဲ ဦးလေးရဲ့၊ ကောင်းကောင်း တာဝန် ထမ်းဆောင် နိုင်သေးတာပဲ ဦးလေးရယ်၊ တပ်ထဲက ထွက်တာ စောမနေဘူးလား"

"မစောပါဘူး ဗိုလ်ကြီးရယ်၊ ခြေ တစ်ဖက်မှ မရှိတော့တာ"

"ဟာ ဦးလေးရယ်"
ကျွန်တော့်မျက်လုံးများသည် ဦးလေးကြီး၏ခြေထောက်ဆီသို့ အလို အလျောက် ရောက်သွားမိသည်။ ခြေ အတုတပ်ထားသော ဦးလေးကြီး၏ ဘယ်ခြေထောက်နှင့် အုတ်ခုံဘေးတွင် လှဲချထားသော ချိုင်းထောက်ကို ယခုမှ ပင် ကျွန်တော်သတိထားလိုက်မိသည်။ နီညိုရောင် သစ်သားခြေတုကြီးကို ကြည့်ရင်း ကျွန်တော့် ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။

"ဦးလေး အခုလူနာလာကြည့် တာလား"
"ဟုတ်တယ်ဗိုလ်ကြီး"

"ဒါဖြင့် ဆေးရုံထဲ ဝင်ကြရအောင်၊ ဂိတ်တံခါးဖွင့် နေပြီ၊ ဦးလေးကို ကျွန်တော် ဖြည်းဖြည်း တွဲခေါ်မယ်"

"ရပါတယ်ဗိုလ်ကြီးရယ်၊ မလိုပါ ဘူးကွယ်"

ဦးလေးကြီးသည် ပြောပြောဆိုဆို နှင့် အုတ်ခုံနံဘေးတွင် လှဲချထားသည့် ချိုင်းထောက်ကို ကုန်းကောက်ရင်း ချိုင်းထောက် အကူဖြင့် ထိုင်ရာမှ ထလိုက် သည်။ နှစ်ယောက်သား ဆေးရုံဝင်း အတွင်းသို့ တစ်လှမ်းချင်း ဝင်လာကြသည်။

"ဦးလေးတို့ သားအဖ ကံမကောင်း ကြဘူးကွယ်"

"ဗျာ ဦးလေးတို့သားအဖ ဟုတ် လား"

"ဟုတ်တယ်ဗိုလ်ကြီး၊ အခု ဦးလေး သားကြီးလည်း ဒဏ်ရာရပြီး မနေ့ကပဲ ဒီဆေးရုံကို ရောက်လာတယ် ဆိုလို့ သူ့ကို ဦးလေး လာတွေ့တာ"

"ဖြစ်မှဖြစ်ရလေ ဦးလေးရယ်၊ ဒီလိုဖြစ်ရတာကို ကျွန်တော် စိတ်မကောင်း ပါဘူး။ ကျွန်တော်တို့လည်း စစ်သား ဆိုတော့ ကိုယ်ချင်းစာမိပါတယ် ဦးလေး။ 

ကျွန်တော်လည်း သင်တန်းတက်ဖို့ အတွက် မနေ့ကမှ ရှေ့တန်း ဌာနချုပ်က ပြန်လာတယ်။ ကျွန်တော် ဌာနချုပ်ကို မရောက်ခင် ခြေလျင်တပ်မှာ နေတုန်းက ကျွန်တော့် တပည့် တစ်ယောက်လည်း ရှေ့တန်းမှာ ဒဏ်ရာရပြီး ဒီဆေးရုံကို ရောက်လာတယ် ဆိုလို့ ကျွန်တော်လာ တွေ့တာ၊ စစ်ပွဲ ဆိုတော့လည်း သေနတ် တွေ၊ ဗုံးတွေနဲ့ ပစ်ကြ၊ ခတ်ကြ၊ တိုက် ကြရတာ မဟုတ်လား၊ ပန်းနဲ့ပေါက် ကြတာ မဟုတ်တော့လည်း ထိကြ၊ ခိုက် ကြတာပေါ့။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုး အတွက် တရားသော စစ်ကို တိုက်နေကြ တာပဲမဟုတ်လား။ ပြည်သူ တစ်ရပ်လုံး ကလည်း ကျွန်တော်တို့ ဘက်က ရှိနေ ပါတယ်လေ"

"ဒါပေါ့ ဗိုလ်ကြီးရယ်၊ ဒီကောင် က ကျွန်တော့်ထက် ပိုဆိုးတယ်၊ ကျွန် တော်ကမှ တပ်ထဲမှာ ဒုတိယ အရာခံ ဗိုလ်အဆင့် အထိ တာဝန် ထမ်းခဲ့သေး တယ်။ ဒီကောင် အခု တပ်ကြပ်ကြီးပဲ ရှိသေးတာ၊ အသက်က ဘာရှိဦးမှာလဲ၊ သုံးဆယ့် တစ်နှစ်ပဲ ရှိဦးမယ်"
"ဦးလေးသားက ဘယ်တပ်ကလဲ နာမည်ဘယ်လိုခေါ်သလဲ ဦးလေး"

"မောင်မောင်၊ တပ်ကြပ်ကြီး မောင်မောင်၊ အမှတ်(-) ခြေမြန်တပ်ရင်း က"

ကျွန်တော့်စိတ်ထဲတွင် သံသယ တစ်ခုဝင်လာမိသည်။

"မြခင်ယောက်ျား မောင်မောင် လား ဦးလေး"

ဦးလေးကြီးသည် သူ့ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်ပြီးမှ ကျွန်တော့်အား စူးစမ်းသလို မော့ကြည့်လိုက်သည်။
"ဗိုလ်ကြီး ဒီကောင့်ကို သိတယ် နော်"

"မြခင်ယောက်ျား မောင်မောင် လား"ဟု ကျွန်တော် ထပ်မေးလိုက်မိသည်။

"ဟုတ်တယ်ကွဲ့၊ မြခင်ယောက်ျား မောင်မောင်"
.............................................................................................................

"ဗိုလ်ကြီး"

"ဘာတုံးကွ၊ မင်းဘာလာရှုပ်ဦး မလို့လဲ"

တိုက်ပွဲတစ်ပွဲ အတွက် မြေပုံပေါ် တွင် လမ်းကြောင်း သုံးသပ်ရွေးချယ် လျက်ရှိစဉ် ကျွန်တော့်ကို ခေါ်လိုက်သ ဖြင့် ကျွန်တော် စိတ်တိုသွားမိသည်။ 

မောင်မောင့် အကျင့်ကို ကျွန်တော်သိပြီး ဖြစ်သည်။ ရန်သူနှင့် တိုက်ပွဲဝင်ရန် ပြင်ဆင်ပြီဆိုလျှင် မောင်မောင်တစ် ယောက် အူမြူး နေတတ်သည်။ ရဲဘော် တွေကို စçသည်၊ နောက်သည်၊ ပြောင် သည်။ တပ်စု တပ်ကြပ်ကြီးလည်း မနေ ရ၊ ကျွန်တော့်ကိုပင် ချစ်ခင်စွာ လေးလေးစားစား ပြောလေ့ ဆိုလေ့ရှိ သည်။ သူ့အကျင့်ကို သိထားပြီး ဖြစ်၍ သူ့ကို လှမ်းမေးလိုက်ရသည်။

"ဒီစစ်ဆင်ရေး ပြီးရင် မြခင်ကို တောင်းပေးနော် ဗိုလ်ကြီး"

ကျွန်တော်တို့ တပ်စု ရေအိုးစင် ရွာကလေး၌ တာဝန် ကျသည်မှာ နှစ်လ ခန့်သာ ရှိသေးသည်။ ရွာလယ်ဈေးဆိုင် မှ မြခင်ကို မောင်မောင် တစ်ယောက် မျက်စိကျ နေပေပြီ။ မြခင်ကလည်း မျက်စိကျလောက် စရာပင်။ မလှသော် လည်း အသားညိုစိမ့်စိမ့်၊ ကိုယ်လုံး ကိုယ်ထည် တောင့်တောင့်တင်းတင်း၊ မျက်လုံးမျက်ခုံး ကောင်းကောင်း၊ နှာတံပေါ်ပေါ်နှင့် ကြည့်လို့ကောင်း သည်။ ဈေးသည်ပီပီ နှုတ်ချိုသည်၊ ဖော်ရွေသည်။ ထို့ကြောင့်ပင် မြခင်၏ ဈေးဆိုင်၌ ဝယ်သူမစဲ တသဲသဲနှင့် အမြဲလိုပင် စည်ကားနေလေ့ ရှိသည်။ 

တပ်စုအတွင်း၌ ဈေးဝယ်သည့် အဝယ် တော်ရာထူးနှင့် ပတ်သက်ပြီး မကြာခဏ ပြဿနာဖြစ်ရသည်။ ဈေးဝယ်လွှတ် ကြတော့မည် ဆိုလျှင် သူသွားမည်၊ ငါသွားမည်နှင့် အလုအယက်။ ထိုအထဲ တွင် မောင်မောင် တစ်ယောက် အကဲ ဆုံးဖြစ်သည်။ မြခင်ဆိုင်မှာသာ ဈေးဝယ်ရမည် ဆိုလျှင် မောင်မောင် တစ်ယောက် ကဖြင့် မိုးသဲသဲမဲမဲ ရွာနေ လျှင်လည်း သွားသည်။ နေချစ်ချစ်  တောက် ပူနေလျှင်လည်း သွားသည်။ 

မြခင်ဈေးဆိုင် အနီးတွင် မည်သို့သော ပြဿနာ ရှိနေစေကာမူ မောင်မောင် တစ်ယောက် ဂရုမထား၊ သွားမည်သာ ပင်ဖြစ်သည်။

"မင်းဟာက ဟုတ်ကော ဟုတ်ရဲ့ လား မောင်မောင်ရယ်၊ ကောင်မလေးက မင့်ကို ကြိုက်လို့လား"

"သေချာပါတယ် ဗိုလ်ကြီးရဲ့၊ မနေ့ကလေ ကျွန်တော်နဲ့ရွာထိပ်မှာ ရေခပ်နေရင်းတွေ့တော့ သူ့မျက်နှာ တစ်ခုလုံး ပြုံးနေတာပဲ၊ မျက်လုံးတွေ ကလည်း အရောင်တဖျတ်ဖျတ်တောက် လို့၊ ပြီးတော့ ..."

"တော်စမ်းပါကွာ မောင်မောင် ရာ၊ မင်းကိုတွေ့တွေ့ချင်း ပြုံးမပြလို့ မဲ့ပြရမှာလား၊ သူများ သားသမီးကို တောင်းတယ်ဆိုတာက နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် ရှိမှကွ"
မောင်မောင်မျက်နှာတစ်ချက် ပျက်သွားသည်။

"မြခင်သာ ခွေးကလေး၊ ကြောင် ကလေးဆိုရင် သိပ်ကောင်းမှာပဲ၊ ဗိုလ်ကြီးကိုတောင် သွားမတောင်းခိုင်း ဘူး။ တိတ်တိတ်ကလေး ခေါ်လာပြီး သွားလေရာ ကျောပိုးအိတ်ထဲ ထည့် လွယ်ထားမှာ၊ အခုတော့ လူမကလေး ဖြစ်နေလို့သာပေါ့။"

"ဟေ့ကောင် ... သောက်ရူး၊ တော်စမ်းကွာ"

"ဗိုလ်ကြီး ... တောင်းပေးနော်၊ စစ်ဆင်ရေးမှာ ကျွန်တော် တာဝန်ကျေ အောင် အစွမ်းကုန် ကြိုးစားမယ်၊ စစ်ဆင်ရေး တာဝန် ပြီးရင်တော့ တောင်းပေးပါ ဗိုလ်ကြီးရာ"
ကျွန်တော် ဒီကောင့်ကို စိတ်မ ရှည်နိုင် တော့သဖြင့် မျက်နှာတည်တည် ထားပြီး ဟောက်ပစ်လိုက်ရသည်။

"မောင်မောင် မင်း ... မြခင်ကို စိတ်ဝင်စား တာလား၊ တာဝန်ကို စိတ်ဝင်စား တာလား ပြောစမ်း ..."

မောင်မောင် ခေါင်းငုံ့သွားသည်။ အတန်ကြာမှ ...

