Monday, 15 October 2012

သူဌေးဖြစ်အောင်လုပ်နည်း ........



သီဝရီအရတော့ ဦးထွန်းပေါ် သူဌေးဖြစ်မှာ သေချာနေပြီ။
သူ့မှာ ကမ္ဘာအရပ်ရပ်က သူဌေးကြီးငယ်တို့၏ နည်းနာ နိဿယတွေကို စနစ်တကျ
စုဆောင်းထားပြီးဖြစ်သည်။
ခေတ်အဆက်ဆက်က ချမ်းသာခဲ့ကြသူတို့၏ နည်းလမ်းအဖုံဖုံကို
မှတ်တမ်းတင် ဖိုင်တွဲကာ အပိုင်သိမ်းဆည်းထားသည်။
သဘောတရားအရ သူ့ကိုဘယ်သှူမျှ ယှဉ်၍မရတော့။
အကောင်းဆုံးနည်း အသင့်တော်ဆုံးလမ်းစဉ်ကို ရွေးချယ်ကာ
လက်တွေ့အကောင်အထည်ဖော်ဖို့ပဲ လိုတော့သည်။
သို့သော် ဦးထွန်းပေါ်က အင်မတန်စဉ်းစားသူဖြစ်သည်။



သူ အင်မတန် ချမ်းသာချင်သည်။
သူတကာထက် ချမ်းသာသည့် အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး
ဖြစ်ချင်သည်။
သို့သော် သူ့မှာ စည်းကမ်းချက်တစ်ခုရှိသည်။
မိမိ ချမ်းသာခြင်းသည် မိမိ၏ အကြံစစ်ဥာဏ်စစ်ဖြင့် ချမ်းသာခြင်းမျိုး ဖြစ်ရမည်။
သူတစ်ပါးကို အားမကိုးဘဲကိုယ်ထူးကိုယ်ချွန် ချမ်းသာခြင်းမျိုး ဖြစ်ရမည်ဟူသော
စည်းကမ်းချက်။
မိန်းမက ဟိုအလုပ်လုပ်ပါလား၊ သည်အလုပ်လုပ်ပါလားဟု တိုက်တွန်းစေခိုင်းလာတိုင်း
သည်စည်းကမ်းချက်ကို ကိုင်ကာ ဦးထွန်းပေါ် ဖြေရှင်းငြင်းဆန်လေ့ ရှိခဲ့သည်။
ထို့ပြင်သူ စိုးရိမ်သည့် အချက်တစ်ခုလည်း ရှိသေးသည်။
ယင်းကား ချမ်းသာပြီးမှ ပြန်ပြီး စီးပွားပျက်သွားမှာကို မလိုလားခြင်း ဖြစ်သည်။
သူ့ချမ်းသာမှုသည် တစ်ပွဲထိုး ချမ်းသာမှုမျိုးဖြစ်မှာ သူ စိုးရိမ်သည်။
သည်ကနေ့ချမ်းသာပြီး နောက်တစ်နေ့ ပြန်မွဲသွားသည်ဆိုတာမျိုး သူကြောက်သည်။
ရှက်လည်းရှက်သည်။ သူ့စီးပွားရေးသည်ခိုင်မာသော စီးပွားရေးဖြစ်ရမည်။
စီးပွားရေးမိုးလေ၀သအမျိုးမျိုးဒဏ်ကို ခံနိုင်ရည်ရှိသည့် ရေရှည်တည်တံ့သော
စီးပွားရေးမျိုးဖြစ်ရမည်ဟူ၍ သူက အခိုင်အမာ ပြဌာန်းထားခဲ့သည်။
ထို့ကြောင့် ဦးထွန်းပေါ် တော်တော်နှင့် ထ မလုပ်။
အကြံကောင်း ဥာဏ်ကောင်း ရပြီဆိုတိုင်း ချက်ချင်း ထမသုံး။
ဒီအကြံမျိုးနဲ့ ဘယ်သူတွေ အလုပ်လုပ်နေသလဲ လိုက်ကြည့်သည်။
သည်လူတွေ တကယ်အောင်မြင်သလား၊ မအောင်မြင်ဘူးလား၊
အောင်မြင်သည့် ရာခိုင်နှုန်းက ဘယ်လောက်လဲ၊
မအောင်မြင်သည့် ရာခိုင်နှုန်းက ဘယ်လောက်လဲ။
အောင်မြင်သူတွေသည် ဘယ်လောက်ကြာကြာ အောင်မြင်ကြသလဲ။
ဒါကို follow up ထပ်လုပ်။
