Friday, 11 January 2013

တစ်ချိန်က ဟော့ဒီလိုအပ်ချက်တွေကြောင့် ကျနော်တို့တွေ သူ့ကျွန်ဘ၀ရောက်ခဲ့ကြဘူးတယ်...



ကျနော်တို့ မြန်မာနိုင်ငံသား အများစု ရင်ထဲမှာ ထပ်တူညီကြမယ့် ကိစ္စတစ်ရပ်ရှိပါလိမ့်မယ်။
တိုင်းတပါးကျွန်မဖြစ်လိုတဲ့ စိတ်ပါ။

အခုနေ တရုတ်ကျွန်ဖြစ်ချင်လား မေး။ ဘယ်သူမှ မဖြစ်ချင်ဘူး။
ဒီလိုပဲ ကျနော်က ဘယ်သူ့ကျွန်မှ မဖြစ်ချင်ပါဘူး။


တစ်ချို့က အငေါ်တူး ပြောတတ်ကြတာ ရှိပါတယ်။
အင်္ဂလိပ်လက်အောက်က မလွတ်မြောက်ရင်ပဲ ကောင်းသေးသလိုလို။
ဒါပေမဲ့ ကျနော်ယုံတယ်။
တကယ်တမ်း ခုချိန်ထိသာ အင်္ဂလိပ်အောက်မှ မလွတ်သေးကြည့်။
အဲဒီလူတွေအပါအ၀င် ကျနော်တို့အားလုံး ဓါးဆွဲကြမှာ။

မျက်နှာဖြူများသာ ဆိုတဲ့ စာတမ်းတွေ ချိတ်ထားတဲ့ နေရာဌာနတွေကို ကိုယ့်တိုင်းပြည် ကိုယ့်ဒေသထဲမှာ မြင်ရတဲ့အခါ။
သခင်ကြီးရယ်လို့ ကိုယ့်လူမျိုးတွေ ဒူးထောက်နေရတဲ့အခါ။
ကိုယ်အထွတ်အမြတ်ထားရာကို ခြွင်းချက်အနေနဲ့ သူတို့ကို ဖိနပ်စီးတက်ခွင့်ပြုရတဲ့အခါ။
ကျနော်တို့တွေ အံမကြိတ်မိပဲ နေနိုင်လိမ့်မယ် မထင်ပါ။

ဒါပေမဲ့ပေါ့လေ။ အင်္ဂလိပ်ကြောင့် ကျနော်တို့ တိုးတက်ခဲ့တာတွေရှိသလိုလိုလည်း မြင်ကြသူတွေရှိတယ်။
ဒါကို မငြင်းပါဘူး။
ဒါပေမဲ့ သူတို့က ကျနော်တို့ကို စေတနာဗရပွနဲ့ တိုးတက်အောင်လာလုပ်ပေးခဲ့တာ မဟုတ်ဘူး။

သူတို့လာတဲ့ရည်ရွယ်ချက်က ဘာလဲ။
ဂုတ်သွေးစုတ်ဖို့ အမြတ်ထုတ်ဖို့။
ကျနော်တို့ မြန်မာပြည်ဆိုတာ အဲဒီတုန်းက ၀ိတိုရိယဘုရင်မကြီးအတွက် မွေးနေ့လက်ဆောင်လေးလေဗျာ။
လက်ဆောင်ကို အသုံးပဲချမှာပေါ့။ လက်ဆောင်အတွက် ဘယ်ပေးဆပ်မှာလဲ။

ဒါပေမဲ့ ရှက်ဖို့ကောင်းတာက ကျနော်တို့ဆီမှာ ရှိတဲ့အရင်အမြစ်တွေကို ကျနော်တို့ အသုံးမချတတ်ခဲ့တော့
သူတို့လာ အသုံးချပြီး သူတို့က နည်းနည်းလေးလုပ်ပေးသွားသမျှကို ကျေးဇူးတွေ ပြန်တင်ရမလို အဖြစ်။