"ကျွန်တော် နားလည်ပါတယ် ဗိုလ်ကြီး၊ ကျွန်တော့်ရဲ့တာဝန်ဟာ ဘာလဲဆိုတာ ကျွန်တော်သိပါတယ်"

"သိရက်သားနဲ့ ဘာဖြစ်လို့ အချစ်ရေးကို စဉ်းစားနေရတာလဲ"

"ကျွန်တော် မြခင်ကို တကယ် စိတ်ဝင်စား နေလို့ပါ ဗိုလ်ကြီး"

"လာပြန်ပြီ ဒီမြခင်၊ သွား ဆရာကြီး ကျော်မြကို သွားပြော။ နောက်ထပ် ဆယ့်ငါးမိနစ် ကြာရင် တို့ တပ်စု တစ်စုလုံး ထွက်မယ်လို့၊ မင်း လည်း အသင့်ပြင်တော့၊ သွားတော့ ..."

"ဟုတ်ကဲ့ ဗိုလ်ကြီး"

အလေးပြုကာ လှည့်ထွက်သွား သော မောင်မောင့် ကျောပြင်ကို ငေးစိုက် ကြည့်ရင်း ကျွန်တော် ကျန်ရစ်ခဲ့သည်။
ဇွတ်တရွတ် လုပ်တတ်သော ကျွန်တော့် တပည့်ကျော် မောင်မောင်ကြောင့် ကျွန်တော် တစ်ယောက် မကြာခဏ စိတ် ပူရသည်။ ကြောင့်ကြရသည်။ စိတ်ညစ် ရသည်မှာ များပေပြီ။ ယခုလည်း မကြာခင် စစ်ဆင်ရေး တာဝန် တစ်ရပ် ဆင်နွှဲရတော့မည်။ မြခင်ကို စိတ်ဝင်စား စဉ် တာဝန်ကို မေ့နေတတ်သည့် မောင်မောင့်အတွက် ကျွန်တော့်ရင်မှာ ပူရသည်။

လရောင် ထွက်ပြူစ ပြုသည်နှင့် ကျွန်တော်တို့ စတင် ချီတက် ကြသည်။ 

မှုန်မွှားမွှား လရောင်အောက် တွင် လမ်းနှင့် ရွာများကို ကွင်းရှောင်ပြီး တောတိုး ချီတက် ကြရသဖြင့် ချွေးသီး ချွေးပေါက်တို့ စိုရွှဲ၍ နေသည်။ မြေဝပ် ငှက်တို့ ရုတ်တရက် ထပျံကြသည်။ မမြင်မစမ်းနှင့်မို့ ခလုတ်တိုက်ပြီး လဲသူ လဲ၊ ချောက်ထဲ ပြုတ်ကျသူ ပြုတ်ကျ၊ တောင်ကျချောင်းကလေး များကို ဖြတ်ကူး ချိန်တွင် ရေစီးနှင့် မျောပါသူ မျောပါနှင့် အခက်အခဲ အမျိုးမျိုးဖြတ်ကျော်ပြီး တစ်ညလုံး ချီတက် ခဲ့ရသဖြင့် အလွန်ပင်ပန်း နွမ်းနယ် နေကြသည်။ တောကြီး မျက်မည်းထဲ၌ ညအချိန် ချီတက်ကြ ရသည့် အခက်အခဲကို ကျွန်တော်တို့ သာလျှင် နားလည်သည်။
မိုးမရွာ၍ တော်သေးသည်။ နံနက် လေးနာရီ မထိုးမီ ရန်သူ့စခန်းသို့ ရောက် ရှိကြပြီး ရန်သူ့စခန်းကို ခဏအတွင်း ဝိုင်းပတ် ထားလိုက်ကြသည်။ မှုန်မွှားမွှား လသည် လုံးဝ ဝင်သွားပေပြီ။ ရောင်နီ ပေါ်မလာ သေးသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေသည်။ 

အလင်းရောင် လာသည် အထိ ကျွန်တော့် တပ်စုကို အနားပေးပြီး တစ်ညလုံးချီ တက် ခဲ့ရသဖြင့် ကုန်ခန်းသွားသော ခွန် အားတို့ကို ပြန်မွေး ရပေဦးမည်။ သစ်ပင် တစ်ပင်၏ ပင်စည်ကို ကျောမှီရင်း မျက်စိ နှစ်လုံးကို အသာမှိတ်ကာ အမောဖြေ လိုက်သည်။ မှုန်မွှားမွှား လရောင်အောက် တွင် မြင်ထားခဲ့သော ရန်သူ့စခန်းသည် ကျွန်တော့် အာရုံထဲ၌ အထင်းသားပေါ် လာသည်။
သက်ငယ်တဲ ငါးလုံးထက် တွင် ရန်သူတို့သည် အိပ်မောကျ၍ ကောင်းတုန်းပင် ရှိပေမည်။ အချို့သည် လည်း တမလွန် ဘဝ အတွက် အိပ်မက် များပင် မြင်မက်နေပြီလားမသိ။
ကျွန်တော့် မျက်လုံးများ ပြန်ဖွင့်လိုက် ချိန်၌ သောကြာကြယ်သည် မာကျူရီ မီးလုံးကြီးနှယ် မိုးကုပ်စက်ဝိုင်း နှုတ်ခမ်း ထက်၌ တောက်ပ၍ နေပေပြီ။ အရှေ့ ဘက်အရပ်ဆီမှ ရောင်နီ ပေါ်လာပြီဖြစ်၍ ရန်သူ့တဲများကို နောက်ခံ ရောင်ခြည် များ ရှေ့တွင် မှုန်ဝါးဝါး မြင်နေရသည်။

အချင်းချင်း လက်တို့ကာ အချက် ပေးလိုက် သည်နှင့် ရန်သူ့ စခန်းကုန်းဆီသို့ ဝပ်တွား၍ တက်ကြသည်။ ငိုက် မျဉ်းနေသော ရန်သူ့ ကင်းသမားသည် မောင်မောင်၏ လှံစွပ်များနှင့် ထိတွေ့ပြီး တစ်သက်လုံး မနိုးသော အိပ်ခြင်းဖြင့် ငြိမ်သက်စွာ အိပ်ပျော်သွားသည်။ 

မောင်မောင်၏ ဂျီသရီး ပြောင်းဝမှ သေနတ်သံနှင့် အတူ တိုက်ပွဲစပေပြီ။ လက်နက်ငယ်သံ၊ လက်ပစ်ဗုံးသံနှင့် အမ် ၇၉ ဗုံးပစ်သေနတ်သံတို့ဖြင့် ခဏချင်း ပွက်ပွက်ညံသွားတော့သည်။ မျက်စိရှေ့၌ပင် ရန်သူ့ တဲသုံးလုံး မီး လောင်၍ နေပေပြီ။ တဟုန်းဟုန်း တောက် လောင် နေသည့် မီးရောင်အောက်တွင် သွေးရူး သွေးတန်းဖြင့် အော်ဟစ် ညည်း တွားကာ ခြေဦးတည့်ရာ ပြေးလွှားနေ သော ရန်သူများကို လိုက်လံ ပစ်ခတ် ချေမှုန်းနေရင်း ကျွန်တော့်ရှေ့မှ မောင်မောင် တစ်ယောက် ခွေခနဲ မြေပေါ်သို့ လဲကျ သွားသဖြင့် ကျွန်တော့် ရင်ထဲ၌ ထိတ် သွားမိတော့သည်။

မောင်မောင့်အား ကျွန်တော် ပြေး ပွေ့နေသည့် ခဏအတွင်း၌ပင် တိုက်ပွဲ ပြီးဆုံးသွားသည်။ ရန်သူ့စခန်း တစ်ခု လုံးကို ကျွန်တော်တို့ သိမ်းပိုက် ရရှိလိုက် သည်။

နံနက်ခင်း၏ နေခြည်အောက် တွင် ရန်သူ အလောင်းကောင်များ မြင် မကောင်းအောင် ပုံပျက် ပန်းပျက် ဟိုသည် ပြန့်ကျဲ၍ ရှိနေသည်။ ထို တိုက်ပွဲတွင် မောင်မောင် တစ်ယောက်သာ ညာဘက်ပေါင်တွင် ဒဏ်ရာရပြီး ရန်သူ အသေ ခုနစ်ယောက်နှင့် အရှင် နှစ်ယောက် ဖမ်းမိကာ လက်နက်မျိုးစုံ ၁၀ လက်ရရှိလိုက်သည်။ အရင်းနည်း နည်းနှင့် အမြတ်များများ ရလိုက်သော တိုက်ပွဲ၊ ရန်သူ ဦးကျိုးသွားသော အလှည့် အပြောင်း တိုက်ပွဲပင် ဖြစ်သည်။

တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ သက်စွန့် ဆံဖျား တိုက်ပွဲ ဝင်ခဲ့သော မောင်မောင် အား နိုင်ငံတော်က သူရဲကောင်းမှတ် တမ်းဝင် ချီးမြှင့်ခဲ့သည်။ တပ်ရင်းမှူးက  မောင်မောင့်အား ဒုတိယ တပ်ကြပ် အဆင့်သို့ တိုးမြှင့် ပေးလိုက်သည်။ ကျွန်တော်သည်လည်း မောင်မောင် ဒဏ်ရာပျောက်၍ ဆေးရုံမှ ဆင်းလာသော အခါတွင် သူအလွန်ချစ်သော မြခင်ကို မိသားဖသားပီပီ လူကြီးစုံရာဖြင့် တောင်းရမ်းပေးခဲ့သည်။ ထိုတိုက်ပွဲသည် မောင်မောင့်အတွက် မမေ့နိုင်သော မှတ်တမ်းကလေး တစ်ခုပင် ဖြစ်တော့ သည်။
.........................................................................
လူ့သမိုင်းသည် တက်ချည် ဆင်း ချည်၊ နိမ့်ချည် မြင့်ချည်ဖြင့် ပြောင်းလဲ နေသည်။ တစ်ခါတစ်ရံ ဖြည်းဖြည်းနှင့် မှန်မှန် ပြောင်းလဲ နေသကဲ့သို့ တစ်ခါ တစ်ရံ အရှိန်အဟုန်ဖြင့် ရုတ်တရက် မြန်မြန် ပြောင်းလဲသည်လည်း ရှိသည်။ လူ့ဘောင်အတွက် အကျိုးစီးပွားကို ဆောင်ကြဉ်းသော ဝါဒ စနစ်နှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တို့သည် ကြာရှည်စွာ တည်တံ့ ခိုင်မြဲပြီး ဆိုးသွမ်း ရိုင်းစိုင်း၍ ရက်စက် ယုတ်မာသော ဝါဒစနစ်နှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်း တို့မှာ လူသားတို့၏ အကျိုးစီးပွားကို မျက်ကွယ် ပြုခဲ့သဖြင့် ခဏချင်း ကျဆင်း ပျက်သုဉ်းကာ ပြည်သူ တို့၏ ဒဏ်ခတ်ခြင်းကို ခံကြရသည်သာ ဖြစ်သည်။

ရိုးမ ဗမာပြည် ကွန်မြူနစ် ပါတီ အဖွဲ့သည် လည်းကောင်း၊ ဗမာပြည်ကွန် မြူနစ် ပါတီသည်လည်းကောင်း ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြည်သူတို့၏ ဒဏ်ခတ်ခြင်းကို မရှုမလှ ခံကြရပြီး ဗုန်း ဗုန်းလဲကာ ပြိုကွဲ ပျက်စီး သွားခဲ့ရပေသည်။

အလုပ်သမား၊ တောင်သူလယ် သမားများ အပါအဝင် ပြည်သူအများ ကောင်းကျိုးအတွက် တိုက်ပွဲဝင်ခြင်းသည် တရားသောစစ်ကို ဆင်နွှဲခြင်း ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်သည့် တရားသောဘက် မှ တိုက်ပွဲဝင် သူတို့သည်သာ ရေရှည် တွင် အောင်ပွဲဆင်ကြရ စမြဲပင် ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် ပြည်သူ အများ၏ အကျိုးစီးပွားအတွက် ကာယ အား၊ ဉာဏအား စွမ်းပကားတို့ဖြင့် စွမ်းအား ရှိသမျှ အစွမ်းကုန် ကြိုးစား တည်ဆောက် နေချိန်တွင် အရှေ့မြောက် ဒေသ ဗကပ တို့သည် ၁၉၆၈ ခုနှစ်မှ သည် ယနေ့ အချိန်အထိ နယ်စပ်ဒေသ များတွင် အဖျက်အမှောင့် လုပ်ငန်းများ ကို အစွမ်းကုန် ပြုလုပ်လျက်ရှိကြသည်။ 

