Tuesday, 25 December 2012

မန္တလေး၊ လာရာနှင့် လားရာအနာဂတ်


မန္တလေးက ဝေးရသောအခါမှ ကျွန်တော်သည် မန္တလေးကို ပိုလွမ်းတတ် လာသည်။ အိမ်လွမ်းနာသည် အိမ်လွမ်းနာ သက်သက် မဟုတ်ဘဲ မန္တလေးမြို့ကို လွမ်းသောအလွမ်း ဖြစ်လာသည်။ သည်အလွမ်း ကား တစ်နည်းပြောရလျှင် မြန်မာ့ယဉ်ကျေးမှုကို လွမ်းသော အလွမ်း၊ မန္တလေးသူ မန္တလေးသားတို့ကို လွမ်းသောအလွမ်း၊ မန္တလေးက အစဉ်ဖော်ညွှန်း လာခဲ့သော ယဉ်ကျေးသည့် မြန်မာ့လူ့အဖွဲ့အစည်းကို လွမ်းသောအလွမ်းလည်း ဖြစ်လာတော့သည်။


မန္တလေးသည် စင်စစ် ယဉ်ကျေးမှု အချက်အချာဟု ပြောဆိုရ လောက်အောင် ပင် အနယ်နယ်က၊ လူမျိုး အသီးသီးက သယ်ဆောင် လာကြသည့် ယဉ်ကျေးမှု တို့ကို အစဉ်အလာ မြန်မာ့ယဉ်ကျေးမှု ထဲသို့ အရိုးအရွက် မဖုံးစေဘဲ ညင်ညင်သာသာ သယ်ယူ၊ ပေါင်းထည့်တတ်သော မြို့ဖြစ်သည်။ ဆနွင်းမကင်း (နနွင်းမကင်း) လို၊ ခနုံလို ယိုးဒယား အစားအသောက်များ မန္တလေးကို ရောက်လာကြသော အခါ မန္တလေးသားတို့ အကြိုက်၊ မြန်မာတို့ အကြိုက် မြန်မာပါးစပ်နှင့် ကိုက်အောင် ညှိပြီး ပြင်ယူ လိုက်ကြသည်။ မြန်မာ အစားအသောက် စာရင်းထဲမှာပင် ထည့်သွင်း လိုက်ကြသည်။ တရုတ်ရိုးရာ လမုန့်ကို လည်း မန္တလေးလက်ဆောင် မုန့်ဖြစ်အောင်ပင် မြန်မာ ပါးစပ်နှင့် ကိုက်ညီအောင် ညှိလိုက်ကြသည်။

သမိုင်းကို ပြန်ကြည့်သော် အရှေ့ဘက် တရုတ်ပြည်နှင့် လည်းကောင်း၊ အနောက်ဘက် အိန္ဒိယပြည်နှင့် လည်းကောင်း နန်းမြို့တော်ကို တည်ထောင်တော်မူသော ပထမမြို့တည် နန်းတည် မင်းတုန်းမင်းတရား လက်ထက်ပင် ကူးလူးဆက်ဆံမှုတို့ ရှိခဲ့သည်။

တိုင်းပြည် အေးချမ်းခြင်း၊ ပြည်သူတို့ကို တရားသဖြင့် အုပ်ချုပ်ခြင်း၊ အစာရေစာ ပေါကြွယ်ဝခြင်း တို့ကြောင့် မန္တလေး ရတနာပုံ နေပြည်တော် မှာ ဆွေမျိုးပေါက်ဖော် ဟုခေါ်သော တရုတ်များနှင့် အိန္ဒိယနွယ်ဖွား များလည်း ဒေသခံများနှင့် အထူး ရင်းနှီးချစ်ကြည်စွာ တရားဝင်နေ ထိုင်ခဲ့ကြသည်။ မင်းတုန်းမင်းတရားကြီးက မြန်မာဟာဂျီများ အတွက် မက္ကာမြို့တွင် ဒေါင်းတံဆိပ် ခတ်နှိပ်တော်မူသော ဇရပ်တစ်ဆောင်ကို ပင် ချီးမြှင့်တော် မူခဲ့သည်။ သမိုင်းကို ပြန်လှန်ကြည့်သောအခါ တရုတ်များမှာလည်း အစဉ်အလာ လက်သမား လုပ်ကိုင်ကြသူများ ရှိသလို မွေးမြူရေးခြံ လုပ်ငန်း လုပ်ကြသူများ၊ လက်ဖက်ကုန် ကူးသန်း ရောင်းဝယ်ကြသူများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် လုပ်ငန်း လုပ်ကိုင်ကြသူ များလည်း အထင်အရှား ရှိသည်။