ဒီအကြောင်းတွေ ဘာလို့ ပြန်ပြောနေရသလဲ?
အကြောင်းရှိပါတယ်။
တစ်နေ့က သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ကျနော်တို့ဆီမှာလုပ်တဲ့အစည်းအဝေးတစ်ခု။

အဲဒီထဲမှာ အတတ်ပညာရှင် နည်းပါးလှတဲ့အကြောင်းတွေ၊
ယူနက်စကိုရဲ့ လိုအပ်ချက်နဲ့ညီအောင် ကျနော်တို့ဘက်က မပြုစုနိုင်တဲ့ အဖြစ်တွေကို
ရိပ်ဖမ်းသံဖမ်း တွေ့လိုက်ရတယ်။
ကျနော် ၀မ်းနည်းသွားမိတယ်။ တကယ်ပါ။
သြော် သူတို့တွေ ငါတို့ကို ဘယ်လိုများ ထင်ကြမလဲ မသိဘူးနော်။

ဟိုးအရင် ... မြန်မာဘောလုံးငွေခေတ်လို့ ပြောရမလား
သန်းတိုးအောင်တို့တုန်းက။
စင်္ကာပူသတင်းစာတစ်စောင်ကရေးဘူးတယ်။ ဘာမှ မပြည့်စုံတဲ့ မြန်မာအသင်းက သူတို့ကိုနိုင်လို့ ချီးကျူးတဲစာ။
ဖြစ်နိုင်ရင် အဲဒီအခြေအနေကြီးကို မရင်ဆိုင်ချင်တော့ဘူး။
အဲဒီအခြေအနေကနေ ပြောင်းလဲချင်ပြီ။

ပြီးတော့ အခု ကျနော့်ရင်ထဲမှာ အရမ်းကြောက်နေတဲ့ကိစ္စတစ်ခုရှိတယ်။
တရုတ်ရဲ့ သြဇာ။
သိပ်အားကြီးလာတဲ့ အိမ်နီးချင်းကြီးအတွက် ကျနော်တို့ဟာ စားမြိန်ဟင်းတစ်ခွက်များဖြစ်နေလေမလား။

တစ်ချိန်က ကျနော်တို့တိုင်းပြည်ဟာ ၀ိတိုရိယဘုရင်မကြီးအတွက် မွေးနေ့လက်ဆောင်ဖြစ်ခဲ့ရဘူးတယ်။
အခုတော့ ဘယ်ငတိထီး ငတိမရဲ့ မွေးနေ့လက်ဆောင်မှ ထပ်မဖြစ်ချင်တော့ဘူးဗျာ။
ဒါကြောင့် သမိုင်းကို ပြန်လှည့်ကြည့်မိတယ်။
မြန်မာပြည်ဟာ အိမ်နီးချင်းရဲ့ ရန်ကို ကြောက်နေတဲ့ကာလ။
သီပေါမင်း အုပ်ချုပ်စဉ်အချိန်ကို ပြန်သွားကြည့်ရအောင်။

ဘယ့်နှယ့် အိမ်နီးချင်းလဲ။ နယ်ချဲ့ အင်္ဂလိပ်ပဲလို့ မတွေးပါနဲ့။
အဲဒီတုန်းက အင်္ဂလိပ်ရဲ့ အင်ပါယာဟာ အိန္ဒိယဆီ ဖြန့်ကျက်ထားတဲ့အခါ အိမ်နီးချင်းသဘောဖြစ်နေတာပါ။
ပထ၀ီနိုင်ငံရေးအရ ... ဝေးလျားလွန်းတဲ့နိုင်ငံကို တာရှည်သိမ်းထားဖို့ရာ မဖြစ်နိုင်ဘူး။
ခုခေတ်လိုဆို ပိုမဖြစ်နိုင်ဘူး။
အနီးဆုံးရန်သူဟာ ကြောက်စရာ အကောင်းဆုံးပဲ။