အသက်၊ သွေး၊ ချွေးတို့ဖြင့် စတေးကာ ခက်ခက်ခဲခဲ ရယူခဲ့သော နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့ကို ပျက်သုဉ်းအောင် ဖန်တီး လျက်ရှိပြီး တိုင်းပြည်နှင့်လူမျိုးကို ကျွန် ဇာတ်သွင်းရန်အတွက် အမျိုးမျိုးကြိုးပမ်း လုပ်ဆောင်လျက် ရှိကြသည်။

တိုင်းပြည်နှင့် လူမျိုးဘက်မှ ထာဝရ ရပ်တည်လျက် သမိုင်း အစဉ်အလာ ကြီးမားခဲ့သည့် တပ်မတော်သည် ပြည်သူ တို့နှင့် လက်တွဲကာ အရှေ့မြောက်ဒေသ ဗကပတို့အား ချေမှုန်း တိုက်ခိုက်ခဲ့ရာ တစ်ပွဲပြီး တစ်ပွဲ အောင်ပွဲ ဆင်ခဲ့သည်။တရားသောစစ် အောင်နိုင်ရေး အတွက် ပါဝင် လုပ်အားပေးကြသောပြည်သူများနှင့် တပ်မတော်သည် ထိုးစစ် ဆင်၍ တိုက်ခိုက်လျက်ရှိသည်။ ဗကပတို့ သည် အရူးမီးဝိုင်း ခံနေရသည့်နှယ် စခန်း များကို စွန့်ခွာ၍ တရကြမ်း ဆုတ်ခွာ ထွက် ပြေးနေကြရပေပြီ။

မောင်မောင် တစ်ယောက် အမှတ် (-) ခြေမြန် တပ်ရင်းနှင့် အတူ တိုက်ပွဲ အသီးသီးတွင် ပါဝင် တိုက်ခိုက်ခဲ့သည်။
ပင်ကိုကပင် သူရ သတ္တိရှိသော မောင် မောင်သည် ၄င်း၏ တပ်ရင်းနှင့် အတူ တကွပင် ရန်သူ့ စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက် ရရှိခဲ့သည်။ ဒုတိယတပ် ကြပ်အဆင့်မှ တပ်ကြပ်အဆင့်၊ တပ်ကြပ် အဆင့်မှ တပ်ကြပ်ကြီးအဆင့်သို့ စစ်ဆင် ရေးအတွင်း၌ပင် စစ်မြေပြင် အဆင့် တိုး မြှင့်ခြင်း ခံခဲ့ရသည်။

ဗပကများ အလုံးအရင်းနှင့် ခုခံ နေသော ပွိုင့်တောင်ကုန်းသည် မောင် မောင်တို့ တပ်ရင်း၏ နောက်ဆုံးရည် မှန်းချက် ဖြစ်သည်။ ထိုတောင်ကုန်းထိပ် ရှိ ရန်သူအား အနီးကပ်ကာ တက်ရောက် လှံစွပ်ထိုး တိုက်ပွဲ ဆင်နွှဲနေစဉ် ရန်သူ့ မိုင်းတစ်လုံး နင်းမိ၍ မောင်မောင် တစ် ယောက် လှေလှော်ရင်း တက်ကျိုးသွားခဲ့ရပေသည်။

ချိုင်းထောက်ကြီး တကားကား နှင့် တရွေ့ရွေ့သွားနေသော မော်ကွန်း ဝင် ဦးလေးကြီးကို အသာတွဲရင်း ခွဲစိတ် ဆောင် အတွင်းသို့ ကျွန်တော်တို့ ဝင်လာ ခဲ့ကြသည်။ အစိမ်းရောင်နှင့် အဖြူရောင် ဝတ်ဆင်ထားသော ခွဲစိတ်ဆောင် တာဝန် ခံ ဆရာမလေး ညွှန်ပြသည့် အတိုင်း မောင် မောင့် အခန်းဆီသို့ ကျွန်တော်တို့ လျှောက် လှမ်းလာကြသည်။

တိုင်းပြည်တွင် မိမိတို့၏ ကိုယ် ခန္ဓာကို စွန့်လွှတ်ရဲကြသော စစ်ဆေးရုံ အတွင်းတွင် တွေ့မြင် ကြရသည့် သူရဲ ကောင်း စစ်သည်များအတွက် ကျွန်တော် ကိုယ်တိုင် စစ်သား တစ်ယောက် အနေဖြင့် ရင်ထဲတွင် ဝမ်းနည်း ဝမ်းသာဖြစ်နေမိသည်။

မသန်စွမ်း စစ်သည်ကလေးများ ကိုကြည့်ရင်း ကျွန်တော့် နံဘေးရှိ ဦးလေး ကြီးကို သတိရကာ ငဲ့စောင်း ကြည့်လိုက် မိသည်။ ဦးလေးကြီး၏ မျက်လုံးအစုံ သည် ကြမ်းပြင်ဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေပြီး မေးကြောကြီးများ တင်းနေ အောင် အံကို ကြိတ်ထားသည်။ ကျွန် တော့်ရင်ထဲ၌ မည်သို့ ခံစားရသည်ကို ထိုးဖောက် မြင်သည့်နှယ်။

"ဦးတော့ ဝမ်းမနည်းဘူး၊ စစ်သား တစ်ယောက် အနေနဲ့ အခုလို စွန့်လွှတ်ရဲ တာကို ဂုဏ်ယူတယ်။ ကိုယ့်တိုင်းပြည် လွတ်လပ်ရေးကို အဓွန့်ရှည်အောင် ကာကွယ်ရမှာ ဦးတို့၊ ဗိုလ်ကြီးတို့ရဲ့ မွေးရာပါ တာဝန်ပဲ၊ တောက်- ဦးခြေ 
ထောက်သာ ကောင်းရင် ဒီရဲဘော်လေး တွေနဲ့ တွဲပြီး ရန်သူကို တိုက်လိုက်ချင် သေးတယ်"

စစ်သားကြီး၏ သံမဏိ စိတ်ဓာတ် ကို ကြားသိ လိုက်သဖြင့် ကျွန်တော့် တစ် ကိုယ်လုံး ကြက်သီးမွေးညင်း များပင် ထသွားမိသည်။
"တော်ပါတော့ ဦးလေးရယ်၊ တိုင်း ပြည်အတွက် ဦးလေးအဖို့ တာဝန်ကျေပွန် လွန်းလှပါပြီ။ ဒီတာဝန်တွေကို ကျွန် တော်တို့၊ မောင်မောင်တို့ တစ်တွေ ပခုံး လွှဲပြောင်း ထမ်းဆောင်နေကြပါတယ်။"

စကားတပြောပြောနှင့် လျှောက် လှမ်းလာကြရာ မောင်မောင့် အခန်းဝသို့ ရောက်သည်တွင် ကျွန်တော် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့် သွားသည်။

မြခင်...။ သေချာပါသည်။ မြခင်မှ မြခင်အစစ်။ မတွေ့ရသည်မှာ လေး၊ ငါး၊ ဆယ်နှစ် ကြာသည့်တိုင် အသားညိုညို၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင်၊  မျက်လုံး မျက်ခုံးကောင်းကောင်းနှင့် မြခင်ကို ကျွန်တော်ကောင်းကောင်း မှတ်မိသည်။ မှန်ပြတင်းမှ ထိုးဖောက် ဝင်ရောက်နေသည့် ဝင်လုဆဲ နေခြည် ဖျော့ဖျော့ အောက်တွင် မြခင်၏ မျက်နှာ သည် ပြုံး၍ နေသည်။

သို့သော် ဝင်းလက် တောက်ပနေ သည့် မြခင်၏ မျက်လုံး အစုံတွင် မျက် ရည်ကြည်တို့ ရစ်ဝိုင်း သိုင်းဖွဲ့လျက်ရှိနေ သည်။မြခင်တစ်ယောက် ပြုံးနေသည် လား၊ ငိုနေသည်လား ကျွန်တော် ခွဲခြား မရ။ သူ့အပြုံးတွင် မျက်ရည်စတွေနှင့်။

"အစ်ကို ...အစ်ကို ဘာမှ အား မငယ်နဲ့နော်၊ မြခင် အစ်ကို့ ဘေးနားမှာ ရှိနေတယ်လေ"

မြခင် အသံသည် တုန်ခါလျက် ရှိ ပြီး လှိုက်လှဲ ကြေကွဲဖွယ် ကောင်းနေ သည်။ မြခင်၏ လက်အစုံသည် မောင် မောင်၏ တစ်ဖက်တည်းသာ ကျန်ရှိသော ညာလက်ရုံးကို တင်းတင်းကျပ်ကျပ်ဆုပ် ကိုင်ထားရင်း တဆတ်ဆတ်တုန်နေ သည်။

"မြခင်လေ ပညာမတတ်ပေမယ့် ဈေးတော့ ရောင်းတတ်ပါတယ်။ ဈေး ရောင်းပြီး အစ်ကို့ကို မြခင် ရှာကျွေးမယ်၊ အစ်ကို ဘာမှ အားမငယ်နဲ့နော်"
ချစ်ခင်ပွန်းကို အားပေးစကား ပြောကြားရင်း မြခင် ရင်တွင်းမှ ရှိုက်သံ သဲ့သဲ့တို့သည် တစ်ချက် တစ်ချက်တွင်တိုးတိုးညင်းညင်း ထွက်လာသည်။

မြခင်၏ မျက်ဝန်း အစုံမှ ပါးပြင် ထက်သို့ တလိမ့်လိမ့် ကျဆင်းလာသည့် မျက်ရည်ပူများကို ယမ်းခိုး ရိုက်ထား သဖြင့် မျက်လုံး နှစ်ဖက်စလုံး ပတ်တီး စည်းထားသော မောင်မောင်တစ်ယောက် မမြင်ရ၍ တော်သေးသည်။

"မြခင် အားမငယ်နဲ့ကွာ၊ အစ်ကို့ မှာ ခြေတစ်ဖက်နဲ့ လက်တစ်ဖက်မရှိ တော့ပေမယ့် ခြေတစ်ဖက်နဲ့ လက်တစ်ဖက် ကျန်နေသေးတာပဲ၊ တိုင်းပြည် တာဝန်ကို ကျရာ အခန်းက အစ်ကိုထမ်းဆောင် နိုင်ပါသေးတယ်ကွာ"

မြခင်ထံမှ ရှိုက်သံတစ်ချက် သိမ့် ခနဲ ထွက်လာသည်။

"မြခင် မင်းငိုနေတာလားဟင်"
မြခင်တစ်ယောက် မျက်ရည်များ ကို ကမန်းကတန်းသုတ်ပြီး ပြုံးလိုက်သည်။

"မငိုပါဘူးအစ်ကိုရယ်၊ မြခင်မငို ပါဘူး၊ မြခင် ဘာဖြစ်လို့ ငိုရမှာလဲ၊ အစ်ကို့အတွက် မြခင် ဂုဏ်ယူလို့ မဆုံး ပါဘူး အစ်ကိုရယ်။ ဆယ်နှစ်ဆယ်မိုး ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည် တာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ခဲ့တဲ့ အစ်ကို့ လို စစ်သားကောင်း တစ်ယောက်ရဲ့ မိန်းမ ဖြစ်ရတာကိုပဲ ဂုဏ်ယူလို့ မဆုံးပါ ဘူး အစ်ကို"

"မြခင် ..."

"ပြောပါအစ်ကို၊ မြခင်အနားမှာ ရှိပါတယ်"

"အစ်ကို့ သားကြီးကော ပါလား ဟင် ..."

