အိမ်ထောင်ပြုတတ်ရဲ့လား?
အဲဒီလို မေးလိုက်မိရင် ခွကျတယ် မထင်ပါနဲ့။
အယူအဆတစ်ခု ကြားဖူးတယ်၊ လူတွေဟာ အ၀တ်အစားဝယ်ဖို့ကို ပိုဦးဏှောက် သုံးကောင်းသုံးမယ်။ အိမ်ထောင်ပြုဖို့ကိုတော့ စကတ်တစ်ထည် ရွေးဖို့၊ ဘောင်းဘီတစ်ထည်ဝယ်ဖို့လောက်တောင် ဆင်ခြင်ဥာဏ် မသုံးတတ်ကြဘူး ... တဲ့
ကျနော်က အဲဒီလောက်ကြီးတော့လဲ မပြောချင်ပါဘူး။
ဒါပေမဲ့ မြန်မာစကားလည်း အရှိသားပဲ၊ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး ... တဲ့။
ပြင်ဖို့ခက်တဲ့ကိစ္စကို ကိုင်တွယ်ဖို့ရာ တတ်အားသ၍ အကူအညီပေးချင်မိပါတယ်။
ဟော့ဒီမှာ
လူတွေကိုပေးချင်တဲ့ ကျနော့်လက်ဆောင်က ...
အိမ်ထောင်ပြုနည်း အနုပညာ ... တဲ့
ကိုယ်ပိုင်အတွေးတွေ မဟုတ်ပါ။
ကမ္ဘာကျော် စိတ်ပညာရှင်ကြီးတစ်ဦးဖြစ်တဲ့
Dr. Paul Tournier ရဲ့ To Understand Each Other စာအုပ်ကို ဖတ်ပြီး ပြန်ရေးထားတာဖြစ်ပါတယ်။
တိုက်ရိုက်ဘာသာ ပြန်တာမျိုးတော့လည်း မဟုတ်ပြန်ဘူး။
သူ့စာကို Absorb လုပ်ပြီး ကိုယ့် Language နဲ့ ကိုယ်ပြန် ရှင်းပြတာ ဖြစ်ပါတယ်။
ဒါဟာ ဖတ်ကောင်းစေဖို့ ရည်ရွယ်တာဖြစ်သလို မြန်မာဓလေ့ မြန်မာ့နား (အထူးသဖြင့် လူငယ်အထာနဲ့) ကိုက်ညီတာမျိုး ဖြစ်စေ့ချင်တာပါ။
ကျနော်က ဘာစာရေးရေး လူငယ်တွေကိုပဲ ဇောင်းပေးတတ်ပါတယ်။
ဒါ တိုင်းပြည်ရဲ့ အနာဂတ်တွေလေ။
ဒီစာကို အိမ်ထောင်ရှိပြီးသူမှမဟုတ် အားလုံး ဖတ်နိုင်ကြပါတယ်။
အိမ်ထောင်ပြုပြီးသူ၊ အိမ်ထောင်ပြုရန် ကြံနေသူ၊ အိမ်ထောင်မပြုရသေးသူ
... အားလုံးပဲ ဖတ်သင့်ပါတယ်။ လူမှန်ရင် အချစ်နဲ့ မကင်းကြဘူးလို့ ဆိုတယ် မဟုတ်လား။
အချစ်ရဲ့ ခရီးဆိုက်ရာဟာ အိမ်ထောင်ပြုခြင်းဆီ ဦးတည်တတ်တယ်။
ဒီ အိမ်ထောင်ပြုခြင်းရဲ့ လျို့ဝှက်ချက်တွေကို ဟော့ဒီစာအုပ်မှာ ရှင်းပြထားပါတယ်။
နောက်ဆုံး ဘယ်တော့မှ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက် မရှိသူတောင်မှလဲ
ဒီစာဖတ်ခြင်းဖြင့် ဘ၀အကြောင်းကို ပိုနားလည်လာစေဖို့ ကူညီနိုင်လိမ့်မယ် ထင်ရဲ့။
လူတွေကို ကူညီလိုခြင်းကပဲ ကျနော့်စေတနာဖြစ်ပါတယ်။
ဒီစေတနာမှန်ခဲ့ရင် ... ကျနော်တို့ မြန်မာပြည်ကြီး အဓမ္မမှုမြူတိမ်ရှင်းလို့ အမြန်ဆုံးလင်းပွင့်သာယာပါစေ။
[ဒီစာအုပ်မူရင်းကို တကူးတကန့်လက်ဆောင်လှမ်းပို့ပေးတဲ့ ကျနော့် ယောက်ဖကြီး ကိုကျော်စွာအောင်ကို မှတ်မှတ်ရရ ကျေးဇူးစကားဆိုချင်ပါတယ်။]
အိမ်ထောင်ပြုခြင်းဆိုတာ ...