အဲသလိုနည်းများဖြင့် ဦးထွန်းပေါ်က သေချာပေါက် အောင်မြင်ရေး လမ်းစဉ် Foolproof
Formula for Success ကို ရှာဖွေနေခဲ့သည်။
ယခုဆိုလျှင် ချမ်းသာရေး နည်းလမ်းများကို သူ ရှာဖွေ ကြံဆလာခဲ့တာ နှစ်ပေါင်း
သုံးဆယ်နီးပါးလောက်ပင် ရှိခဲ့ပြီ။
ယခုတော့ သူသည် စီးပွားရေး ပါရဂူတစ်ယောက်ဟုပင် ဆိုနိုင်လောက်ပေပြီ။
အဲ လက်တွေ့လုပ်မကြည့်ရသေးတာ တစ်ခုတော့ ရှိသည်ပေါ့။
သို့သော် ယခုတော့ အင်မတန် စဉ်းစဉ်းစားစား အလုပ်လုပ်ချင်သော ဦးထွန်းပေါ်
အနေနှင့် ချမ်းသာရေး ကိစ္စကို နောက်ထပ် ရက်မရွှေ့ဆိုင်းဘဲ
တကယ် ထလုပ်ရတော့မည့်အချိန်သို့ ဆိုက်ရောက်လာခဲ့သည်။
ပြဿနာက သူ့မိန်းမဖြစ်သည်။
ဦးထွန်းပေါ်မိန်းမသည် လင်ဖြစ်သူ စီးပွားရေး ပါရဂူကိုမျှ အားမနာ။
ကွမ်းယာ ဆေးလိပ်နှင့် အတိုအထွာ ဆိုင်ကလေး ဖွင့်ခဲ့သည်။
ဖွင့်ခဲ့သည်ဆိုသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ခန့်ကာလ ဦးထွန်းပေါ် ချမ်းသာရေး နည်းလမ်းများ စတင်လေ့လာစဉ်ကတည်းက ဖြစ်သည်။
သားသမီးတစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက် ထွန်းကားသည်။
ဦးထွန်းပေါ် မိန်းမ ကွမ်းယာဆိုင်သည် ရောင်းကောင်းသည်။ ကြီးထွားချင်သည်။
သို့သော် ကလေးလေးယောက် အင်အားနှင့် ဖိထားသဖြင့် ကြီးထွားခွင့်မရ။
ဆိုင်ကလေး ကြီးထွားခွင့်မရသဖြင့် ဦးထွန်းပေါ် မိန်းမ နေ့စဉ်နှင့်အမျှ
စိတ်မချမ်းမသာ ဖြစ်ကာ ခေါင်းကိုက်ခြင်း၊ အကြောတက်ခြင်း၊ စိတ်တိုခြင်း၊
အိပ်မပျော်ခြင်း စသည့် ဝေဒနာများ ခံစားလာရသည်။
ထိုအခါ ဆရာဝန်ထံ မကြာခဏ ရောက်ရသည်။ ဆေးဝါး အမျိုးမျိုး သောက်ရသည်။ နောက်တော့ ကိုယ့်ရောဂါကိုယ် သဘောပေါက်ကာ ဆရာဝန်ထံ သွားမနေတော့ဘဲ ကွမ်းယာဆိုင်ရှိ အကိုက်အခဲပျောက်ဆေး၊ စိတ်ငြိမ်ဆေး၊ အိပ်ဆေးပြားများကိုပဲ သုံးစွဲနေတတ်လာသည်။ ကိုယ့်ဆေးနှင့်ကိုယ် နေရာကျတန်သရွေ့ ကျနေသည်။
သို့သော် အသိအကျွမ်းထဲက သိသိသာသာ ချမ်းသာသူတွေနှင့် ထိပ်တိုက်
ရင်ဆိုင်တိုးရသည့် နေ့များတွင်မူ ရောဂါက နည်းနည်းပိုသည်းချင်လာသည်။
ထိုအခါမျိုးတွင် ပုံမှန် ဆေးဝါးများနှင့် မထိန်းနိုင်တော့ဘဲ ဦးထွန်းပေါ် မိန်းမ
သိသိသာသာ ဂယောက်ဂယက် ဖြစ်ချင်တတ်သည်။
သည်အခါမျိုးတွင်တော့ ဦးထွန်းပေါ်သည် မိမိ၏ စီးပွားရေး ရည်မှန်းချက်နှင့်