"ပါလာပါတယ် အစ်ကို၊ အစ်ကို့   ခုတင်နံဘေးက ခုံပေါ်မှာ ထိုင်နေပါ တယ်"

"အစ်ကို့သားကြီးကို ခုတင်ပေါ် တင်ပေးစမ်းပါ"

"ဟုတ်ကဲ့ အစ်ကို"
တစ်ဖက်တည်းသာ ကျန်ရှိသော လက်ဖြင့် သားငယ်ကိုတင်းတင်းကျပ် ကျပ်ပွေ့ဖက်ရင်းမှ ...

"သားကြီး"
"ဗျာ ပေပေ"
"ငါ့သားကြီးလာရင် ဘာလုပ်မ လဲဟင် - သား"

သားငယ်သည် မိခင်၏မျက်နှာ ကို သမင်လည်ပြန် ပြန်ကြည့်ကာအတန်ကြာ စဉ်းစား၍ နေသဖြင့် မြခင် ကဝင်ရောက် အားပေးလိုက်သည်။
"သားကြီး - ပြောလိုက်လေ၊ ဖေဖေကြီး မေးနေတာဖြေလိုက်"
"ပေပေ့လို ကြစ်တားကြီးလုပ် မယ်"

"ဒါမှဖေဖေ့ သားကြီးကွ။ ဖအေ့  တာဝန်ကို ပခုံးပြောင်း ယူမယ့် သားကြီး ဟေ့" 

ဝမ်းသားအယ်လဲ အော်လိုက်သော မောင်မောင်၏အသံသည် အခန်းတွင်းမှ တုန်ခါ၍ အခန်းဝတွင် ရပ်နေသော ကျွန်တော့်ထံသို့ ပျံ့လွင့်ထွက်လာသည်။ 

ကျွန်တော့် ရင်တွင်းသို့ ရိုက်ခတ် စိမ့်ဝင် ၍ သွားသည်။

မောင်မောင်၏ တိုင်းချစ်ပြည်ချစ် စိတ်သည် ကျွန်တော့် ရင်တွင်းသို့ သာမက တရားသောစစ်ကို ဆင်နွှဲ နေကြသော ပြည်သူတစ်ရပ်လုံး၏ အသည်းနှလုံး အတွင်းသို့တိုင် ထိုးဖောက် ဝင်ရောက် သွားပေမည်မှာမုချ။

"အေးပါ ... ငါ့သားဟာ စစ်သား ကောင်း တစ်ယောက် ဖြစ်သလို ငါ့မြေး   ဟာလည်း စစ်သားပဲ ဖြစ်ရမယ်၊ အိုကွာ    တို့တစ်မျိုးလုံးဟာ တို့တိုင်းပြည်ကာ ကွယ် စောင့်ရှောက်ဖို့ အတွက် စစ်သား တွေပဲ ဖြစ်ရမယ်ဟေ့"

ချိုင်းထောက်ကြီး တကားကားနှင့် ကျေကျေနပ်နပ်ကြီး ကြုံးဝါးကာ မောင် မောင့်အခန်းတွင်းသို့ လှမ်းဝင်သွား သော စစ်သားအိုကြီး၏ ကျယ်ပြန့်သော  ကျောပြင်ကို ကြည့်ရင် အခန်းဝတွင် ကျွန်တော်တစ်ယောက်တည်း ရပ်လျက် ငေးငိုင်ကာ ကျန်ရစ်ခဲ့သည်။

ဧရာဝတီသည် မြစ်ဖျားမှ သည် မြစ်ဝဆီသို့ တသွင်သွင် အဆက်မပြတ် စီးဆင်း၍ နေသည်။ ယခင်ကလည်း  စီးဆင်း နေခဲ့သည်။ ယခုလည်း စီးဆင်း နေဆဲပင်။ နောင်တွင်လည်း ကမ္ဘာ တည်သရွေ့ စီးဆင်း နေဦးမည်သာဖြစ်သည်။

တိုင်းပြည်ကို ချစ်သော စစ်သား အိုကြီး ဒုတိယ အရာခံ ဗိုလ်အောင်ထွန်း သည် သူ၏ ခြေတစ်ဖက်ကို စတေး၍ တိုင်းပြည်အတွက် လွတ်လပ်ရေးကို ရယူပေးခဲ့သည်။ 

မော်ကွန်းဝင် စစ်သားအိုကြီး၏ သား စစ်သားကလေး မောင်မောင်၊ ဒုတိယ တပ်ကြပ်မှသည် တပ်ကြပ်ကြီး အထိ စစ်မြေပြင်တွင် ရာထူး အဆင့်ဆင့်  ရရှိခဲ့သော သူရဲကောင်းမှတ်တမ်းဝင်တပ်ကြပ်ကြီးမောင်မောင်၊ ဖခင်၏ မပြီး ဆုံးသေးသော တာဝန်ကို ဖခင်ထံမှ ပခုံးလွှဲပြောင်း ယူကာ ခြေတစ်ဖက်နှင့်  လက်တစ်ဖက် ကို စွန့်လွှတ်၍ တိုင်းပြည် ၏ လွတ်လပ်ရေးကို အဓွန့်ရှည်အောင် ကာကွယ် ပေးခဲ့သည်။

သြော် -တိုင်းပြည်ကို ချစ်သော ကျွန်တော်တို့ လူမျိုး၏ တိုင်းချစ်ပြည် ချစ်စိတ်သည် သားစဉ် မြေးဆက်တိုင် အောင် ကမ္ဘာတည် သရွေ့ ဧရာဝတီမြစ် ကြီးနှယ်ပင် စဉ်ဆက်မပြတ် တသွင်သွင်  စီးဆင်း နေပေတော့မည် တကား ။ ။

သိန်းစိန်ထွန်း

(မင်းရန်အောင် စစ်ဆင်ရေးမှ တိုက်ပွဲဝင် စစ်သည်များကို ဂုဏ်ပြု လျက်) 
မှတ်ချက် ။ ။ မြဝတီ မဂ္ဂဇင်းကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ 
ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး လက် အောက်ရှိ
 မြဝတီ စာပေတိုက်မှ ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင် ထုတ်
ဝေခြင်းဖြစ်ပြီး ယခုဝတ္ထုမှာ  ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာလထုတ် မြဝတီ 
မဂ္ဂဇင်းတွင်ဖော်ပြခဲ့ခြင်း ဖြစ်ပြီး  ယခု ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

 နှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ် ထုတ်ဝေသော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ မြဝတီ မဂ္ဂဇင်းတွင် သိန်းစိန်ထွန်း ဆိုသော ကလောင် အမည်ဖြင့် ရေးသားထားသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ လက်ရာ 
ဝတ္ထုတို တစ်ပုဒ် ဖော်ပြထားသည်ကို တွေ့ရသဖြင့် The VoiceWeekly  စာဖတ် ပရိသတ်များ လေ့လာ ဖတ်ရှုနိုင်စေရန် မြဝတီ စာတည်း အဖွဲ့ထံမှ ခွင့်ပြုချက် ရယူကာ ပြန်လည် ဖော်ပြအပ်ပါသည်။ 

Credit by စိတ်ကူးပျော်ရာ
Source :  မြဝတီ စာတည်း အဖွဲ့
Credit by : The VoiceWeekly ဂျာနယ်

စီးဆင်းနေသော ဧရာဝတီ

စစ်ဆေးရုံ ကားဂိတ်သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန်တွင်
ညနေ ၃ နာရီ၊ ၄၅ မိနစ်သာရှိသေးသည်။ လူနာ တွေ့ချိန်သည် ညနေ
၎ နာရီမှ ၆ နာရီ အထိဖြစ်၍ ၁၅ မိနစ် စောင့်ရပေဦးမည်။ အမှတ် (၂) ဂိတ်ပေါက်ဝရှိ အုတ်ခုံတန်း ပေါ်တွင်ထိုင်ရင်း ထောက်ကြန့်ကား ဂိတ်က ဝယ်လာခဲ့သည့် ၃၅ ပြားတန် ဒူးယား စီးကရက် တစ်လိပ်ကို အင်္ကျီအိတ် ကပ် အတွင်းမှ ဆွဲထုတ်လိုက်သည်။

Friday, 18 January 2013

တရုတ် ဈေးသည်များ.....

တရုတ် ဈေးသည်များ

(၁)
ဆီပူပြီမှန်းသိသာလွန်း၏။ ဒေါ်စိန်မေက မီးဖိုအောက်မှထိုးထားသော ထင်းချောင်းများအား လိုက်ညှိပေး၏။ သူမ၏ဘေးတွင် ချထားသောရေပုံးထဲသို့ ဆန်မှုန့် လေးထုပ်ခန့် ဖောက်ထည့်၏။ ထို့နောက် ရေထည့်၏။ သစ်သားယောက်မဖြင့် သမအောင် မွှေ၏။ ဆန်မှုန့်ခပ်ပျစ်ပျစ် အနှစ်ရလာ၏။ ထိုထဲသို့ ဗူးသီးချောင်းကလေး လေးခုအား ပူးကိုင်ကာ နှစ်လိုက်၏။ ထို့နောက်ဆီပူဒယ်အိုးထဲသို့ ထည့်လိုက်၏။
ဒေါ်စိန်မေ အသက်ခြောက်ဆယ်ကျော်ပြီ။ သားသမီးကျောထောက် နောက်ခံ မရှိသဖြင့် တတ်သာသော အလုပ်ဖြင့် အသက်မွေးနေရ၏။ အကြော်သည်ဘဝမှာ ပင်ပန်းလှ၏။ ထို့ထက် ပင်ပန်းရသည်မှာ သူမ၏ အသက်နှင့်အတူ တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းများကြောင့်ပင်။
“အမေကြီး ဘူးသီးကြော်ရပြီလား”
ဒေါ်စိန်မေ အကြော်ဗန်းထဲသို့လှမ်းကြည့်ကာ မေး၏။
“သမီးက ဘယ်နှခုယူမှာလဲ”
“သုံးရာဖိုး”
ဒေါ်စိန်မေ အကြော်ဗန်းထဲမှ ဘူးသီးကြော်များကို အလျင်အမြန် ရေတွက်၏။
“အော် အေး သမီး ခဏစောင့်ပါလား။ ဒီတစ်ဒယ်ချရင် ရပြီ”
“ဟုတ်ကဲ့အမေကြီး စောင့်လိုက်မယ်လေ”
“သမီးက ဒီနေ့အစောကြီးလာတာကိုး”
“ဟုတ်တယ်အမေကြီး ဒီနေ့ဈေးမှာလိုချင်တာလေးတွေရှိလို့ စောစောသွားတာ။ ဒါတောင် မျှစ်ပဲရတယ်။”
ဒေါ်စိန်မေက ခြင်းထဲမှ မျှစ်ချဉ်ထုပ်အား လှမ်းကြည့်၏။ အထုပ်အတွင်းမှာပင် မျှစ်စို့ကလေးများ ရဲဗလောင်းခတ်နေ၏။
“အမေကြီးကော ဈေးရောင်းကောင်းရဲ့လား”
ဒေါ်စိန်မေသက်ပြင်းအရင်ချ၏။
“ဒီလိုပါပဲသမီးရယ် ရရ စားစားပေါ့။ ဈေးတွေကတက်ပေမယ့် အမေကြီးအကြော်က တက်လို့မရဘူးလေ။ ဈေးအိုးကွဲကုန်မှာပေါ့”
“အော် အမေကြီးရယ် ဒါဆိုလည်း ဆီတို့ဘာတို့ပြောင်းသုံးကြည့်ပါလား။ တရုတ်ကလာတဲ့ ဆီမျိုးဆိုသိပ်ဈေးသက်သာတာ”
ကျက်သွားသောဗူးသီးကြော်အား ဆီပူထဲမှဆယ်ယူက ဗန်းထဲထည့်လိုက်၏။
“တရုတ်ကလာတဲ့ဆီ ဟုတ်လား”
“ဟုတ်တယ်အမေကြီး စားအုန်းဆီလိုလို ပဲဆီလိုလို သိပ်မသေချာဘူး။ အနံ့ကလည်း စားအုန်းဆီမဟုတ်ပဲဆီမဟုတ်အနံ့မျိုး၊ ဈေးကတော့ သိသိသာသာကို သက်သာတာ။”
ဗူးသီးကြော် သုံးရာဖိုးအား ကြွပ်ကြွပ်အိတ်နှင့်ထုတ်ကာပေးလိုက်၏။ လာဝယ်သူကောင်မလေးက ငွေသုံးရာကို အမေကြီးအား ရိုရိုသေသေပေးကာ ထွက်သွား၏။ ဒေါ်စိန်မေ ထိုငွေအား အောက်ခံအင်္ကျီထဲသို့ထည့်ကာ စိတ်ထဲတွေ တေးမှတ်ထားလိုက်၏။
“တရုတ်ကလာတဲ့ ဆီ”