လူနှစ်ယောက်ပါဝင်ကစားနိုင်ပြီး နှစ်ယောက်လုံး အနိုင်ရစေနိုင်တဲ့
ဂိမ်းတစ်ခုဖြစ်တယ်။
... ဆိုတဲ့ အဆိုအမိန့်လေးတစ်ခု ကြားဘူးပါတယ်။
ပေးဆပ်တာတွေ ရယူတာတွေ လာမပြောနဲ့။ နှစ်ယောက်ပါတယ်၊ နှစ်ယောက်လုံး နိုင်တယ်။
ဒီတော့ အိမ်ထောင်ပြုခြင်းဆိုတာ Win - Win ပဲ။ ဒါမှလဲ အိမ်ထောင်မှုရဲ့ အနှစ်သာရပေါ်လွင်မှာ ဖြစ်ပါတယ်။
အိုကေ။ ဒီလိုဆိုတော့ မေးစရာမေးခွန်း ရှိလာမယ်။
အိမ်ထောင်ပြုခြင်းက အနိုင်ရစေသလား? ဘာကို အနိုင်ရစေမှာလဲ?
အရှုံးပေးတဲ့သူ မရှိပဲ ဘယ်လို အနိုင်ရမှာလဲ?
အမှီရှိမှ ဘုရားပွင့်တယ်ဆိုတဲ့စကား ကြားဘူးမှာပေါ့။
ပါရမီဖြည့်ဘက် ကောင်းမှ ဘ၀ရဲ့ ရှေ့ခရီး သာယာလိမ့်မယ်။
ဒါဟာ အိမ်ထောင်ပြုခြင်းကနေ ရနိုင်တဲ့ အမြင်သာ အလွယ်ကူဆုံးရလာဒ်ပဲ။
လူရယ်လို့ဖြစ်လာပြီး လူလားမြောက်လာပြီဆိုရင် ...
ကိုယ့်အတွေးအကြံ အယူအဆတွေကို ရင်ဖွင့်တိုင်ပင်ဖို့ရာ လူတစ်ယောက်တော့ (အနည်းဆုံး) လိုတယ်။
အဲဒီလိုလူမျိုး မင်း ဘယ်မှာ သွားရှာမလဲ?
တစ်ဘ၀လုံး မင်းနားရှိပေးပြီး မင်းရင်ဖွင့်တာတွေ နားထောင်ဖို့ရာ ဘယ်သူက နေပေးနိုင်မလဲ?
အဲဒီလို လုပ်ပေးနိုင်တာ တစ်ယောက်တည်းရှိတယ်။
အဲဒါ မင်းရဲ့ အိမ်ထောင်ဘက်ပဲ။
လူတစ်ယောက်ဘ၀မှာ အောင်မြင်ဖို့၊ နှုန်းမီ စံကိုက်လူတစ်ယောက်အဖြစ် ရပ်တည်ရှင်သန်သွားဖို့ဆိုရင် ကိုယ့်ကိုယ်ကို နားလည်ဖို့ အရင်ဆုံးလိုအပ်တယ်။ အဲဒါကို ဘယ်လို တည်ဆောက်ကြမလဲ?
ကိုယ့်ကိုယ်ကို နားလည်ဖို့ရာ ... မင်းရဲ့ ရင်ဘတ်ကို ဒိုးယိုပေါက်မြင်နိုင်မယ့်သူတစ်ယောက်လိုတယ်။ အဲဒီလိုလူအဖြစ် မင်းဘေးနား တစ်ဘ၀လုံး နေသွားဖို့ဆိုတာလဲ မင်း အိမ်ထောင်ဘက်က အသင့်တော်ဆုံးပဲ။
ဒီနေရာမှာ အကြောင်းဆိုက်နေတာမို့ ...
ကဗျာလေးတစ်ပုဒ်ရေးပြချင်တယ်။
`တခြားသူတွေ အကုန်
လဲကြပြိုကြ ရှောင်ဖယ်သွားကြချိန်မှာအနားဆက်ပြီးကျန်နေရစ်သူ၊
မင်းလက်ကို ဆက်လက်ဆုပ်ကိုင်နွေးထွေးစေတတ်သူ
တစ်ယောက်ရှိတယ်။
အဲဒါကို ဘ၀ရဲ့အဖော်မွန်လို့ခေါ်တယ်´
အဲ့ဒီလို ဘ၀ရဲ့အဖော်မွန်ကောင်းတစ်ယောက် မင်းနားမှာ အမြဲထာဝရမြဲစွဲနေအောင် ဘယ်လို နေထိုင်ပြုမူရမလဲ?
