နေ့စဉ်ကြုံတွေ့နေရသည့် ဝေဒနာများအတွက် ကုသနည်းများ(၂)
အအေးမိခြင်း (COLDS)
အအေးမိရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးပေါင်း ၂၀၀
ကျော်ရှိနေတဲ့အတွက် အဲဒီပိုးတွေအားလုံးအတွက် သိပ္ပံပညာရှင် တွေက ရောဂါကို
ကာကွယ်နိုင်တဲ့ ဆေးတွေ မထုတ်ဖော်နိုင်သေးတာကြောင့် နှစ်စဉ်
အအေးမိရောဂါဖြစ်တဲ့သူတွေ အများအပြား ရှိနေကြတယ်လို့ သိရပါတယ်။ ပဋိဇီဝ
ဆေးတွေဟာ ဘက်တီးရီးယား ပိုးမွှားတွေ အတွက် များစွာထိရောက်မှုရှိပေမယ့်
ဗိုင်းရပ်စ်ပိုးအတွက် ဘာမှအသုံးမဝင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်
အအေးမိဝေဒနာ ခံစားရရင် ဝေဒနာတွေ မြန်မြန်ပျောက်ကင်းနိုင်ဖို့
အောက်ပါနည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဗီတာမင် C ရယူပါ
ဗီတာမင် C ဟာ ဗိုင်းရပ်စ်ပိုးအပါအဝင် ခန္ဓာကိုယ်အတွက် အမှိုက်ဖြစ်မယ့်
အရာအားလုံးကို ရှင်းထုတ်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဗီတာမင် C ဟာ
ချောင်းဆိုးတာ၊ နှာစေးတာနဲ့ တခြားဝေဒနာတွေကိုပါ သက်သာစေနိုင်ပါတယ်။
ဗီတာမင် C 100 မီလီဂရမ် မှ ၅၀၀ မီလီဂရမ်အထိ ရရှိအောင် နေ့စဉ်မနက်တစ်ကြိမ်
ညနေတစ်ကြိမ်သောက်ပေးပါ။
၂။ သွပ်ဓာတ်ရယူပါ
Zinc ငုံဆေးပြားတွေ
ငုံတာကြောင့် အအေးမိဝေဒနာ ရှစ်ရက်ဖြစ်မယ့်အစား လေးရက်သာ ခံစားရနိုင်တယ်လို့
ဆိုပါတယ်။ Zinc ငုံဆေးပြားကို တစ်နေ့လေးပြားမှ ရှစ်ပြားအထိ ငုံပေးပါ။
သွပ်ဓာတ်ဟာ ချောင်းခြောက်ဆိုးတာအတွက်လည်း သက်သာနိုင်ပါတယ်။ သွပ်ဓာတ်နဲ့
ဗီတာမင် C ကို အတူတူတွဲမသောက်ပါနဲ့။ သွပ်ဓာတ်ထိရောက်မှု
နည်းသွားနိုင်လို့ပါ။ ဗီတာမင် C သောက်ပြီး နာရီဝက်ခြားပြီးမှ Zinc
ငုံဆေးပြားငုံပါ။
၃။ နံနက်စာစားပါ
နံနက်စာမှန်မှန်စားသူတွေဟာ အအေးမိရောဂါအဖြစ်နည်းတယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါတယ်။
၎။ အကောင်းမြင်ပါ
အကောင်းမြင်စိတ်ရှိတာကြောင့် ခုခံအားစနစ် အမှန်တကယ်မြင့်တက်လာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
၅။ အနားယူပါ၊ အပန်းဖြေပါ
အနားယူတာကြောင့် သင့်ရဲ့စွမ်းအင်တွေဟာ ရောဂါကို တိုက်ထုတ်နိုင်စွမ်း
ပိုများသွားပြီး အဆုတ်ရောင်တာနဲ့ လေပြွန်ရောင်တာလိုမျိုး
နောက်ဆက်တွဲပြဿနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သင်နေမကောင်းဖြစ်နေရင် တစ်ရက်
ဒါမှမဟုတ် နှစ်ရက်လောက် ခွင့်ယူပြီး အနားယူပါ။
၆။ နွေးနွေးထွေးထွေးနေပါ
နွေးနွေးထွေးထွေးနေတာကြောင့် အအေးဒဏ်ကို ကာကွယ်နိုင်ဖို့ စွမ်းရည်တွေ