ထို လူ့အစုအဝေး အားလုံးနှင့်ပင် မန္တလေး လူ့အဖွဲ့အစည်းမှာ သဟဇာတ ဖြစ်ခဲ့သည်သာ။ ဒေသခံ လူ့အဖွဲ့အစည်း၏ နဂိုရှိပြီး ယဉ်ကျေးမှု အခံဘောင်အတွင်းသို့ လိုက်လျောညီထွေစွာ၊ ညင်သာစွာ၊ ပျော့ပျော့ပျောင်းပျောင်း စည်းနှောင်ပျော်ဝင် သွားခဲ့သည်သာ ဖြစ်သည်။ ဤသည်မှာ အံ့အားသင့်ဖွယ် ကိစ္စမဟုတ်သော်လည်း စိတ် ချမ်းသာစရာ ကိစ္စတစ်ခုပင် ဖြစ်ပါသည်။

လူများစုနှင့် လူနည်းစု အချင်းချင်း အချစ်အကြည်မပျက် အငြင်းအခုံ မဖက်ဘဲ စုစည်းစွာ နေနိုင်ခြင်းမှာ စင်စစ် လူ့အဖွဲ့အစည်း ယဉ်ကျေးခြင်းလည်းဖြစ်သည်။ သာဓကအားဖြင့် မြန်မာ့ မဟာဂီတအတွက် သမိုင်းတန်ဖိုး ကြီးမားလှသည် ဖြစ်သော မဟာ ဂီတဝိသောဓနီကို စုစည်းရေးသားခဲ့သည့် စောင်းဆရာကြီး မောင်မောင်လတ်မှာ စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီး၏ တပည့် အရင်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်ဖြစ် သည်။ တစ်ဖန် မန္တလေးမြို့ ဂုဏ်ဆောင် မြို့မတူရိယာ အသင်းကြီး၏ ပထမဆုံး ဥက္ကဋ္ဌမှာ အပေါင်ဆိုင်ပိုင်ရှင် တရုတ်ကြီး ဦးတော်လုံဖြစ် ပါသည်။

ပြောလိုသည်မှာ မန္တလေး၏ အစဉ်အလာ ယဉ်ကျေးမှုသည် ယခုခေတ်စကားနှင့် ပြောရလျှင် Diverse ဖြစ်ပြီး ထိုလူ့အစုအဝေး အားလုံးမှာ နဂိုရှိပြီး လူ့အဖွဲ့အစည်းနှင့် အဆင်ပြေ ချောမွေ့ စွာ ပျော်ဝင် ပေါင်းစီး (Integrate) လုပ်နိုင်သည်ကို အထင်အရှား တွေ့နေ ရခြင်းပင်ဖြစ်သည်။

ကျွန်တော် ဤမျှ ပြည်တည်လာခဲ့လျှင်ပင် ယခုဆောင်းပါးက ဘာပြောတော့မည်ကို စာဖတ်သူ ရိပ်စားမိလောက် ပါပြီ။ မန္တလေးမြို့ ကြီး ယခုနှစ်များမှာ အသားဖြူသထက် ဖြူလာသည့် ကိစ္စဖြစ်ပါ၏။

ချိန်ကိုက်ဗုံးများ

ခေတ်သစ် နိုင်ငံရေးသိပ္ပံ ပညာရှင်တို့က လူဝင်လူထွက် ထိန်းသိမ်းရ ခက်လှသည့် နယ်စပ်ဒေသများကို ပေါက်လွယ် ကွဲလွယ်သော ချိန်ကိုက်ဗုံး များဟု ဝိဂြိုဟ် ပြုကြသည်။ ယခုအချိန်မှာ အားလုံးသိကြ သည့်အတိုင်း မြန်မာ့အနောက် တံခါးမှာ ပြဿနာ တက်နေသော အချိန်။ သို့သော် ကျွန်တော့်စိတ် ထဲမှာမူ မန္တလေးသား တစ်ယောက်အနေနှင့် မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးသော သူတစ်ယောက် အနေနှင့် သည်မေးခွန်းကိုလည်း မေးကြည့် လိုပါသည်။ ကျွန်တော်တို့ အရှေ့ တံခါးကကော လုံပါရဲ့လား။