(၂)
“နင့်ဆိုင် လူတွေများလှချည်လား”
တဖက်ဆိုင်မှ အမျိုးသမီးက ပြုံး၏။ ထို့နောက် လက်ကာပြ၏။ ခဏနေဦးဆိုသည့်သဘောပင်။ ဈေးဝယ်များအား အသေအချာရောင်းပေးပြီးနောက် ထိုအမျိုးသမီးစကားစ၏။
“မြေကြီးထဲကလာတဲ့မျှစ်က အဖြူလေ အစကငါလည်းမသိတော့ ရောင်းမကောင်းဘူးပေါ့ဟယ်။ ဒါပေမဲ့ ဟိုဘက်ဈေးထဲမှာ တစ်ယောက်က အရောင်ဆိုးပြီးရောင်းတာ သိပ်ရောင်းရတာနဲ့ ငါလည်း ဆိုးကြည့်တာ”
တဖက်အမျိုးသမီးက မျှစ်ချဉ်ပုံးများအား လှမ်းကြည့်၏။ ဟုတ်ပါသည်။ မျှစ်ချဉ်များမှာ သူမ ယခင်က ရောင်းနေသည်နှင့်မတူ။ ဖွံ့ဖွံ့ထွားထွားနီရဲရဲ မျှစ်ချဉ်များ ဖြစ်ကြ၏။
“နင့်ဆိုးဆေးက ဘယ်လိုဆိုးရတာလဲ”
မျှစ်ချဉ်ဆိုင် အမျိုးသမီးမှ ဗူးသေးလေးတစ်ဗူး ပြ၏။ ဗူးထဲတွင် နီရဲရဲအမှုန့်များ။
“ဒီအမှုန့်တွေကို မျှစ်ချဉ်လုပ်တဲ့အချိန်ထည့်လိုက်ရုံပဲ။ ညခတ်ထား မနက်ကျရဲနေရော”
“အော်..”
“သေချာစနစ်တကျလုပ်တဲ့အမှုန့်ကော ဟုတ်ရဲ့လား”
မျှစ်ချဉ်သည်က ဘေးဘယ်ညာကြည့်၏။ တိုးတိုးကပ်ပြော၏။
“အရောင်တင်မှုန့်အစစ်က စတီးဇွန်းသေးလေးတစ်ဇွန်းကို ငါးထောင်လောက်ရှိတယ်ဟ။ ကျုပ်ဘယ်တတ်နိုင်မှာလဲ။ ဒါလေးဆို တစ်ဗူးမှ ငါးရာပဲပေးရတာ။”
“အော်..”
မျှဉ်ချဉ်သည်က ထပ်ပြော၏။
“တရုတ်က လာတာလေ။ သက်သာတယ်”
တဖက်ဈေးသည်က ခေါင်းတဆတ်ဆတ်ညိတ်ပြ၏။

(၃)
မျှစ်ချဉ်သည်က ပုစွန်ခြောက်ထည့်ထားသော တောင်းများအားလှမ်းကြည့်၏။
“ညည်းကော ရောင်းရရဲ့လား”
ပုစွန်ခြောက်သည်က ပြုံး၏။
“ညည်းက အရောင်ဆိုးရတယ်ဆိုတာကို ခုမှသိတာပါအေ။ ကျုပ်က သိတာဖြင့်ကြာလှပြီ။”
“ဘယ်လိုသိတာတုန်း”
“ဟဲ့ ပုစွန်ဆိုတဲ့အမျိုးက ဖြူဖတ်ဖြူရော်မျိုး။ အဲ့ကောင်ကို အခြောက်ခံနေလှမ်းကြည့် မွဲခြောက်ခြောက်နဲ့ ဘယ်သူက စားချင်မှာတုန်း။ ဒီတော့ ညည်းလိုပဲအရောင်ဆိုးရတာပေါ့”
မျှစ်ချဉ်သည်မှာ ခပ်ဖွဖွရေရွတ်၏။ သူမအသိ နောက်ကျခဲ့လေခြင်းဟု ထင်နေပုံရ၏။ မဟုတ်ပါက သူမအရင်ကတည်းက ဈေးရောင်းကောင်းခဲ့မည်မဟုတ်ပါလား။
“ငါဆိုးတာကျတော့ ပုစွန်ခြောက်အတွက်ပေါ့ဟယ်။ နေမလှမ်းခင်ဆိုးရတာပဲ။ မျှစ်ချဉ်ဆိုးတာနဲ့တော့ တူချင်မှတူမှာပေါ့။ အဲ တူတာတစ်ခုကတော့ ငါ့ဆိုးဆေးလည်း တရုတ်ကလာတာပဲ”
“အော်”
“မြန်မာလူမျိုးဆိုတာလည်း သိတဲ့အတိုင်းပဲလေ။ အရောင်ကလေးရဲနေမှ စားချင်တာမဟုတ်လား။ ပုစွန်ဆို အကောင်ခပ်ကြီးကြီးကို စပယ်ရှယ်သာ အရောင်ဆိုးလိုက် ကြိုက်သလို ဈေးတင်လို့ ရတာပေါ့။ မျိုးမျိုးမြတ်မြတ်လေးစားရတယ်”
ပုစွန်ခြောက်များအား လက်ဖြင့်ကိုင်ကာ အောက်သို့ ဖွဲခနဲပြန်ပစ်ချ၏။
“လာနော်လာနော် ပုစွန်ခြောက်တွေ ရဲနေတာပဲ ကောင်းမှကောင်း။ အကောင်းမှကြိုက်တတ်တယ်ဆို လာနော်”
ဈေးလမ်းမကြီးဆီသို့လှမ်းအော်၏။ တချို့မှာလှမ်းကြည့်သွား၏။ ပုစွန်ခြောက်ဆိုသည်မှာလည်း လှောင်ကုန်ဖြစ်သည်မဟုတ်ပါလား။ ဟင်းချိုထဲတွင်ဖြစ်စေ၊ လက်ဖက်သုပ်တွင်ဖြစ်စေ၊ အသီးအရွက်နှပ်သည့်နေရာ (ခရမ်းသီးနှပ်၊ ဘူးသီးနှပ်၊ စသည်) တွင်မှဖြစ်စေ အသုံးပြုရသည့်အရာမျိုး။ ထို့ကြောင့် သိပ်မလိုအပ်။ အိမ်တွင်ဝယ်ထားပြီးလျှင်လည်း သေချာလေလုံအောင်ထားပါက တာရှည်ခံပစ္စည်းမျိုး။ ထို့ကြောင့် တစ်ခါရောင်းပြီး တစ်ခါမျိုးမျိုးမြတ်မြတ်စားရဖို့ အရောင်ဆိုးသည်မှာ မဆန်းဟု ယူဆကြ၏။ သို့တည်းမဟုတ်က မြန်မာလူမျိုးများတွင်ပင် အသိပညာနည်းကြသပါသလား။ တစ်ယောက်က ဆေးဆိုးသဖြင့် ရောင်းကောင်းသွားသောကြောင့် နောက်တစ်ယောက်ကလိုက်ဆိုးပါသလား။

မိုးခါးရည်ဆိုသည်မှာ အတူတူသောက်က ချိုတတ်ပါသည်။

(၄)
ထိုငှက်ပျောသီးသည်မှာ ထူးဆန်းလှ၏။ ဈေးသို့ဆိုင်လာဖွင့်သည့်အခါ ငှက်ပျောသီးများကို ရေပုံးများဖြင့် သယ်သယ်လာတတ်၏။ ရေစိမ်ထားသည့်ငှက်ပျောသီးသည် မည်ကဲ့သိုသော အာနိသင်များ ရှိနိုင်မည်နည်း။ ပုစွန်ခြောက်သည်က ငှက်ပျောသီးသည်အား လှမ်းမေး၏။
“အစ်မကြီး အစ်မကြီးဆိုင်ဖွင့်တာနောက်ကျတယ်နော်။”
“အင်းဟုတ်တယ်ညီမရေ ကလေးတွေ ကျောင်းပို့တာ နောက်ကျသွားလို့”
ငှက်ပျောသီးသည်က တပွေ့တပိုက်သယ်လာသော ရေပုံးများကို နေရာချနေသဖြင့် လှည့်မကြည့်အား။ သို့သော် ဈေးသည်အချင်းချင်း အသံတော့ ပြန်ပြု၏။
“ဒါနဲ့လေ အစ်မကြီး ငှက်ပျောသီးတွေကို ဘာလို့ရေစိမ်စိမ်ထားတာလဲ”
ပုံးတွေအားနေရာချကာ ငှက်ပျောသီးသည်က ပုစွန်ခြောက်သည်ဘက် လှည့်၏။
“ရေမဟုတ်ဘူးညီမရဲ့ ဆေးရည် စိမ်တာ”
“ဆေးရည်”
ပုစွန်ခြောက်သည်မှာ သံယောင်လိုက်၏။ တစ်သက်နှင့်တစ်ကိုယ် ဒါမျိုးမကြားခဲ့ဖူး။ သို့သော် သူမ မသိခဲ့သည်ကလည်း ဖြစ်ကောင်းဖြစ်မည်။
“ပုံမှန်ဆိုရင် ငှက်ပျောသီးတွေက ဆယ်ရက်လောက်ကြာမှ မှည့်တာလေ။ ဒီဆေးရည်စိမ်လိုက်။ ညစိမ်ထားတာနဲ့ မနက်ဆိုမှည့်နေရော”
“အော်… ဘယ်လိုစိမ်ရတာလဲ အစ်မ”
ငှက်ပျောသီးသည်က ဆိုင်အောက် သစ်သားတန်းတွင်တင်ထားသော ဆေးဗူးလေးအား ပြ၏။
“ဒီဆေးလေးကို ရေထဲထည့်။ နည်းနည်းပါပဲ။ ပြီးရင် အဲ့ဒီ့ရေထဲကို ငှက်ပျောခိုင်လိုက် ထည့်ထား။ ညစိမ်ရင်မနက်ဆို မှည့်နေရော၊ တရုတ်ကလာတာလေ ဒီဆေးက တစ်ဗူးခြောက်ရာဆိုတော့ မဆိုးပါဘူး။ သုံးပျော်တယ် ရောင်းကောင်းတယ်ပေါ့”
“အော် တရုတ်ကလာတာလား”
ငှက်ပျောသီးသည်က ခေါင်းညိတ်ပြ၏။ ထို့နောက် နေရာတွင် နေရာတကျဝင်ထိုင်၏။
“အစ်မ ယူသွားပါလား ငှက်ပျောသီးတွေ ဝင်းနေတာပဲ လတ်ဆတ်တယ်နော်”
အမှန်ပင်ငှက်ပျောသီးတွေဝင်းနေပါသည်။ လတ်ဆတ်တယ်ဆိုသည်မှာအဘယ်နည်း။
“အစ်မ ငှက်ပျောသီး ယူသွားပါဦးလား။ ကြည့်ပါဦး ဝင်းနေတာပဲ။ လတ်ဆတ်တယ်နော်”
အမှန်ပင် ငှက်ပျောသီးတွေ ဝင်းနေပါသည်။ လတ်ဆတ်တယ် ဆိုသည်မှာ အဘယ်နည်း။

လတ်ဆတ်တယ်ဆိုသည်မှာ တရုတ်ဆေးနာမည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