လူတော်တော်များများက ပြောကြတယ်။
သီပေါမင်းညံ့လို့ မြန်မာတွေ သူ့ကျွန်ဘ၀ရောက်ခဲ့တာတဲ့။
မဟုတ်ဘူး။ သူတစ်ယောက်တည်းတင် မကဘူး။
အဲဒီတုန်းက အုပ်ချုပ်သူပိုင်းဆိုင်ရာအားလုံး အကြီးအကျယ်လိုအပ်ခဲ့ကြတာတွေရှိတယ်။

သူကတော့ ခေါင်သူကြီးဆိုတော့ သူ့မှာ တာဝန်အရှိဆုံးပေါ့လေ။

သီပေါမင်းနဲ့ တစ်ခေတ်တည်းလို့ ပြောရမယ့် သူနှစ်ယောက်ကို ဥပမာ ထုတ်ပြမယ်။
ယိုးဒယားဘုရင် စူဠလောကနာရထ နဲ့ ဂျပန်ရဲ့ မေဂျီဘုရင် မတ်ဆုဟီတို။

အမှန်အတိုင်းပြောရရင် ယိုးဒယားဘုရင် စူဠလောကနာရထ လုပ်ကိုင်ပုံကိုတော့
ကျနော်သိပ်မကြိုက်လှဘူး။ အင်္ဂလိပ်ကို အလိုလိုက်ရောနှောပေါင်းပြီး အင်္ဂလိပ်သြဇာခံဘ၀နဲ့ နေခဲ့တာ။
ကျနော်တို့မြန်မာတွေ စရိုက်ကလည်း အဲဒီလောက်တော့ စိတ်ရှည်မှာ မဟုတ်ဘူး။

ဂျပန်ရဲ့ မေဂျီဘုရင် မတ်ဆုဟီတိုကတော့ အရမ်းအတုယူစရာကောင်းတယ်။
အမေရိကန်က လက်နက်နဲ့ ခြိမ်းခြောက်ပြီး အတင်းအနိုင်ကျင့်ခဲ့စဉ်
အနောက်နိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်ခွင့်၊ နေထိုင်ခွင့်၊ နယ်လွန်တရားစီရင်ခွင့်စာချုပ်တွေ အနိုင်ကျင့်ချုပ်ပေးလိုက်ရစဉ်မှာ
မိမိတိုင်းပြည်မှာ အပြောင်းအလဲတော့ လိုအပ်ပြီဆိုတာကို သူချက်ချင်းသိလိုက်တယ်။

၁၈၆၉က အပြောင်းအလဲစလုပ်တယ်။
၁၈၉၄-၉၅ မှာ တရုတ်။ ၁၉၀၄-၀၅ မှာ ရုရှားတွေကို စစ်နိုင်တဲ့အထိ တိုးတက်လာနိုင်တယ်။
ထောက်စရာတွေတော့ရှိပါလိမ့်မယ်။ ရုရှားကို ဟန့်တားချင်လို့ အင်္ဂလိပ်က ဂျပန်ကို ကူညီခဲ့ပေမယ့်
ကျနော်တို့ကိုတော့ ဟက်ဟက်ပက်ပက် ကူညီမယ့်သူ မရှိလှဘူး။

ဒါပေမဲ့ ဂျပန်ရဲ့ မေဂျီခေတ်မှာ အတုယူစရာက ဘုရင်တင်မက အုပ်ချုပ်သူ လူတန်းစားအားလုံးကပါ
အပြောင်းအလဲကို လိုလိုချင်ချင် စိတ်ပါလက်ပါလုပ်ခဲ့ကြတာ။
ထိပ်ဆုံးက ခေါင်သူကြီးတင်မကဘူး။
နောက်က လူတွေကလဲ အပြောင်းအလဲလိုပြီမှန်း နားလည်ခဲ့ကြတယ်။