သည်နေ့ မန္တလေးသည် ပိုပိုဖြူလာသည်။ ရွှေခြေကျင်း မန္တလေး ခေတ်ကို ကျွန်တော်ပြန် တမ်းတနေခြင်း မဟုတ်ပါ။ သို့သော် သည်နေ့ မန္တလေးသည် စကတ်လည်း ပိုတိုလာသည်။ ဂျင်းဘောင်းဘီလည်း ပိုကျပ်လာသည်။ အသားလည်း ပိုဖြူလာသည်။ မန္တလေးသားတို့ နေ့စဉ် အစားအသောက် ထဲမှာ ယူနန် အစားအသောက် တစ်မျိုးဖြစ်သည့် စပ်ပူစပ်လောင် မာလာဟင်းလည်း အထင်ကရ နေရာယူလာပြီ။ ယခင်က မန္တလေးလမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ ဓမ္မာရုံတွေ၊ လက်ဖက်ရည်ဆိုင်တွေ ရှိရာက အခုလမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ မာလာဟင်းဆိုင် တွေကို တွေ့လာရပြီ။

လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကာလများက မန္တလေးမြေဈေး များ ထူးထူးဆန်းဆန်း မြင့်လာ ခဲ့သည်ကို မန္တလေးသားတွေ တအံ့တသြ တွေ့လာရသည်။ အမေ လူထုဒေါ်အမာက ဘယ်သူတွေ ဘယ်လို စီးပွားရေးတွေ လုပ်ပြီး ဘယ်လိုငွေတွေ ရကြလို့များ သည်လောက် မကြားဝံ့မနာသာ ဈေးတွေ ပေးဝယ်နိုင်နေကြပါလိမ့် ဟု ထိုစဉ်က မဂ္ဂဇင်းများ ထဲကပင် ထည့်ညည်းဖူးသည်။

မြေဈေးတွေ တက်လာသည့် အကျိုးဆက်မှာ မန္တလေးမြို့ခံတွေ မြို့သစ်ကို ပြောင်းရပြီး မြို့ထဲကို ဧည့်သည်တွေ ရောက်လာကြခြင်းပင် ဖြစ် သည်။ ကျွန်တော့် သူငယ်ချင်းတွေ လမ်း ၃၀ အစည်ကားဆုံး ဆိုသည့် နေရာတွေကနေ ရွှေ့ကြရသည်။ စီးပွားရေးကလည်း နာလန်မထူ၊ မအောင်မြင်တော့ မြေရောင်းပြီး အသက်ရှူ ချောင်အောင် လုပ်ရ သည်။ အကြောင်းပြချက် မျိုးစုံနှင့်ပင်။ ကလေး ကျူရှင်ပို့ဖို့၊ အဖေ့ကို ဆေးကုဖို့ စသဖြင့်။ မန္တလေးမှာ ခေတ်စားလာသော စကားလုံးက ဝိတ်လျှော့သည် ဆိုသော စကားလုံး ဖြစ်လာသည်။

စီးပွားရေး

စီးပွားရေး မှာလည်း ဒီလိုပဲ ဖြစ်လာသည်။ အလုံးအရင်း နှင့် ဝင်လာသော ငွေအရင်းအနှီး များကို ဈေးချို အစဉ်အလာ ကုန်သည် လောကက တောင့်မခံနိုင်တော့။ သိန်း ၁၀၀ အရင်းရှိသော သူက မည်သည့်နည်းနှင့်မျှ သိန်း ၁၀၀၀၀ အရင်းအနှီး သမားကို မယှဉ်နိုင်။ အကြွေး ပေးထားနိုင်သည့် (လက်ကား ပေးထားနိုင်သည့်) ပမာဏချင်း ကွာသွားသည်။