(၅)
တယ်လီဖုန်းတွေ အမျိုးပေါင်းများစွာ စုံလင်လှ၏။ နိုကီယာ၊ အဲပဲလ်၊ ဆမ်ဆောင်း၊ အိတ်ရှ်တီစီ၊ စိုနီ စသည်ဖြင့် စုံလင်လှသော ဖုန်းပေါင်းများစွာကို ပြသထား၏။ ဇင်ကိုမင်း အားတော့ငယ်မိ၏။ သူလိုချင်သည်က အိုင်ဖုန်းဖြစ်၏။ ငါးသိန်းဝန်းကျင်ရှိသည်ဟု သူအကြမ်းဖျင်းသိထား၏။ အဆင်မပြေ။ သူ့ထံတွင် ဖုန်းဝယ်ရန် ပိုက်ဆံနှစ်သိန်း ပျော့ပျော့ပင်ရှိ၏။
“မောင်လေး ဘယ်ဖုန်း ပြပေးရမလဲ”
“ဒီဖုန်းလေး ခဏလောက်ပြပါအစ်မ”
ဇင်ကိုမင်းပြလိုက်သည်က အိုင်ဖုန်းဖြစ်၏။ မဝယ်ဖြစ်သည့်တိုင် ခဏတော့ ကိုင်တွယ်ကြည့်ချင်သည့် စိတ်နှင့် ပြခိုင်းလိုက်ခြင်းဖြစ်သည်။
“ဒါလေးက အိုင်ဖုန်း။ တရုတ်ကလာတာ တစ်သိန်းနဲ့လေးသောင်း။”
ဇင်ကိုမင်း မျက်လုံးကျယ်သွား၏။ သူလိုချင်သည့်အိုင်ဖုန်းကို တစ်သိန်းလေးသောင်းနဲ့ ရသည်ဆိုပါလား။ တရုတ်ဖြစ်ဘာဖြစ်ညာဖြစ် ခဏထား။ သူဒီဈေးနဲ့ဒီဖုန်းကို ဝယ်လို့ရမည်ဟု လုံးဝမထင်ခဲ့။
“ဒီဖုန်းက တရုတ်ကလာတာ…။ သူက…”
အရောင်းဝန်ထမ်းမလေးက ဖုန်းအကြောင်း၊ ဖုန်းထဲတွင်သုံးထားသော စစ်စတမ်များအကြောင်း ၊ ဂရမ်တီဘယ်လောက်ပေးကြောင်း ၊ အစစ်နှင့်ချွတ်စွပ်တူသောကြောင့် အမှတ်တမဲ့ကြည့်လျှင်အစစ်ဟု ထင်ရကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းပြနေ၏။
“တရုတ်က မြန်မာဈေးကွက်ကိုသိတယ်လေ။ ကြိုက်တဲ့ပစ္စည်းကို ကြိုက်တဲ့ဈေးနဲ့ရစေရမယ်လို့ အာမခံထားတာ”
ဇင်ကိုမင်းစိတ်ထဲတွင် တခြားမရှိ။ ဖုန်းစစ်စတမ်ဘာညာလည်း သူစိတ်မဝင်စား။ သူလူကြားထဲ ရှိုးထုတ်ချင်၏။ အိုင်ဖုန်းကိုင်ကာ သူလူကြားထဲတွင် ပေါ်ပေါ်တင်တင်နေမည်။ အိုင်ဖုန်းအစစ်အား သူသေချာမထိတွေ့ဖူး မကိုင်တွယ်ဖူးသဖြင့် ဘာတွေများကွာခြားချက်ရှိသလဲ သူမသိ။ သိလည်းသိချင်ပုံမပေါ်။ ခုနေများ သူတွေဝေနေတုန်း တစ်ယောက်ယောက်ကြားဖြတ်ဝယ်သွားပါက သူရင်ကွဲနာကျကာ သေရတော့မည့်ပုံ ရှိ၏။ ပိုက်ဆံထုတ်ကာ သူငွေချေလိုက်၏။
“တရုတ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်။ အိုင်ဖုန်းဖြစ်ရင်ပြီးတာပဲ”
အရောင်းစာရေးမလေးက ပြုံးပြ၏။ နောက်လှည့်ကာလှမ်းအော်၏။
“ကေသီရေ တရုတ်အိုင်ဖုန်း အရောင်းစာရင်းထဲထည့်လိုက်ပါဟေ့”
လူတစ်ယောက်ဖုန်းဆိုင်တွင်းမှ မြူးတူးပျော်ပါးစွာထွက်ခွါသွား၏။

(၆)
“အဟင်း..အဟင်း…”
ဦးမြင့်လွင် လည်ချောင်းတွင်တပ်ထားသော ပိုက်မှ ချွဲသလိပ်များအား သုတ်ပစ်၏။ ကင်ဆာဟူသည်မှာလည်း ကြောက်စရာရောဂါတစ်ခုပင်မဟုတ်ပါလား။ လည်ချောင်းကင်ဆာဖြစ်ကာ အသက်ရှူမရတော့။ လည်ချောင်းတွင်အပေါက်ဖောက်ကာ ပိုက်တပ်၍ အသက်ရှူရ၏။ စကားပြောလျှင် အသံမထွက်တော့။ စာရေးပြောရ၏။ တခါတရံ လက်ဟန်ခြေဟန်ဖြင့်ပြော၏။
“ဖေဖေ အိပ်ဦးမယ် သမီး”
တုန်တုန်ရီရီဖြင့်ရေးသားထားသော လက်ရေးတစ်ခု။ သမီးဖြစ်သူက ဖခင်အား စောင်သေချာခြုံပေး၏။ သူမ၏ သားဖြစ်သူ ဦးမြင့်လွင်၏ မြေးဖြစ်သူလေးအား ခေါ်ကာ ဧည့်ခန်းထဲသို့ထွက်လာခဲ့၏။
“မေမေ မေမေ ဖိုးဖိုးက ဘာလို့ လည်ပင်းမှာ အပေါက်ဖောက်ရတာလဲ”
လည်ချောင်းကင်ဆာဟု ရှင်းပြပါက ကလေးနားလည်မည်မဟုတ်။ ထပ်မေးနေပါက ထပ်ရှင်းပြနေရဦးမည်။
“မတည့်တာတွေ စားလို့ပေါ့သားရယ်”
“အဲ့ဒါဆို သားမတည့်တာတွေစားရင်လည်း ဖောက်ရမှာလား”
“အင်းပေါ့”
ကလေးမှာ အနည်းငယ်တွေဝေသွား၏။
“တရုတ်သကြားလုံးကကော သားနဲ့တည့်လားမေမေ”
မိခင်က ခေါင်းခါပြ၏။
“မတည့်ဘူး သားအများကြီးစားရင် ဖိုးဖိုးလိုဖြစ်မှာ”
ကလေးငယ်မှာ မိခင်အား ပြုံးပြကာ မတ်တပ်ထ၏။
“သား ဘယ်သွားမလို့လဲ”
“လမ်းထိပ် မုန့်ဆိုင်”
“မတည့်တာတွေမစားနဲ့နော်”
“ဟုတ်ကဲ့မေမေ”

(၇)
လမ်းထိပ်မုန့်ဆိုင်တွင်ဖြစ်သည်။
“ရော့သားလေး အကြွေမရှိလို့ ဒါလေးပဲ ယူသွားနော်”
“ဟင် တရုတ်သကြားလုံးကြီး”
“အင်းလေ ကောင်းပါတယ်သားရဲ့”
ကလေးမှာ သကြားလုံးအား မယူရဲသေးဘဲ အင်တင်တင်ဖြစ်နေ၏။
“တရုတ်သကြားလုံး စားရင် လည်ပင်းမှာ အပေါက်ကြီးဖောက်ရမှာပေါ့”
“သားကိုဘယ်သူကပြောတာလဲ”
“သားမေမေပြောတာ”
ကုန်စုံဆိုင်ရောင်းသူမိန်းမကြီး ရယ်မော၏။
“ဒါဆိုတရုတ်သကြားလုံးစားတဲ့ သားသူငယ်ချင်းတွေကော လည်ပင်းမှာ အပေါက်ဖောက်ရလို့လား”
ကလေးက ခေါင်းခါပြ၏။ ထို့နောက် ဆိုင်ရှင်လှမ်းပေးနေသော တရုတ်သကြားလုံးအား ယူကာ ဘောင်းဘီကြားထဲ ညှပ်လိုက်၏။
ညကျအိပ်ယာထဲရောက်မှ ထိုတရုတ်သကြားလုံးအား မေမေမသိအောင် သူ.. ခိုးစားတော့မည်။


နေပိုင်
၁၃.ဝ၁.၂ဝ၁၃
ဝ၂း၃၆
တနင်္ဂနွေနေ့

credit >>Nay Paing 




@[148980878505812:274:ပလီပလာ ထွေကာလီကာ]



(၁)
ဆီပူပြီမှန်းသိသာလွန်း၏။ ဒေါ်စိန်မေက မီးဖိုအောက်မှထိုးထားသော ထင်းချောင်းများအား လိုက်ညှိပေး၏။ သူမ၏ဘေးတွင် ချထားသောရေပုံးထဲသို့ ဆန်မှုန့် လေးထုပ်ခန့် ဖောက်ထည့်၏။ ထို့နောက် ရေထည့်၏။ သစ်သားယောက်မဖြင့် သမအောင် မွှေ၏။ ဆန်မှုန့်ခပ်ပျစ်ပျစ် အနှစ်ရလာ၏။ ထိုထဲသို့ ဗူးသီးချောင်းကလေး လေးခုအား ပူးကိုင်ကာ နှစ်လိုက်၏။ ထို့နောက်ဆီပူဒယ်အိုးထဲသို့ ထည့်လိုက်၏။
ဒေါ်စိန်မေ အသက်ခြောက်ဆယ်ကျော်ပြီ။ သားသမီးကျောထောက် နောက်ခံ မရှိသဖြင့် တတ်သာသော အလုပ်ဖြင့် အသက်မွေးနေရ၏။ အကြော်သည်ဘဝမှာ ပင်ပန်းလှ၏။ ထို့ထက် ပင်ပန်းရသည်မှာ သူမ၏ အသက်နှင့်အတူ တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းများကြောင့်ပင်။
 

Saturday, 17 November 2012

“တခါတရံမှာ နာကျင်ခြင်းက ချိုမြိန်တယ်”



 ကိုယ့်ဘေးကလူ ငြူစူမှာကြောက်လို့ ထုတ်ပြောခွင့်မရတဲ့ 
အချစ်ဦးဇာတ်လမ်းတွေက ရင်ထဲမှာ 
ပိုပြီး ကြာရှည် တွယ်ခိုနေတတ်တယ်။

တိုးတိတ် တိတ်ဆိတ်တဲ့အခန်းလေးတစ်ခုထဲကို ကျနော် ရောက်နေခဲ့တာပါ။ ကုတင်တစ်လုံးလို အသုံးပြုထားတဲ့ ဆိုဖာခုံတန်းလေးပေါ်မှာ ပက်လက်အိပ်ရင်းပေါ့။ မျက်နာကျက်က နှစ်ပေမီးချောင်းလေးကို ကြည့်ငေးရင်း ကျနော်ပြုံးမိပြန်တယ်။ ဒါနဲ့ဆို ပြုံးမိတာ သုံးခါရှိနေပြီ။ အခုအဖြစ်အပျက်က သိပ်အံ့သြဖို့ကောင်းမှန်း ကျနော်သိနေတယ်။ ဒါကြောင့် ပြုံးမိတာ။ ဒီ ရှစ်ပေပတ်လည်လောက်ပဲ ကျယ်တဲ့ အခန်းထဲကို ဝင်လာဖြစ်တဲ့ ခံစားချက်ကိုက သိမ်မွေ့လှပလွန်းပါတယ်။ 

ပက်လက်အိပ်နေရင်း ဘေးဘီကို ကြည့်လိုက်တယ်။ အခန်းနံရံတွေမှာ ဓါတ်ပုံပေါင်းများစွာ ချိတ်ဆွဲထားတယ်။ နဂါးပုံတွေ၊ ကင်းမြီးကောက်၊ အရိုးခေါင်း ၊ အသဲပုံ၊ လိပ်ပြာ၊ ငါး ၊ ပန်းပွင့်၊  ကျား ၊ မီးလျှံ၊ ချိန်ခွင် ၊ ကျောက်ဆူး၊  ကနုတ် ၊ ကြယ် ၊ လ၊ နေ ၊ လက်ဝါးကပ်တိုင် ပုံတွေ၊ ပြီးတော့ စာတန်းအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ ရေးထားတာတွေကို တွေ့ရမယ်။ အဲဒီပုံတွေအားလုံးက လူ့ခန္ဓာကိုယ် အရေပြားပေါ်မှာ အရောင်စုံတောက်ပစွာ ထိုးနှံထားတာတွေပါ။ ဒီနေရာက (tattoo )တက်တူးထိုးတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒါကြောင့် အခုအဖြစ်အပျက်က သိပ်အံ့သြဖို့ကောင်းနေတယ်လို့ ကျနော် ပြောခဲ့တာပေါ့။ 