အဲဒါဟာ လျို့ဝှက်ချက်ပဲ။
အိမ်ထောင်ပြုခြင်းရဲ့ လျို့ဝှက်ချက် ခေါ်ရမှာပေါ့။
အဆင့် ၁၀ဆင့်ရှိတယ်။ တံခါးပေါက် ၁၀ခု။ သော့ချက် ၁၀ ချောင်းလို့လဲ ခေါ်နိုင်ပါလိမ့်မယ်။
အိမ်ထောင်ရေးမြဲအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို မစခင် အိမ်ထောင် ဘာကြောင့် ကွဲတတ်ကြသလဲဆိုတာက စလိုက်ကြရအောင်!
တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆတွေဖြစ် နောက်ဆုံး ပြတ်ကြဆဲကြပြီဆို ဘယ်လို ပြောလေ့ရှိသလဲ? အများဆုံးပြောတတ်တာက ဘာလဲ? နားထဲလျှံမတတ် ကြားရမြဲဖြစ်တဲ့ စကားတစ်ခွန်းရှိပါတယ်။
သူနဲ့ကျမ။ ကျွန်တော်နဲ့ သူမ။ စိတ်သဘောထားချင်း မတိုက်ဆိုင်ကြဘူး ဆိုတဲ့ စကားပါ။
ဒါကို အိမ်ထောင်ကွဲသွားတဲ့သူတွေကလည်း ပြောကြတယ်။ ဒီလိုကွဲခွင့်ရအောင် ရုံးတော်မှာ လျှောက်လဲတင်ပြကြတဲ့ ရှေ့နေရှေ့ရပ်တွေကလဲ ပြောကြတယ်။ နောက်ဆုံး သတင်းစာတွေ ဘာတွေမှာ ကွာရှင်းပြတ်ဆဲကြောင်း ကြေငြာကြရင်တောင် ဒီစာသားကြီးက ထင်းလို့။ ကြာလာတော့ ဒီ `စိတ်သဘောထားချင်း မတိုက်ဆိုင်ပါဘူး´ ဆိုတဲ့ စကားဟာ အိမ်ထောင်ကွဲဖို့ အင်မတန်ကောင်းတဲ့ ဆင်ခြေကြီးတစ်ခုလိုဖြစ်နေပါတော့တယ်။
ဒါကို နည်းနည်းလေးဖြန့် စဉ်းစားကြည့်ရအောင်။
စိတ်သဘောထားချင်း မတိုက်ဆိုင် ... ဘူးတဲ့။
ဟုတ်သလား။ ဖြစ်နိုင်သလား။
စိတ်သဘောထားဆိုတာရဲ့ အရင်းအမြစ်က ဘာလဲ? စိတ်ပဲ မဟုတ်လား။ စိတ်ချင်း မတိုက်ဆိုင်ဘူးဆိုတာ ဖြစ်နိုင်သလား?
စိတ်မှာ အကောင်အထည်ဒြပ်ရှိသလား?
သင်္ဘောနှစ်စင်းဝင်တိုက်သလို။ ရထားနှစ်စင်း လမ်းကြောင်းတစ်ခုတည်းပေါ်တည့်တည့်ကျနေလို့ မရှောင်နိုင်တော့ပဲ တိုက်ကြသလို စိတ်ဟာ ၀င်တိုက်တတ်တာမျိုးကြီးလား? ဒါဆို တစ်ခုထပ်မေးမယ်။ ဘယ်မလဲ အဲဒီစိတ်?
လက်ဆုပ်လက်ကိုင်တောင်ပြစရာ မရှိတဲ့ဟာကြီးကို ဆင်ခြေအဖြစ်ပေးနေကြတာ့ မလွန်လွန်းဘူးလား?
အဲဒီစိတ္တဇနာမ်သာဖြစ်တဲ့ `စိတ်သဘောထား´ ဆိုတာကို အကြောင်းပြပြီးတဲ့နောက်မှာ ပျက်သုဉ်းသွားရတာက ဘ၀တွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက်နဲ့ မျက်ရည်တွေ။
စိတ်သဘောထားချင်းမတိုက်ဆိုင်လို့တဲ ကလေးလေးတစ်ယောက် ငိုနေရတယ်။
စိတ်သဘောထားချင်းမတိုက်ဆိုင်လို့တဲ မိန်းမငယ်လေးတစ်ယောက် ဘ၀ပျက်သွားရှာတယ်။
စိတ်သဘောထားချင်းမတိုက်ဆိုင်လို့တဲ လူတစ်ယောက်ယစ်ထုတ်ကြီး ဖြစ်သွားရှာတယ်။
ဟုတ်သလား? တန်ရဲ့လား? ဒီဆင်ခြေက ဘ၀နှစ်ခုကို ခွဲခြမ်းပစ်ဖို့ လုံလောက်ရဲ့လား?