သေချာပေါက် ကြီးပွားရေး လုပ်ငန်းစဉ်များကို ထုတ်ဖော်ပြောကြားကာ မိန်းမ
စိတ်ချမ်းသာ ငြိမ်သက်မှုရအောင် ဖျောင်းဖျ ထိန်းသိမ်းပေးလေ့ ရှိပေသည်။
မိမိတို့သည် တစ်နေ့ကျလျှင် မုချ ချမ်းသာရမည်ဖြစ်ကြောင်း၊
မိမိ၌ ချမ်းသာရေးနည်းလမ်း မြောက်များစွားရှိကြောင်း၊ ဘယ်နည်းနှင့် ဘယ်မျှချမ်းသာကာ
ဘယ်နည်းအားဖြင့်တော့ ဘယ်မျှအထိ တက်သွားနိုင်ကြောင်း၊ ဘယ်နည်းမှာမူ
အချမ်းသာဆုံးဖြစ်နိုင်ကြောင်းနှင့် အခြေအနေ အချိန်အခါလေး အနည်းငယ်
စောင့်ဆိုင်းနေရသဖြင့်သာ မိမိ ထမလုပ်နိုင်သေးခြင်းဖြစ်ကြောင်း၊
ထလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် မိမိတို့ စီးပွားရေ အခြေအနေသည်
အနီးအနားကလူများ အလန့်တကြားဖြစ်သွားလောက်အောင် တစ်ဟုန်ထိုး
တိုးတက်သွားမည်ဖြစ်ကြောင်း ကိန်းကဏန်းစာရင်းဇယား အထောက်အထားများ
ပြကာ မိန်းမအားအခိုင်အမာ ဟောပြောပို့ချခြင်းဖြင့် မိန်းမမှာ စိတ်ကုဆရာဝန်ထံ
သွားရောက်ကုသခံရသလို သက်သာမှု ရသွားလေ့ရှိသည်။
သို့သော်နှစ်ပေါင်းသုံးဆယ်အတွင်း အိမ်တွင်းစိတ်ကုဆရာဝန်နှင့်
အကြိမ်ပေါင်းများစွာ ကုသမှု ခံယူပြီးသည့်နောက်တွင်ကား ဦးထွန်းပေါ်၏ ကုထုံးမှာ
တစ်နေ့တခြား စွမ်းအားလျော့ပါးလာကာ နောက်ဆုံး၌ ပြင်ပ စိတ်ကုဆရာဝန် အစစ်များထံ
သွားရောက်ပြသရသည့် အခြေအနေသို့ ဆိုက်ရောက်လာလေသည်။
မိန်းမ အလုပ်ကောင်းကောင်း မလုပ်နိုင်သောအခါ ဦးထွန်းပေါ်ကိုယ်တိုင် စီးပွားရေး
ထလုပ်ရန် လိုအပ်လာသည်။
မိန်းမကလည်း ဦးထွန်းပေါ်၏ စီးပွားရေး စီမံကိန်းကြီး ထမြောက်အောင်မြင်မှသာ
ကျန်းမာမည့်သဘော ရှိနေသည်။
စိတ်ကုဆရာဝန်ကလည်း သူ့အား အမြန်ဆုံး လုပ်ငန်းစရန် တိုက်တွန်းနေသည်။ `မလုပ်ရင်
ခင်ဗျားမိန်းမ ရူးသွားလိမ့်မည်၊ ခင်ဗျားမိန်းမရဲ့ အဓိကပြဿနာဟာ
စီးပွားရေးသောကပဲ´ ဟု သူက ဆိုသည်။
ထို့ပြင် ပို၍အရေးကြီးသည်က မိန်းမသည် ညညတွင် `ငတုံးကြီး၊ အလကားလူကြီး´ ၊
`မိန်းမ ထဘီနား ခိုစားနေတဲ့လူကြီး´ ၊ `သေတဲ့အထိ လိမ်ညာဖြီးဖြန်းစားနေမယ့်
ဟာကြီး´ စသဖြင့် ယောင်ယမ်းပြောဆိုတတ်လာခြင်း ဖြစ်သည်။
မနက်ဖြန် လုပ်ငန်းစရမည်။ အမြန်ဆုံး ချမ်းသာရမည်။ အမြန်ဆုံး ငွေပေါ်ရမည်။
အရင်းအနှီး အနည်းဆုံးနှင့် အကျိုးအမြတ်အများဆုံးရသော အလုပ်မျိုးဖြစ်ရမည်။
ချမ်းသာသော နည်းလမ်းပေါင်း မြောက်များစွာထဲက ဘယ်နည်းကို သုံးမလဲ။