ကိုယ့်တရားနဲ့ကိုယ်



လှေကားထစ်များကို တက်လာရ၍ အနည်းငယ် မောဟိုက်နေသော မင်းခန့် အတွက် အိမ်တံခါး ဆွဲအဖွင့်မှာ အနံ့တစ်ခုက ဆီးကြိုနေသည်။ ချဉ်စုတ်စုတ် ပုပ်အက်အက်အနံ့က တံခါးအဖွင့်မှာ အသက်ရှူလမ်းကြောင်းထဲ ပြေးဝင်လာ၏။ ထိုအနံ့ဆိုးကြောင့် ပို၍မောဟိုက်သွားရသလိုခံစားရသည်။ မကြာခဏ ရနေသော အနံ့ဖြစ်တာကြောင့် ထိုအနံ့ဆိုးမှာ မီးဖိုခန်းအတွင်းရှိ အမှိုက်ပုံးမှ ထွက်လာသည့် အနံ့ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ ထိုအခါ ငုပ်လျှိုနေသော ဒေါသစိတ်က အလိပ်လိုက်လှိုက်တက်လာတော့သည်။ မင်းခန့် အိမ်မပြန်လာဖြစ်တာ နှစ်ရက်ရှိပြီ။  သောကြာနေ့ ရုံးဆင်းချိန်ကတည်းက သူငယ်ချင်းတစ်ယောက်အိမ်တွင် အလည်အပတ် သဘောမျိုး သွားနေခဲ့သည်။

ယခုတနင်္ဂနွေနေ့ပြန်လာတော့ အမှိုက်ပုံးမှ အနံ့ဆိုးက ဆီးကြိုနေခဲ့ခြင်း ဖြစ်၏။ နှာခေါင်းပိတ် အသက်အောင့်ကာ အိပ်ခန်းထဲသို့ ခပ်မြန်မြန် ပြေးဝင်လိုက်ရသည်။ အခန်းထဲမှ မြင်ကွင်းကလည်း မင်းခန့် ကို နွေးထွေးစွာ ဆီးကြိုနေပြန်သည်။ သူ့အိပ်ယာမှ လွဲ၍ တခန်းလုံး နီးနီး ဖရိုဖရဲဖြစ်နေသည့် မြင်ကွင်းသည် သူ့သွေးတို့ကို ပို၍ ဆူပွက်စေပြန်သည်။

သည်အခန်းက မင်းခန့် တစ်ယောက်ထဲ နေသည့်အခန်းမဟုတ်။ အခန်းဖော် တစ်ယောက်နှင့် စပ်တူ ငှားထားသည့် အခန်းဖြစ်သည်။ အခန်းထဲမှ ဖရိုဖရဲ ရှုပ်ပွေနေသမျှသည်လည်း သူ့အခန်းဖော်၏ စွမ်းဆောင်ချက်များသာ ဖြစ်သည်။ အခန်းထဲရှိ နှစ်ဦးပိုင် စားပွဲပေါ်တွင် ဖတ်လက်စ မဂ္ဂဇင်းတစ်အုပ်နှင့် ဂျာနယ် နှစ်စောင်က စားပွဲနေရာ ပြည့်လုမတတ် နေရာယူထား၏။ သောက်ပြီးမဆေးရသေးသည့် ကော်ဖီခွက်တွင် ပုရွက်ဆိတ်များက ပျော်ပွဲစားထွက်နေကြ၏။


စာအုပ်များကို ဖတ်ပြီးလျှင် စင်ပေါ်တွင် ပြန်တင်ထားဖို့နှင့် သပ်ရပ်စွာထားရန် စံနမူနာအနေဖြင့် အကြိမ်ကြိမ်လုပ်ပြဖူးသည်။ သို့သော် အခန်းဖော်က မသိခဲ့ မမြင်ခဲ့။ ထိုအခါ အပြုဖြင့်မရလျှင် အပြောဖြင့်ရအံ့ဟု နောက်တဖန်ကြိုးစားပြန်သည်။ ကော်ဖီအတူသောက်ရင်း တီဗီအတူကြည့်ရင်း အခါအခွင့်သင့်သလို ပစ္စည်းများကို နေသားတကျ သပ်ရပ်စွာ ထားရန် တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍ တစ်ဖုံ ပြောပြဖြစ်သည်။ သူ့စကားတို့သည် နေရောင်မလာခင် တွဲခိုခွင့်ရသည့် နှင်းများပမာ ခဏသာ တည်မြဲခဲ့သည်။ အချိန်ကြာလာတော့ ထုံးစံအတိုင်း ရှုပ်မြဲ ပွမြဲသာဖြစ်သည်။

မင်းခန့် ၏စရိုက်က တစ်ခါမှ နှစ်ခါ ပြောရမှာ အင်မတန်ဝန်လေးသူဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် အလိုက်တသိဖြင့် နေထိုင်လိုသည့် စရိုက်ရှိသူဖြစ်သည်။ နှုတ်မှထုတ်ပြောနေရသည်မှာ ပိုပင်ပန်းသည်ဟု ခံစားမိကာ သူ့ဘာသူသာ အမြင်မတော်သည်များကို ကောက်သိမ်း ရှင်းလင်းခဲ့သည်။ အလုပ်တစ်ခုကို လူတစ်ယောက်ထဲမှ ဆက်တိုက်လုပ်ရလျှင် ထိုအလုပ်များသည် ထိုသူ၏ကိုယ်ပိုင်တာဝန် ဝတ္တရားများ ဖြစ်လာတတ်သည့် သဘောအတိုင်းပင် အိမ်၏ဝေယျာဝစ္စများ အားလုံးနီးနီးသည် မင်းခန့် ကိစ္စများသာဖြစ်လာတော့သည်။

ထိုသို့ဖြင့် မင်းခန့်သည် ယခင်ကထက် နားပိုပါးလာ၏။ အာရုံခံစားမှု ပိုအားကောင်းလာ၏။ တစ်ခန်းထဲတွင် နှစ်ယောက်အတူတူရှိလျက်နှင့်ပင် အမှိုက်ကားလာသည့် အသံကို မင်းခန့် သာ ကြားရသည်။ အခန်းဖော်က မကြား။ သောက်ရေဗူးထဲ ရေကုန်နေလျှင် မင်းခန့် သာသိသည်။ အခန်းဖော်က မသိ။ အမှိုက်ပုံးထဲမှ အနံ့အသက်များ ထွက်လာလျှင်လည်း မင်းခန့် သာ အနံ့ရသည်။ အခန်းဖော်က အနံ့မရ။ ထိုသို့ဖြင့် အာရုံခံစားမှုများ ပို၍ ဝေးကွာလာတော့သည်။ အခန်းတစ်ခုထဲတွင် စိတ်တည်ငြိမ်အေးဆေးစွာရှိသူနှင့် အာရုံကြောများထောင်ထနေကာ ဖြစ်လာသမျှ ဖြေရှင်းဖို့ ပြင်ဆင်ထားသူ ဟူ၍ လူနှစ်ယောက်အတူတကွ ရှိနေခဲ့ကြသည်။

အခန်းထဲမှ မြင်ကွင်းများကြောင့် စိတ်မောစွာဖြင့် ရေသောက်ရန် ရေခဲသေတ္တာဖွင့်လိုက်သည်။ ငပိစိမ်းစားအနံ့က ထောင်းခနဲထွက်လာပြန်သည်။ ငပိသုပ်ပန်းကန်ကို ပလပ်စတစ်မအုပ်ဘဲ ထည့်ထားသည်ကို မြင်လိုက်ရ၏။ ဟင်းပန်းကန်များအုပ်ရန် ပလပ်စတစ်အလိပ်များ ဝယ်ထားသော်လည်း အချည်းနှီးသာ။ ရေဗူးဆွဲထုတ်ပြီး ရေခဲသေတ္တာ တံခါးကိုသာ ဆောင့်ပိတ်ခြင်းဖြင့် ဒေါသစိတ်များ ဖြေဖျောက်လိုက်ရပြန်သည်။ မလွယ်သည်မှာ တကယ့်ကို မလွယ်ဟု မင်းခန့် တွေးနေမိသည်။

မချစ်မနှစ်သက် သူနှင့် ပေါင်းဖက်ရခြင်းသည် လောကငရဲဟုဆိုလျှင် အလိုက်မသိတတ်သူနှင့် တစ်သက်တာ နေထိုင်ရခြင်းသည်လည်း ငရဲကြီးရှစ်ထပ်ထဲမှ အသက်သာဆုံးငရဲတစ်ခုသာ ဖြစ်မည်ဟုထင်မိသည်။ ယခုဆိုလျှင်  အတူနေရသည်မှာ  ခြောက်လခန့်သာ ရှိသေးသော်လည်း မင်းခန့် စိတ်မောလှပါပြီ။ တကယ်တော့ လုပ်ရသည့် အလုပ်များက ပင်ပန်းလှသည်မဟုတ်။ တစ်ခုခြင်းအနေဖြင့်တွက်လျှင် မလေးမပင်သော ကိစ္စများသာ ဖြစ်သည်။ သို့သော် နှစ်ယောက်အတူတကွ ခံစားကြသော ကိစ္စများအတွက် တစ်ယောက်ထဲမှ ဒိုင်ခံလုပ်နေရလျှင် သွားကြားထိုးတံမျှပင် အလေးချိန်ရှိသည့် ကိစ္စဖြစ်လျှင်တောင် ကြာလာတော့ စိတ်ထဲက ငြိုငြင်လာမိသည့် သဘောမျိုးဖြစ်သည်။ လူအားဖြင့်မပင်ပန်း စိတ်ပင်ပန်းရခြင်းသာဖြစ်သည်။

ထိုသို့စိတ်ပင်ပန်းသည့်ဒဏ်ကို မခံနိင်တာကြောင့် ထမင်းပင်အတူမစားဖြစ်တော့။ ယခင်ကတော့ ထမင်းတစ်အိုးထဲအတူချက်ကာ စားဖြစ်ကြသည်။ အိမ်အရင်ရောက်နှင့်သူ ထမင်းချက်သည့် စနစ်ဖြစ်၍ မင်းခန့် အိမ်ပြန် နောက်ကျလျှင်တောင် ချက်ပြီးသား ထမင်းက အဆင်သင့်ရှိခဲ့သည်။ သို့သော်ခက်သည်က ချန်ထားသော ထမင်းသည် မင်းခန့် အတွက် လောက်ငှသည်မှာ ရှားသည်။ မလောက်မငှဖြင့် အသစ်ထပ်ချက်ရပြန်သည်။ မင်းခန့် အရင်စားဖြစ်၍ ကျန်သောထမင်းနည်းသွားသည့်အခါမျိုးတွင် အခန်းဖော် စားရန် နောက်တစ်အိုး ထပ်ချက်ထားပေးသော်လည်း မင်းခန့် အလှည့်တွင် ကိုယ်တိုင်သာ ထပ်ချက်ရပြန်သည်။ ကြာလာတော့ မင်းခန့် စိတ်ထဲတစ်မျိုးဖြစ်လာရတော့သည်။ 

“တောင်ကမိုဟာမက်ဆီမလာလျှင် မိုဟာမက်ကတောင်ဆီကိုသွားမည်” ဆိုသည့် စကားပုံအတိုင်း အခန်းဖော်ထံမှ အလိုက်သိတတ်မှုကို မရလာသည့်အခါ မင်းခန့် သူလုပ်နိင်တာကိုသာ လုပ်လိုက်တော့သည်။ ထိုအရာက ထမင်းဆိုင်တွင်ထွက်စားခြင်း၊ တစ်ခါတရံ ထမင်းထုပ်ဆွဲ၍ အိမ်ပြန်လာခြင်းဖြင့် စားရေးကိစ္စကို ဖြေရှင်းလိုက်သည်။ စားရေးကိစ္စမှာ အပြင်တွင် သီးသန့်ဖြေရှင်းနိင်သော်လည်း အိမ်တွင်းကိစ္စများကတော့ ယခင်အတိုင်း မကြာမကြာ တွေ့နေရမြဲသာဖြစ်သည်။ ယခုလည်း သူငယ်ချင်းအိမ်တွင် သွားအိပ်သည့် နှစ်ရက်အတွင်းတွင် မပစ်ထားခဲ့သည့် အမှိုက်ပုံးမှ အနံ့ဆိုးများ တလှိုင်လှိုင်ပေး၍ သတိပေးနေပြန်သည်။ 