အင်္ဂလိပ်လိုတော့ ဒါကို Emotional Incompatibility လို့ ခေါ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ ဒါဟာ အမြင်လှအောင် ဖုံးကွယ်ထားတဲ့ လိမ်လည်မှု တစ်ခုပါပဲ။ စိတ်သဘောထားချင်းမတိုက်ဆိုင်ဘူးဆိုတာ မရှိဘူး။ ဟော့ဒီလောက်ကကြီးမှာ လုံးလုံးကို မရှိဘူး။
တကယ်ရှိနေတာက ဘာလဲ?
အမှားအယွင်းတွေ တစ်ယောက်ကိုတစ်ယောက် နားလည် မပေးနိုင်မှုတွေပဲ ဖြစ်တယ်။
ဒေါက်တာ လူစီယန် ဘိုးဝေးက ပြောဘူးတယ်။
အိမ်ထောင်ပြုခြင်းဟာ အနုပညာတစ်ရပ်ဖြစ်တယ်။
ဟုတ်ပြီ။ အဲဒီ အနုပညာကို ဘာနဲ့ ဖွဲ့စည်းကြမလဲ?
နားလည်မှုနဲ့ ဖွဲ့စည်းကြမယ်?
နားလည်မှုရှိအောင် ဘယ်လိုလုပ်ကြမလဲ?
ချစ်သူကြင်ဘက်ခြင်းရင်းနှီး ပွင့်လင်းကြမယ်။
ဒါပေမဲ့ တစ်ခုတော့လဲ ရှိပါတယ်။ ဒါကို အနုပညာလို့ ဆိုထားကတည်းက
ပျော့ပျောင်းညင်သာစွာ ကိုင်တွယ်ရမယ့် ကိစ္စဆိုတဲသဘော တစ်ဆက်တည်း တွဲလို့ ပါနေပါပြီ။
နေ့ချင်းညချင်း ၀ုန်းကနဲ တည်ဆောက်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။
အထူးသဖြင့် အဆင်မပြေနေတဲ့ အိမ်ထောင်ရေးတွေအတွက်ဆို အချိန် လိုအပ်ပါတယ်။
ပျက်ယွင်းသွားတဲ့ ဆက်ဆံရေးကို ချက်ချင်းကြီး ပြန်ဖာထေးချင်လို့ ရမယ် မဟုတ်ပါ။
ငါက သဘောထားပြောင်းချင်ပါလျက်နဲ့ သူ့ဘက်က ဘာလို့ ပြန်မပြေလည်ရသေးတာလဲလို့ စိတ်မရှည်လို့ မရပါ။ ဒီလိုကိစ္စမျိုးမှာ ဆေးမြီးတို မရှိပါ။ ဖြတ်လမ်းမရှိပါ။ ဗေဒင်ယတြာတွေလည်း သွားအားကိုးမနေပါနဲ့။ ဘာမှ မကယ်နိုင်ပါ။ လိုအပ်တာကတော့ တဖြည်းဖြည်း တရွှေ့ရွှေ့ တိုးတက်ပြောင်းလဲလာတာကို စိတ်ရှည်သည်းခံရင်း ဒီလို ပြောင်းလဲလာဖို့လည်း တည်ဆောက်ယူရမှာဖြစ်ပါတယ်။
ဒီ့နောက်မှာ ... အိမ်ထောင်တစ်ခုအတွက် နားလည်မှုတည်ဆောက်ဖို့ သော့ချက် ၁၀ခုပေးထားပါတယ်။
မပြေလည်တဲ့ အိမ်ထောင်ရေးအတွက်ဖြစ်စေ၊ ပိုပြီး ပြေလည်စေချင်တဲ့ အိမ်ထောင်ရေးအတွက်ဖြစ်စေ၊ အိမ်ထောင်တည်ဆောက်ဖို့ ပြင်ဆင်နေသူ၊ အိမ်ထောင် မတည်ဆောက်ရသေးသူတွေအတွက်ဖြစ်စေ
အားကိုးအားထားပြုစရာ ကိရိယာတန်ဆာပလာများအဖြစ် အသုံးချနိုင်ကြလိမ့်မယ် ထင်ပါရဲ့။
Credited to Thorn Nay Soe

No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။