သူဌေးဖြစ်နည်း နိဿရည်း
အကြံဥာဏ်ဖြင့် ကြီးပွားရေး အောင်မြင်ရေးနည်း ၁၀၀
ငွေရှာနည်းအတတ်ပညာ ၁၀၀၀
Get-rich-quick Techniques
How to Become a Millionaire
The Greatest Success Stories…

တစ်သက်လုံး ဖတ်ရှုလာခဲ့သည့် ကြီးပွားချမ်းသာရေး လမ်းညွှန်ကျမ်းပေါင်းများစွာမှ
ထုတ်နှုတ် မှတ်သားခဲ့သည်များ။
ဖိုင်တွဲကြီးတွေ လျှောက်လှန်သည်။ မှတ်စုတွေ ပြန်ဖတ်သည်။

ဇောတိက၊ ဇဋိလ၊ အနာထပိဏ်။
ရော့သရှီး၊ အိုနာဆစ်၊ ဟောင်းဝပ်ဟူးခ်ျ။
ဘရူးနိုင်းစူလတန်၊ ကာရှော့ဂျီ၊ ဒေါ်နယ်ထရန့်။

ခေတ်အဆက်ဆက် ကမ္ဘာ့သူဌေးတွေ၏ အောင်မြင်ကြီးပွားခဲ့သည့် နည်းလမ်းများ။
ကုန်သွယ်သောနည်း၊ သိုလှောင်နည်း၊ ကုန်ပစ္စည်း ထုတ်လုပ်နည်း၊ အကျိုးဆောင်နည်း၊
ပွဲစားနည်း၊ ကန်ထရိုက်နည်း၊ ငွေတိုးချနည်း၊ မြေယာအရောင်းအ၀ယ်လုပ်နည်း၊
ဈေးကစားနည်း။

ကုန်သွယ်သောနည်း၊ အရင်းအနှီးလိုသည်။
ကုန်ပစ္စည်းထုတ်လုပ်သောနည်း။ နည်းပညာ၊ ကျွမ်းကျင်မှု၊ လုပ်သားနှင့်
အရင်းအနှီးများလိုသည်။
အကျိုးဆောင်လုပ်ငန်းက တဖြည်းဖြည်း ပျိုးထောင်ယူမှ ရသည်။
ငွေတိုးချဖို့။ မင်းမှာ ငွေရင်းဘယ်လောက်ရှိလို့လဲ။
အရင်းအနှီး နည်းနည်းနဲ့ နေ့ချင်းညချင်း ကြီးပွားနိုင်တာ ဘာရှိသလဲ။
မူးယစ်ဆေးဝါး ရောင်းချခြင်း။ နိုင်ငံခြားငွေ မှောင်ခိုခြင်း။
ချက်လက်မှတ်လိမ်ဖြင့် ငွေထုတ်ခြင်း။ ဘဏ်ဓားပြတိုက်ခြင်း။ ငွေစက္ကူအတုရိုက်နှိပ်ခြင်း။
ကိုလံဘီယာ မူးယစ်ဆေးဝါးမှောင်ခိုသမားကြီးတွေ အကြီးအကျယ်ချမ်းသာကြသည်။ သို့သော်
သည်အလုပ်မျိုးက အပစ်အခတ်အသတ်အဖြတ်တွေ များသည်။ အဖမ်းအဆီးလည်း ကြမ်သည်။
ရေရှည်စိတ်မချရ။
နိုင်ငံခြားက သတင်းစာသူဌေးတစ်ဦးကတော့ သတင်းစာရိုက်ရောင်းချခြင်းသည်
ငွေစက္ကူရိုက် သုံးရသကဲ့သို့ အိုကေလှသည်ဟု ဆိုသည်။
သို့သော် ကိုယ်ရိုက်သောသတင်းစာက ရောင်းစွံဦးမှ။
ငွေစက္ကူအတု ရိုက်သုံးခြင်းက ပို၍ အလုပ်ဖြစ်နိုင်သည်။
သို့သော် ဖြန့်ချိရေး ခက်ခဲမည်။ ကျွမ်းကျင်သူ ရှာရဦးမည်။
ဂိုဏ်းနှင့်လုပ်ရမှာမို့ တစ်နေ့ ပေါ်သွားနိုင်သည်။
စဉ်းစား၊ စဉ်းစား။
အရင်း နည်းရမည်။ အမြတ် ရာခိုင်နှုန်း များရမည်။
ဘယ်နည်းရှိသလဲ။
ကိုယ့်လက်ရှိ အခြေအနေအရ လုပ်နိုင်တဲ့နည်း။
ဦးထွန်းပေါ် ဦးနှောက်ပင် အတော်ခြောက်လာသည်။
ဟင်နရီဖို့ဒ်၊ ရော့ကဖဲလား၊ အင်ဒရူးကာနက်ဂျီ။
အိုင်ဖယ်တာဝါကို လက်ညှိုးထိုးရောင်းစားသူ။
အမေရိကန်ပြည်ဖြတ် မီးရထားကိုဓားပြတိုက်သည်။
လုဗာရ်ပြတိုက်မှ ပန်းချီကားခိုးသူ။
ဗန်ဂိုးပန်းချီကား အတုလုပ်ရောင်းသူ။
ရန်ကုန်မြစ်ထဲမှာ မြုပ်နေသည့် သင်္ဘောပျက်တွေကို လိုက်ဆယ်မည်လား။
ပဲခူးရိုးမတွင်ဂျပန်တွေ မြုပ်နှံထားခဲ့သည့် ရတနာသိုက်ကို လိုက်ရှာမည်လား။
မန္တလေး ရမ်အတု လုပ်ရောင်းမည်လား။