တနင်္ဂနွေနေ့ဖြစ်၍ အခန်းဖော်က အခန်းထဲတွင်မရှိ။ အပြင်သွားနေသည်။ မင်းခန့် အဝတ်အစား လဲပြီးနောက် အမှိုက်ပုံး သိမ်းရန် မီးဖိုချောင်သွားရပြန်သည်။ အမှိုက်ပုံး အဖုံးကို ဆွဲအဖွင့်တွင် ဖြုတ်ကောင်များနှင့် အနံ့ဆိုးက ဝုန်းခနဲ ထပျံလာသည်။ အမှိုက်အိတ် နှုတ်ခမ်းတွင် ပိုးလောက်တို့က တွယ်စပြုနေ၏။ ပျို့တက်လာသော အော့အန်ချင်စိတ်ကို အသက်အောင့်ကာ ထိန်းရင်း အမှိုက်အိတ်ကိုင်းနှစ်ဖက်ကို စုချည်လိုက်ပြီး နောက်ထပ် အိတ်အသစ်တစ်လုံး ထပ်စွပ်ကာ လုံအောင် ချည်နှောင်လိုက်သည်။ အနံ့အသက်ဆိုးအနည်းငယ် သက်သာသွား၏။  အမှိုက်သိမ်းကား မလာသေး၍ အခန်းပြင်တွင် အမှိုက်အိတ်သွားထားပြီး ပိုးလောက်တစ်ချို့နှင့် အနံ့ဆိုးများ ဆွဲကပ်နေသော အမှိုက်ပုံးကို ရေလောင်းချကာ နေရောင်အောက်တွင် ပစ်ထားလိုက်ရသည်။ ထိုသို့ အမှိုက်ပုံးကို ရေဆေးရသည်အထိ ဖြစ်ရသည်မှာလည်း မကြာခဏ ကြုံတွေ့နေရသော ကိစ္စတစ်ခုဖြစ်သည်။

မင်းခန့်၏ အခန်းဖော်က အနေအေးသူဖြစ်သည်။ သို့သော်သူ၏ အေးဆေးပုံက အခြားသူများနှင့်မတူ။ ပူပန်ခြင်းမှ လွတ်ကင်းနေသည့် အေးဆေးပုံမျိုးမဟုတ်။ ပူပန်မှုဆိုသည်ကို မသိသော  အေးဆေးပုံမျိုးသာဖြစ်သည်။ အနံ့ဆိုးအတွက်ပူပန်ခြင်း ၊ အမြင်မတော်ရှုပ်ပွပေရေ မှုများအတွက် ပူပန်ခြင်း၊ သဲ ဖုန် အမှိုက်များဖြင့် နေရမည်ကိုပူပန်ခြင်း စသည့် ပူပန်မှုများကို မသိသော အေးဆေးပုံမျိုးဖြစ်၏။ လာမထိမချင်း ထမပေါက်သော မြွေတစ်ကောင်၏ အေးဆေးပုံမျိုးဟု ဆိုလျှင်လည်း ထိုမြွေသည် အာရုံခံစားမှု အတော်အားနည်းသော မြွေမျိုးဖြစ်မည်။ အနေအေးသော မင်းခန့်၏ အခန်းဖော်သည် ဘုရား တရား ကိစ္စများကိုတော့ အာရုံစိုက်သူဖြစ်သည်။ နားနားနေနေ ရှိသည့်အချိန်တိုင်း တရားခွေတစ်ခွေကို ဖွင့်၍ ငြိမ်သက်စွာ နာယူနေလေ့ရှိသူလည်း ဖြစ်သည်။ ထိုအရာကိုတော့ ကောင်းကွက်ဟု သတ်မှတ်နိင်မည်ထင်သည်။

အမှိုက်ပုံးဆေးပြီးနောက် သူ့လက်ကို မင်းခန့် ဆပ်ပြာဖြင့်အထပ်ထပ်ဆေးသည်။ ယခင်အကြိမ်များအတိုင်း ထုတ်ပြောလိုက်ချင်သည့် စကားလုံးများကို ပြန်မျိုချကာ သက်ပြင်းကိုသာ မှုတ်ထုတ်နေမိတော့သည်။ အခါအခါ မျိုချထားရသော စကားလုံးများက နှလုံးသားပေါ် တအိအိဖြင့် ဖိကျလာနေခဲ့သည်။ စိတ်၏ညှိုးနွမ်းခြင်းဖြင့် နေ၍မပျော်တော့။ ရေချိုး အဝတ်အစားလဲကာ အပြင်သို့ ထွက်လာခဲ့တော့သည်။ ထိုနေ့က အပြင်တွင်ထမင်းစားပြီး မင်းခန့် အိမ်ပြန်ရောက်လာချိန်က ညကိုးနာရီကျော်နေခဲ့ပြီ။

အခန်းတံခါးနားရောက်တော့ အခန်းထဲမှ တရားသံ တိုးတိုးလေးက ပျံ့လွင့်လာသည်။ မီးရောင်မှိန်မှိန် ထွန်းထားသော အခန်းထဲတွင် မင်းခန့်၏ အခန်းဖော်က နံရံဘက် လှည့်ကာအိပ်ရင်း ဖွင့်ထားသည့် တရားသံတွင် အာရုံဝင်စားကာ တရားနာနေသည်။ အခန်းဖော်ကို မြင်တော့ ငြိမ်းသတ်လာသော ဒေါသမီးများက အငွေ့တလူလူ ပြန်ထွက်လာသည်။ ထုံးစံအတိုင်း သက်ပြင်းချပြီး အိပ်ယာပေါ် ပက်လက်လှဲကာ မျက်နာကျက်ကိုသာ မော့ကြည့်နေမိတော့သည်။

ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေသော တရားသံနှင့် အတူ မင်းခန့်တွေးမိသည်။ ပုထုဇဉ်လူသားတစ်ယောက်အတွက် ပူလောင်ဖွယ် လောကီလူ့ဘုံမှ လွတ်မြောက်ရာဖြစ်သော လောကုတ္တရာတရားမှာ အရေးကြီးသလို နိဗ္ဗာန်မရောက်မှီစပ်ကြား လူအဖြစ်နှင့် နေရလျှင်လည်း လူမှုဘဝပတ်ဝန်းကျင်တွင် လိုက်လျောညီထွေ နေထိုင်တတ်သည့် လောကီတရားကို တတ်ကျွမ်းနားလည်ဖို့မှာ အရေးကြီးကြောင်း တွေးနေမိသည်။ ပူလောင်မှုနှင့် အကုသိုလ်ဆိုသည့်အပင်သည် ကိုယ်တိုင်မစိုက်ပျိုးလျှက်နှင့်ပင် သူ့ရင်တွင်း၌ အညွှန့်တလူလူ အသီးတဝေဝေ ဖြစ်တတ်ကြောင်းလည်း မင်းခန့်သဘောပေါက်မိတော့သည်။

******

တရားသံ ခပ်တိုးတိုးပျံ့လွင့်နေသော အခန်းတစ်ခုထဲတွင် အတူနေ လူနှစ်ယောက် ကိုယ်စီကိုယ်စီ တရားပွားများနေကြသည်။ တစ်ယောက်က ပျံ့လွင့်နေသော တရားသံတွင် အာရုံဝင်စားကာ ငြိမ်းချမ်းစွာ လဲလျောင်းရင်း စိတ်၏ချမ်းသာခြင်း ကျေနပ်ဝမ်းမြောက်ခြင်းတည်းဟူသော ပီတိသောမနဿတရား ဆင်ခြင်ပွားများနေ၏။ နောက်တစ်ယောက်ကတော့ ပျံ့လွင့်နေသော တရားသံတို့သည် နားစည်သို့ပင် ရိုက်ခတ်ခွင့်မရနိင်ဘဲ စိတ်၏ဆင်းရဲခြင်း နှလုံးမသာယာတည်းဟူသော ဒေါမနဿ တရားကို ပွားများအားထုတ်နေသူဖြစ်သည်။

 သြော်...နေတတ်သူသာ ငြိမ်းချမ်းလေစွပါတကား။

 ။..............................................................................................။

(ဝန်ခံချက်။........။ ဝတ္ထုတိုဖြစ်ပါသည်။ ဝတ္ထုဇာတ်လမ်းအရ ထည့်သွင်းရေးသားထားသည့် တရားသဘောများသည် လွဲချော်မှု၊ မှားယွင်းမှုရှိပါက ရေးသူကျွန်တော့်၏ အားနည်းချက်သာ ဖြစ်ပါသည်။)

ယုံကြည်ချက်နှင့်ရှေ့ဆက်ကြသူများ

ထိုနေ့ကတောင်ထိပ်ပေါ်ရောက်တော့ နေ့လည် ၃ နာရီခန့်ရှိနေပြီ။ ကျောပိုးအိတ်ကို ပစ်ချပြီး အရင်ဆုံးလုပ်ဖြစ်သည်က အရှေ့ဘက် တောင်စွန်းနားသို့ သွားမိ၏။ ပေ ခြောက်ထောင်ကျော်မြင့်သည့် တောင်ထိပ်မို့ လေတဟူးဟူး တိုက်ကာ တိမ် နှင့် မြူခိုးများက မျောလွင့်နေသည်။ မြင်ကွင်းက မနှစ်ကအတိုင်းပင် ဖြစ်သည်။ ဟိုးအဝေးဆီမှ တောင်တန်းများကလည်း အရင်အတိုင်း မှိုင်းညို့လျက်။ တောင်ထိပ်တစ်ချို့က တိမ်တွေထဲ ဝင်ရောက် ပျောက်ကွယ်နေသည်။ ယခင်အတိုင်းပါပဲ။ ဘာမှမပြောင်းလဲခဲ့။ တစ်နှစ်တာ အချိန်ကာလသည် သဘာဝပါတ်ဝန်းကျင်ကို အများကြီး မပြောင်းလဲစေနိင်ခဲ့သေးပါ။ သို့သော် မနှစ်က ရောက်ခဲ့သည့် ခံစားချက်နှင့် သည်နှစ်ခံစားချက်က မတူတော့။ မနှစ်က ကျွန်တော် ရယူသူ ဖြစ်ခဲ့၏။ သည်နှစ်ရောက်လာခြင်းက ပြန်လည်ပေးဆပ်ရန်ဖြစ်သည်။

အငုံ့စိတ်



စားလက်စာမုန့်ကို ငုံ့ကိုက်လိုက်ချိန်မှာပင် “ဒုန်း” ခနဲ မြည်သံ နှင့်အတူ ရပ်ထားသည့် သူ့ကား အနည်းငယ်လှုပ်ခါသွားသည်။ နောက်ကားတစ်စီးစီး၏ ဝင်တိုက်ခြင်းခံရသည်ဟု  တွေးမိကာ 
နောက်လှည့်ကြည့်စဉ် နောက်တစ်ကြိမ် “ဒုန်း” ခနဲမြည်ကာ ကားက ထပ်မံ လှုပ်ခါသွားပြန်သည်။ သည်တစ်ကြိမ်တွင်တော့ တရားခံကို တွေ့လိုက်ရသည်။ သူ့ကားကို နောက်ဘက်မှ ဝင်တိုက်ခံရခြင်းမဟုတ်။ လူတစ်ယောက်မှ ကားနောက်ဖုံးကို လက်ဖြင့် ထုနေခြင်းဖြစ်သည်။ သူစိတ်တိုတောင်းစွာဖြင့် ကားပေါ်က ဆင်းလိုက်ချိန်တွင် နောက်တစ်ကြိမ် ထပ်ထုပြန်သည်။

“ဒုန်း”
“ဟေ့ကောင်… ဒါ ဘာလုပ်တာလဲ..ပြောစမ်း”