ပြိုင်ဆိုင် လုပ်ကိုင်ဖို့ ဆိုပြန်သော အခါလည်း လွယ်လွယ်ကူကူ ငွေထုတ်ချေး နိုင်သည့် ဘဏ်စနစ် မဖွံ့ဖြိုးသေးပေ ရာ နောက်မှ နောက်ခံအင်အား တောင့်တင်းသူတို့နှင့် ယှဉ်ပြိုင်ရန် မည်သို့မျှ မလွယ်ကူသော ကိစ္စဖြစ်သွားသည်။ ငွေလှည့် သုံးနိုင်သည့် ပမာဏ ကွာသွားသည်။ ဤအကြောင်းများကို အခြေခံပြီး ယခင် အထက်မြန်မာပြည်၏ ဈေးကွက်ကြီး ဖြစ်သည့် ဈေးချိုသည့် ကျီးနှင့် ဖုတ်ဖုတ် ဖြစ်လာသည်။ ဈေးကွက်မှာကား ယခုမှ မန္တလေးသို့ ရောက်လာ ကြပြီး မှတ်ပုံတင်လေးငါးခု ကိုင်ထား နိုင်သည်ဟု နာမည် ကြီးသော အသားနီစပ်စပ် ပုဂ္ဂိုလ်များ၏ ဂိုဒေါင်ပါ တစ်ပါတည်း ပါသော အိမ်ကြီးများသို့ ရောက်သွားကြသည်။ ဤသည်ပင် တစ်နည်း လက်ရှိ ပြောင်းလဲရန် ကြိုးပမ်းနေရသော မြန်မာ့နိုင်ငံရေး ဘောဂဗေဒ အခင်းအကျင်း ထဲက မန္တလေးနိုင်ငံရေး ဘောဂဗေဒ၏ မလူးသာ မလွန့်သာသော အနေအထားကို ထင်ဟပ် နေခြင်းလည်း ဖြစ်သည်။

စီးပွားရေးအချက်အချာ

မန္တလေးသည် စင်စစ် မြန်မာနိုင်ငံ၏ အလယ်တည့်တည့် ဗဟို ကျနေသော မြို့ဖြစ်နေသည်။ စီးပွားရေး အချက်အချာ ကျသော ရန်ကုန်နှင့် မြန်မာပြည် အခြားမြို့ကြီးများသို့ ကုန်စည်များ စီးဆင်း ရန်မှာ မြန်မာပြည် မြောက်ပိုင်းမှ မြန်မာပြည် တောင်ပိုင်းသို့ မန္တလေး ကို မဖြတ်ဘဲ၊ တစ်ထောက်မနားဘဲ မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်။ အမှန်မှာ မန္တလေးမြို့၏ စီးပွားရေး အချက်အချာကျမှု၊ ပထဝီအနေ အထား အခင်းအကျင်းကို အခြေခံ ရရှိရမည့် အကျိုးအမြတ် များသည် မြို့သူမြို့သား များအတွက်သာ ဖြစ်သင့်သည်။ အကယ်၍ နိုင်ငံခြား သားများ လုပ်ကိုင်သည် ဆိုလျှင်လည်း ထိုအလုပ်အကိုင် များမှ အခွန် အကောက်များကို အစိုးရက ရရှိသင့်သည် သာဖြစ်သည်။ ယခုမူကား ကိုယ်စားလှယ် နာမည်နှင့် သို့မဟုတ် နိုင်ငံသား မှတ်ပုံတင်ကို လွယ်လွယ်ကလေး တင်ပြ၍ ဝယ်ယူ ရောင်းဝယ်ဖောက်ကား လာကြ သည်မှာ မန္တလေးမြို့သည် မန္တလေးသူ၊ မန္တလေးသားများ မပိုင်တော့ သော၊ မနေရတော့သော မန္တလေးမြို့ ဖြစ်လာသည်။ မြို့တွင်း အချက် အချာ နေရာများ အားလုံးကို ဖယ်ပေး လိုက်ရသည်။ မြို့သူမြို့သားများ အတွက်ကော အစိုးရ အတွက်ပါ များစွာ နစ်နာစေသော စီးပွားရေး အခွင့်အလမ်း ကောင်းကြီးတစ်ခုကို လက်လွတ် ဆုံးရှုံးသွားခြင်း ပင်ဖြစ် သည်။ ဆက်လက်၍ အာဆီယံ ပေါင်းစည်းမှုတွင်လည်း မန္တလေးမြို့ သည် အထူးအချက်အချာ ကျသော နေရာ ဖြစ်လာဦးမည် ဖြစ်ပေရာ အထူး စဉ်းစားထိုက်သော အချက်ဖြစ်လာသည်။