မိုက်ကယ်ဂျက်ဆင်၊ စတောလုံး၊ အာနိုး၊ အက်ပယ်လ်ကွန်ပျူတာ၊ တိုရှီဘာ၊ မစ်ဆူဘီရှီ၊
တိုယိုတာ၊ လွိုက်အာမခံလုပ်ငန်း၊ ဟောလိဝုဒ်က ဆိုနီ။
ယနေ့ခေတ်စားနေသည့် ဗီဒီယိုဇာတ်ကားများထဲတွင် ၀င်၍သရုပ်ဆောင်လျှင် ကောင်းမည်လား။
မန္တလေးဈေးချိုမှာ စက်ဘီးတစ်စီးတစ်ကျပ်နှင့် ဖုန်သုတ်ပေးသည့်အလုပ်က
ပိုပြီးတွက်ခြေကိုက်မည်လား။
ကြေးဆိုင်းဘုတ်များကို ဘရာဇိုနှင့် ပြောင်အောင် တိုက်ပေးပြီး
ပိုက်ဆံဝင်တောင်းသည့်နည်း ဆရာကြီးပီမိုးနင်း ပြောသွားတာရှိသည်။
ဆရာကြီးသည်သူတောင်းစားတွေ ဘယ်လောက် တွက်ခြေကိုက်သလဲ သိရအောင်လည်း ကိုယ်တွေ့သုတေသနပြုလုပ်ကြည့်ဖူးသည်။
အဲ ဓနမဂ္ဂဇင်းတံဆိပ် ရိုက်ထားသည့် ကျပ်တန်ကလေးကို
လိုက်ရှာပြီး တစ်ထောင်ဆု ထုတ်ယူလျှင် ကောင်းမည်လား။