ထုတ်သုံးဖို့ မလိုအပ်တော့ဘဲ ခုခံအားစနစ်က အအေးမိရောဂါကို
တွန်းလှန်ဖို့ကိုသာ အာရုံစိုက်ပြီး ရောဂါကို ပိုမိုထိရောက်စွာ
တွန်းလှန်နိုင်ပါတယ်။
၇။ လမ်းလျှောက်ပါ
အသင့်အတင့်
လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှုကောင်းလာပြီး ခုခံအားစနစ်ကို
ရောဂါတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေ ထုတ်လုပ်ဖို့ ကူညီနိုင်တယ်လို့
ဆိုပါတယ်။ အိမ်တွင်းမှာ လမ်းလျှောက်ပါ။ ဒါမှမဟုတ် နာရီဝက်ခန့်
လမ်းမြန်မြန်လျှောက် လေ့ကျင့်ခန်းလုပ်ပါ။
၈။ အစာခြေရလွယ်တဲ့ အစာသာစားပါ
အဆီစာတွေ နည်းနည်းသာစားပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ
များများစားပေးပါ။ အစာခြေရခက်တဲ့ အစာတွေ စားမိရင် ခုခံအားစနစ်ပေါ်
ဖိအားပိုမိုကျရောက်နိုင်လို့ပါ။
၉။ အရည်များများသောက်ပါ
ရေ၊
ဖျော်ရည်၊ လက်ဖက်ရည် ဒါမှမဟုတ် ကြက်စွပ်ပြုတ်ရည် အစရှိတာတွေကို တစ်နေ့
ခြောက်ဖန်ခွက်မှ ရှစ်ဖန်ခွက်ထိ သောက်ပေးပါ။ အအေးမိဝေဒနာရရှိချိန်မှာ
ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်လို့ပါ။
၁၀။ ဆေးလိပ်မသောက်ပါနဲ့
ဆေးလိပ်သောက်တာကြောင့် လည်ချောင်းယားယံတာ ပိုဆိုးစေပါတယ်။ ဒါ့ပြင်
လည်ချောင်းနဲ့ အဆုတ်မှ ရောဂါပိုးကို ရှင်းလင်းနိုင်တဲ့ Cilia ရဲ့
လုပ်ဆောင်ချက်တွေ ဟာလည်း ဆေးလိပ်ကြောင့် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
၁၁။ လည်ချောင်းနာတာ သက်သာအောင် ဆားရည်နဲ့ ပလုတ်ကျင်းပါ
ရေနွေးရှစ်အောင်စကို ဆားထမင်းစားဇွန်း တစ်ဇွန်းနဲ့ရောစပ်ပြီး တစ်နေ့သုံးကြိမ် ပလုတ်ကျင်းပါ။ ဆားရည်ဟာ လည်ချောင်းနာတာ သက်သာစေပါတယ်။
၁၂။ အပူဓာတ်ရရှိအောင်
အိပ်ရာမဝင်ခင် အပူဓာတ်ရရှိအောင် ရေနွေးအနည်းငယ်နဲ့ ဝိုင်ရောစပ်ပြီး သောက်ပါ။ ဒါမှမဟုတ် ဝိုင်ဖန်ခွက် တစ်ဝက်သောက်ပါ။
၁၃။ နွယ်ချို
နွယ်ချိုအမြစ်ကိုယူပြီး ရေနွေးပူပူနဲ့ စိမ်ထားကာ နေ့စဉ်သောက်ပေးပါ။ လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာ သက်သာစေပါတယ်။
၁၄။ ရေနွေးငွေ့ရှူပါ
ရေနွေးနဲ့ ရေချိုးတာကြောင့် နှာပိတ်တာ သက်သာစေနိုင်ပါတယ်။
သင့်ဦးခေါင်းပေါ် မျက်နှာသုတ်ပဝါအုပ်ထားပြီး ရေနွေးဇလုံမှ ရေနွေးငွေ့ကို
ရှူပေးရင်လည်း လည်ချောင်း ခြောက်သွေ့ကာ နှာပိတ်တာ သက်သာစေနိုင်ပါတယ်။
၁၅။ ရေနံဆီလိမ်းပါ
နှာခေါင်းမှ နှပ်တွေထွက်နေလို့ မကြာခဏ နှပ်ညှစ်နေရရင် နှာခေါင်းကို ရေနံဆီ ပွတ်ပေးထားပါ။ ဒါဟာ နှာခေါင်းနာကျင်တာ သက်သာစေပါတယ်။
၁၆။ ဆေးသောက်ပါ
- အအေးမိရောဂါအတွက် အောက်ပါဆေးတွေ အသုံးပြုနိုင်ပါတယ်။