အမျိုးသားယဉ်ကျေးမှုလက္ခဏာ

ယဉ်ကျေးမှုဘက်ကို ကျွန်တော်တို့ ပြန်ကြည့်ကြပါဦးစို့။ မန္တလေးမြို့မှာ အစဉ်အလာ ရှေးကပင် နေလာကြသော တရုတ်များ၊ အိန္ဒိယနွယ်ဖွား ပုဂ္ဂိုလ်များမှာ တစ်ခါတစ်ခါ ဗမာတွေ ထက်ပင် မြန်မာရည် ပိုလည်သေးသည်။ မန္တလေး ယဉ်ကျေးမှုနှင့် လွယ်လွယ်ကူ ကူ ပေါင်းစည်း လိုက်နိုင်သည်။ သို့သော် ၉၀ ပြည့်လွန် နှစ်များက စတင်၍ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို အခြေခံ၍ မြန်မာပြည်တွင်း ဝင်လာကြသော ပုဂ္ဂိုလ်များကား ယခင်ရွာနေ ပြည်ထိုင်တွေနှင့် မတူတော့။ တဖြည်းဖြည်း များများလာသော အခါ နဂိုရှိ နေသော ဒေသခံ မန္တလေးသူ မန္တလေးသား များ၏ ယဉ်ကျေးမှု များကို ပင် မျိုပစ်လိုက်နိုင်သော၊ ဂရုမစိုက်သော၊ မယဉ်ကျေးသော လူ့အစု အဝေးသည် ကြီးထွား လာသည်။ အဖေ၊ အမေကို နင်-ငါ သုံးပြော သော အပြောအဆို တွေကို ကြားလာရသည်။

အဝတ်အဆင် မှာလည်း ပလွှားလာကြသည်။ စကတ်တိုတို ဖော်ဝတ်ကြသော အညာသူဖြူဖြူ လေးတွေရှိလာသည်။ ညိုညိုလေး တွေလည်း အနောက်က လိုက်လာသည်။ အထူး ဆိုးရွားသည်မှာ လူငယ်ပိုင်း၏ ယိုယွင်းလာသော စိတ်ဓာတ်အမြင် (Attitude) ပင် ဖြစ်သည်။ သက်တူရွယ်တူ အသားဖြူကလေးများ သုံးသည်ကို ကြည့် ပြီး ငွေနောက်ကို လိုက်လိုသောစိတ် ဖြစ်လာသည်။ မိဘများကိုပင် ခင်ဗျားတို့ ကျွန်တော်တို့ကို သည်လို မပေးနိုင်ရင် ကျွန်တော်တို့ကို မဆုံးမနဲ့ ဆိုသော ပုံစံမျိုး အထိ ရောက်လာသည်။

ဒေသခံ မြန်မာဆန်သော ပုဂ္ဂိုလ်များကိုလည်း မင်းတို့မြန်မာ ဆန်နေတော့ကော ပြုတ်စားလို့ ရသလားဆိုသော အပြောမျိုး၊ အဆို မျိုးနှင့် နှိမ်ချ ဆက်ဆံလာကြသည်။ မြန်မာဆန်ခြင်း သည်ပင် ရှက်စရာလိုလို ဖြစ်လာသည်။ မြန်မာနိုင်ငံသား ဆိုသော စိတ်ဓာတ် မရှိတော့ဘဲ အခိုက်အတန့် လာနေသည့် သဘောမျိုး ထားကာ အခြေ အနေပေးလျှင် တခြားသွားမည် ဆိုသော စိတ်ဓာတ် မျိုးတွေကို လူရှေ့မှာပင် ထုတ်ပြလာကြသည်။ လာခဲ့ရာ အရပ်ကိုသာ တဖွဖွ ချီးကျူး အားကျလျက် ထုတ်ဖော် ပြောဆိုနေကြသည် ဖြစ်ရာ အမိ မြန်မာနိုင်ငံတော်၏ ကျေးဇူး သစ္စာတော်ကို စောင့်သိ ရိုသေမည်ဆိုသော စိတ်ဓာတ်မျိုး ရှိဖို့ကား ဝေလာဝေး။