ကိန်းစ်၊ ဘင်သမ်၊ အာဒမ်စမစ်။ စီတီးဘင့်ခ်၊ မဂ္ဂါကော့ပ်၊ လန်ဒန်စတော့အိတ်ချိန်း၊
ဒဘီးယားစိန်တိုက်၊ ခရစ်ရှင်ဒီအောကုန်တိုက်။
မိန်းမကို ကာတီယာလက်ပတ်နာရီ၊ ရှနယ်ရေမွှေး၊ သားမွေးအင်္ကျီ၊ ရိုးစ်ရွိုက်စ်ကား
ဝယ်ပေးရမည်။
ဂျွန်ဟော့ပ်ကင်းဆေးရုံ တင်ပေးရမည်။
အလျူမီနီယမ် ခေါင်းလှလှတစ်လုံးနှင့် ဒေါ်လာတစ်သန်းတန် ပန်းခွေလှလှ လုပ်ပေးရမည်။
သည်မိန်းမ မရှိတော့လျှင် ဘာဆက်လုပ်မည်လဲ။
ဘရွတ်ရှီးလ်ကို ယူမည်လား။
အယ်လီဇဘတ်တေလာရဲ့ စိန်တွေဝယ်ပြီး ဒီနေ့ နာမည်ကြီးနေတဲ့ ဟိုကောင်မလေးကို ပေးမည်လား။
ဒေါင်၊ ဒေါင်၊ ဒေါင်
သုံးနာရီထိုးပြီ။
ဦးထွန်းပေါ် ခေါင်းထဲ ရှုပ်နေသည်။ တစ်ကိုယ်လုံးလည်း ညောင်းညာတောင့်တင်းနေသည်။
အိပ်ရာထဲမှာပဲ အေးအေးဆေးဆေး အညောင်းဆန့်ရင်း စဉ်းစားတော့မည်ဟု တွေးကာ
အိပ်ရာထဲဝင်သည်။
အိပ်မက်ထဲမှာ အကြံပေါ်သည်။
အရင်းအနည်းဆုံးနှင့် အမြတ်ကြီးမြတ်သည့်အလုပ်။
ဆေးရုံကြီးနားက မီးပွိုင့်မှာ မိုးရေစိုစိုထဲ ကိုယ်လုံးတီးနှင့် တောင်းနေသည့်
ကလေးများ တစ်နေ့တစ်ရာ၊ တစ်ရာ့ငါးဆယ် ပုံမှန်ဝင်သည်။
သုံးဆယ့်သုံးလမ်းထိပ်မှာ ကျောပြောင်ပြောင်ကို နေပူလှန်းကာ အဘား အဘားနှင့် အော်နေသည့် ပုဂ္ဂိုလ်ကြီး တစ်နေ့ နှစ်ရာထက်မလျော့။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ကွယ်လွန်သွားသည့် မထင်မရှား
သူတောင်းစားကြီးတစ်ယောက်တွင် အတွင်းပစ္စည်း သုံးသိန်းကျော်ဖိုး ကျန်ရစ်ကြောင်း
သတင်းစာထဲမှာ ဖတ်ခဲ့ရသည်။ ဟိုခေတ်က သုံးသိန်း။
ဂင်းနက်စ် ကမ္ဘာ့စံချိန်များ စာအုပ်ထဲမှာ ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစားသည်
ဒေါ်လာ ဘယ်နှစ်သန်း စုမိခဲ့သနည်း။
သိပ်ကောင်းသည့်အလုပ်၊ သိပ်ကိုက်သည့်အလုပ်။
တောင်းစားသောအလုပ်မှာ ဘာအရင်းအနှီးလိုသနည်း။
အ၀တ်အစားချုပ်စရာ မလို။ စုတ်လေ ကောင်းလေ။ ကျောပြောင်လေ ပြောင်မြောက်လေ။
အလွန်ဆုံး ပိုက်ဆံတောင်းသည့် ခွက်တစ်လုံးဖိုးပဲ ကုန်မည်။ ဒါပင်လျှင် တွေ့ကရာ
လမ်းဘေးက လိုက်ကောက်လို့ ရနိုင်သည်။ ပိုပြီးလည်း သဘာဝကျသည်။
အရင်းအနှီး သုည။ တစ်ပြားမှ မရင်းနှီးဘဲ ချမ်းသာနိုင်တာ သည်အလုပ်ပဲရှိသည်။ သူတောင်းစားအလုပ်မှာ ရှုံးသည်လို့လည်း ထုံးစံမရှိ။
ကုန်ပုပ်သွားတာမရှိ။ တက်ဈေးနဲ့ဝယ်မိလို့ အရှုံးခံပြီး ပြန်ရောင်းရတယ်ဆိုတာမျိုး မရှိ။