- အအေးမိတာကြောင့် ဖျားနာကိုက်ခဲတာအတွက် အက်စပရင် ဒါမှမဟုတ် ပါရာစီတမောသောက်ပါ။
- နှာရည်ယိုတာ သက်သာအောင် antihistamine ဆေးအသုံးပြုပါ။ ဒီဆေးတွေဟာ
အိပ်ငိုက်စေနိုင်တဲ့အတွက် ညအိပ်ရာဝင်ခါနီးမှ အသုံးပြုပါ။
ကားမောင်းသူတွေအနေနဲ့ antihistamine ဆေးမသောက်သင့်ပါ။
- နှာပိတ်တာအတွက်
Phenylpropanolamine မပါဝင်တဲ့ Decongested ဆေးတွေ သောက်ရပါမယ်။
Phenylpropanolamine ဆေးဟာ လေဖြတ်နိုင်ခြေနဲ့ ဆက်စပ်နေလို့ပါ။
- နှာပိတ်တာအတွက် နှာခေါင်းဖျန်းဆေး (Nasal Spray and drops) အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သုံးရက်ထက်ပိုပြီး အသုံးမပြုသင့်ပါ။
- ချောင်းဆိုးတာအတွက် ချောင်းဆိုးပျောက်ဆေးနဲ့ သလိပ်ပျော်ဆေးအသုံးပြုပါ။
ငုံဆေးပြားလည်း အသုံးပြုနိုင်ပါတယ်။ နှာပိတ်၊ နှာစေးတာကြောင့်
အသက်ရှူရလွယ်ကူအောင် ရင်ဘတ်ကို ပရုတ်ဆီပွတ်ပေးပါ။
၁၇။ ရောဂါပိုး ပျံ့နှံ့မှုမရှိအောင်
နှာချေရင်၊ နှပ်ညှစ်ရင် ဒါမှမဟုတ် ချောင်းဆိုးရင် တစ်သျှူးအသုံးပြုပြီး
အဲဒီတစ်သျှူးကို အမှိုက်ပုံးထဲထည့်ပါ။ ပြီးရင် သင့်လက်ကို ဆေးကြောပါ။
၁၈။ ကြက်စွပ်ပြုတ်သောက်ပါ။
ကြက်စွပ်ပြုတ်ပူပူလေးသောက်တာကြောင့် နှာပိတ်တာသက်သာပြီး
နှာရည်ယိုနိုင်ပါတယ်။ နှာရည်ယိုတာဟာ သင့်ခန္ဓာကိုယ်က ပိုးမွှားတွေကို
ဖယ်ရှားတာပါလို့ သုတေသနပြုသူတွေက ပြောပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီမှာ
ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိပြီး ငရုတ်ကောင်းဟာလည်း
နှာပိတ်တာကို သက်သာစေနိုင်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
၁၉။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
- အအေးမိဝေဒနာဟာ အောက်ပါလက္ခဏာတစ်မျိုး ဒါမှမဟုတ် တစ်မျိုးထက်ပိုတာနဲ့ အတူတူတွဲပြီး ဖြစ်ခဲ့ရင် ဆရာဝန်နဲ့ပြပါ။
- သုံးရက်ထက်ကျော်ပြီး ခန္ဓာကိုယ်အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်ထက်ကျော်နေရင် ဒါမှမဟုတ် အဖျား ၁၀၃ ဒီဂရီထက်ကျော်နေရင်
- ခြစ်ခြစ်တောက် ကိုယ်ပူတာ၊ နားကိုက်တာ၊ အာသီးရောင်တာ၊ ထိပ်ကပ်နာ ဒါမှမဟုတ် အဆုတ်၊ ရင်ဘတ်အောင့်နေရင်
- သလိပ်တွေ အများကြီးထွက်နေရင် ဒါမှမဟုတ် သလိပ်စိမ်းထွက်နေရင် ဒါမှမဟုတ် သလိပ်မှာ သွေးပါနေရင်
- အစာမျိုရ အလွန်ခက်ခဲနေရင်
- အစာစားချင်စိတ် အလွန်အမင်း ကုန်ခန်းနေရင်
- အသက်ရှူမဝရင်
- တရွှီရွှီမြည်သံ ထွက်နေရင်
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။