သည်ကိစ္စ များမှာ စင်စစ် မကြာလှသေးသော အချိန်ကာလ အတွင်း ဖြစ်ပျက် သွားခြင်းဖြစ်သည်။ ၉၀ ပြည့်လွန် နှစ်များမှသည် ယခု ၂၀၁၂ နှစ် ၂၀ နီးပါး ကာလအတွင်း မြန်မာပြည်က ဂုဏ်ယူရ သော၊ မန္တလေးက ဂုဏ်ယူရသော မန္တလေး၏ ယဉ်ကျေးမှု လက္ခဏာ (Cultural Identity) သည် ပျောက်လုနီးနီး ဖြစ်လာသည်။ စီးပွားရေး မှာလည်း မြို့နေလူထု အတွက် ထူးထူးခြားခြား တိုးတက်လာခြင်း မရှိသည့်အပြင် ပိုမို ယုတ်လျော့ လာသည်။ မြို့ကပင် နေရာဖယ်ပေး လာကြရသည်။

ဤကိစ္စမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ကာလများအတွင်း လူဝင်မှု ကြီးကြပ်ရေး၊ ရဲလုပ်ငန်းနှင့် ထောက်လှမ်းရေး အပါအဝင် အစိုးရအဖွဲ့အစည်း အသီးသီး၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ် လာရခြင်းဖြစ်သည် (Failure of State Institutions)။ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ အပေါ်လည်း များစွာ မှီတည်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရလဒ် အကျိုးဆက်မှာ မန္တလေးမြို့ကို နိုင်ငံခြားသား ပိုင်သွားခြင်း၊ မြန်မာ့ယဉ်ကျေးမှု ပျောက်ဆုံးခြင်းတို့ပင် ဖြစ်သည်။

ဤပြဿနာကို ကျွန်တော်တို့ ဘက်စုံထောင့်စုံက စဉ်းစား အဖြေ ရှာရပါလိမ့်မည်။ နိုင်ငံ တည်ဆောက်ရေး ဆိုသည်မှာ လိုအပ်သည့် အင်စတီကျူးရှင်း များကို ဆောက်ခြင်းပင် ဖြစ်ပေရာ ယခုကိစ္စ အတွက်လည်း အင်စတီကျူးရှင်းများ ခိုင်ခိုင်မာမာ ဆောက်ကြရပါ လိမ့်မည်။ တစ်ပြိုင်တည်းမှာပင် နှစ်နိုင်ငံ ချစ်ကြည်ရေးများကို ထည့်သွင်းစဉ်းစားဖို့ လိုသလို တစ်ဖက်မှာလည်း တရားမဝင် ပိုင်ဆိုင်မှု များကို ဥပဒေနှင့် အညီ ဖြေရှင်း ရပါလိမ့်မည်။ တိကျပြတ်သားသော၊ လူ့အခွင့်အရေး များကို လေးစားသော နိုင်ငံသားဖြစ်မှု ဥပဒေတစ်ရပ် ကိုလည်း ကျွန်တော်တို့ ဖော်ထုတ်ဖို့ လိုပါလိမ့်မည်။ ယဉ်ကျေးမှုပိုင်း အတွက်လည်း မန္တလေး ယဉ်ကျေးမှုများကို ထိန်းသိမ်းရန် အစိုးရပိုင်း တင်မကဘဲ အရပ်ဘက် လူ့အဖွဲ့အစည်း များကိုယ်တိုင် ကလည်း တက်ကြွစွာ ထိန်းသိမ်းသွားဖို့ လိုပါလိမ့်မည်။ သို့သော် မန္တလေးမြို့ ကိစ္စသည် ယခုလက်ငင်း ချက်ချင်း ဖြေရှင်းနိုင်မည့် ကိစ္စမဟုတ်ဘဲ အချိန်ယူ၍ ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စမျိုး ဖြစ်နေသည်။ ဤကိစ္စမှာ စီးပွားရေး အရ အရေး ကြီးသလိုပင် နိုင်ငံ့ဂုဏ်သရေ၊ အမျိုးသား ယဉ်ကျေးမှု လက္ခဏာနှင့် စပ်ဆိုင်သော ပြဿနာကြီးပင် ဖြစ် သည်။

 (မြန်မာ့ယဉ်ကျေးမှု မြို့တော်ဟု တင်စားခံရသော၊ အလွန် ယဉ်ကျေး ဖွယ်ရာသည်ဟု အသိအမှတ် ပြုကြသော၊ မြန်မာမင်း နောက်ဆုံး နေပြည်တော်-မန္တလေးကား ယခု ဤသို့ ဖြစ်သွားလေပြီဟု နိုင်ငံတကာ ကပင် စုတ်သပ်ကြမည့် အခြေအနေမျိုး ရောက်မသွားဖို့ အထူး အရေးကြီး ပါသည်။)

မင်းလွင်ထက်

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။