ထို့ပြင် စတော့ရှယ်ယာ ဈေးကွက်ပျက်လို့လည်း မထိခိုက်။ မီးရေ အာမခံကြေးတွေ
တင်ထားပေးစရာမလို။ လုပ်ငန်းခွန်နဲ့ ၀င်ငွေခွန်များလည်း မကြောက်ရ။
သို့သော်..
သိက္ခာတော့ ကျလိမ့်မည်ထင်သည်။
ဆွေဂုဏ်မျိုးဂုဏ် ထိခိုက်လိမ့်မည်ထင်သည်။
သားသမီးမျက်နှာ၊ ဇနီးမယားမျက်နှာ ထောက်ဖို့ လိုမည်ထင်သည်။
သူတောင်းစား၊ ဖုန်းတောင်းယာစကာ၊ ဒွန်စဏ္ဍား၊ ကယ်ပါ၊ ဘယ်နာမည်မျှမကောင်း။
သည်လောက် မြတ်တဲ့လုပ်ငန်း။ သည်လောက် ရာခိုင်နှုန်းများများ မြတ်တဲ့လုပ်ငန်း။
အရင်းဘယ်လောက်လဲ သုည။ အမြတ်တစ်နေ့ တစ်ရာပဲရရ အမြတ်ရာခိုင်နှုန်းသည် infinity ပဲ။
တစ်ရာရာခိုင်နှုန်း၊ တစ်ထောင်ရာခိုင်နှုန်း၊ တစ်သောင်းရာခိုင်နှုန်း၊
တစ်ကုဋေရာခိုင်နှုန်း၊ အကန့်အသတ်မရှိဘဲ။
သိပ်ကောင်းတဲ့လုပ်ငန်း။
ရာခိုင်နှုန်းအကန့်အသတ်မရှိ မြတ်တဲ့လုပ်ငန်း။
အရင်းရှင် စီးပွားရေးသမားများဟာ တစ်ရာရာခိုင်နှုန်း မြတ်ရင်တောင်
ကြိုးစင်တက်ဖို့ ၀န်မလေးဖူးတဲ့။
ခေတ်အဆက်ဆက် တို့ဘိုးဘေးဘီဘင် သွားလေသူ မဟာသူဌေးကြီးတွေရဲ့ လမ်းစဉ်။
ရာခိုင်နှုန်း တစ်ရာမြတ်မယ်ဆိုရင်မှောင်ခိုချမယ်၊ ဘိန်းကုန်ကူးမယ်၊ လူသတ်မယ်၊
ငွေစက္ကူအတုလုပ်မယ်၊ အနုမြူဗုံးခိုးရောင်းမယ်။
အမြတ် တစ်ရာရာခိုင်နှုန်းလေးလောက်နဲ့တောင် ထောင်မကြောက်၊ တန်းမကြောက်၊
ကြိုးစင်မကြောက် လုပ်ခဲ့ကြတာ။ အရင်းမပါ အမြတ်ရာခိုင်နှုန်း ကုဋေမှာ ငါ
သူတောင်းစား ဘာကြောင့် မလုပ်ရမှာလဲ။
ဦးထွန်းပေါ် အိပ်မက်မှ ကမန်းကတန်း ထကာ မိန်းမကို နှိုးသည်။
ချမ်းသာပြီဟေ့ မိန်းမရေ့၊ တစ်ရေးနိုးမှ အကြံပေါ်တော့တာပဲ အစချီကာ အိပ်မက်ထဲမှာ
မမျှော်လင့်ဘဲ တွေ့ရှိသည့် ကြီးပွားချမ်းသာရေး လမ်းစဉ်ကို ပြောပြပြီး ယနေ့
နံနက်မှာပင် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း အခိုင်အမာ ကြေညာလိုက်သည်။
စိတ်ငြိမ်ဆေးသောက်ပြီး အိပ်ထားသည့်မိန်းမ။ အိပ်ချင်မူးတူးနားထောင်နေရာက
အလန့်တကြား နိုးသွားသည်။
သူ သဘောပေါက်လိုက်သည်။ ငါ ရူး၍မဖြစ်တော့။
နောက်တစ်နေ့ စိတ်ရောဂါကု ဆရာဝန်မှာ လူနာအသစ်တစ်ယောက်ရသည်။
သို့သော် ၎င်းလူနာနှင့်အတူလာသည့် ကုလက်စ လူနာဟောင်းက သူ နေကောင်းသွားပြီဟု ဆိုပေရာ ထိုနေ့အဖို့ ဆရာဝန်၏ စိတ်ကျဝေဒနာမှာ သက်သာခွင့်မရခဲ့ပေ။


ဆောင်ပုဒ်။ ။ "ပုထုဇ္ဖနော ဥမတ္တကော"


xxxxxxx
ဖေမြင့်

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။