ဆတ်ဆုမာ၊ ချိုရှု၊ ဟီဇုန်း၊ တိုဇာ ...စတဲ့ နယ်စားကြီးတွေကိုယ်တိုင်က ပြုပြင်ရေးကို စိတ်ရောကိုယ်ပါ အားပေးစွာနဲ့
သူတို့ပိုင်တဲ့ မြေယာတွေကို အစိုးရဆီ ၁၈၆၉ မှာ အပ်နှံခဲ့တယ်။
သူတို့အတုကိုယူပြီး တခြား နယ်စားကြီးတွေလဲ အစိုးရကို မြေယာအပ်နှံမှုတွေ အမြောက်အများလုပ်ခဲ့ကြပေါ့။
အဓိက တင်ပြချင်တာက အုပ်ချုပ်သူ အခွင့်အာဏာရှိသူအားလုံး တစိတ်တစ်သလောတည်းရှိခဲ့တဲ့ အကြောင်းပါ။

ကျနော်တို့ဆီမှာကျတော့ရော။
သီပေါမင်းဟာပြုပြင်ပြောင်းလဲရေး လုပ်ချင်ခဲ့ပါရဲ့။
ကနဦးက ၁၄ဌာန အုပ်ချုပ်ရေး၊ နောက် ၉ဌာန အုပ်ချုပ်ရေး၊ ၁၀ဌာနအုပ်ချုပ်ရေး စသဖြင့် အဆင့်ဆင့်ပြောင်းကြည့်ခဲ့တယ်။
ဥပဒေမင်းဆိုတဲ့ စည်းမျဉ်းခံဘုရင်စနစ်ကိုလည်း တစ်စိတ်တစ်ပိုင်း အကောင်ထည်ဖော်ဖို့ ကြိုးစားခဲ့တာပါပဲ။
ဒါပေမဲ့ မပီပြင်ဘူး။
Separation of Power အာဏာကို ခွဲခြမ်းစိတ်ဖြာခြင်းသဘောကို ရေရေရာရာသဘောမပေါက်သေးဘူး။
ဒါမှမဟုတ် လိုက်နာချင်တဲ့ဆန္ဒ မရှိခဲ့ဘူး။

မူးမတ်တွေဘက်ကလည်း လွှတ်တော်မှာ အိပ်ငိုက်နေတာချည်းပဲတဲ့။
အဲဒီတုန်းက သီပေါမင်းကိုယ်တိုင်က အကြောင်းထူးမှတ်စာထဲမှာ ...
'တိုင်းပြည်တစ်ပြည်ချမ်းသာရန် ဘုရင်ကောင်းသော်လည်း မှူးမတ်မပါလျှင်မဖြစ်၊
ဘုရင်နှင့် မှူးမတ်ပူးပေါင်းဆောင်ရွက်ပါက ချမ်းသာမည်မုချဖြစ်ကြောင်း၊
ယခုလည်း မှူးမတ်များလျှောက်ထားသမျှ ဘုရင်က နားထောင်သည်များကြောင်း၊
သို့သော် သူခိုးဒမြထကြွဆဲမင်ယှိကြောင်း၊
တိုင်းပြည်အေးချမ်းသာယာမှု မရှိသေးသည်မှာ အစည်းအဝေး၀င်မှူးမတ်များ တွေ့ဆုံသည့်အခါ ၀တ်ကျေဝတ်ကုန်ပြောဆိုကြပြီး
စိတ်ထဲတွင် မသင့်မတင့် ရှိနေသောကြောင့်ဖြစ်ကြောင်း၊ ၀ိရိယစိုက်ထုတ်မှုလည်း နည်းပါးကြောင်း၊ တစ်ဦးနှင့်တစ်ဦး ၀န်တိုမိစ္ဆာယှိနေကြကြောင်း၊
မည်သူ၏တာဝန်ဖြစ်စေ မင်းမှုတော်ဟု သဘောပိုက်ကာ ကူညီဆောင်ရွက်ရမည်ဟု အကြိမ်ကြိမ်ပြောသော်လည်း နားမထောင်ကြ'
လို့ ငြီးငြူခဲ့ပါတယ်။
တကယ်တော့ သီပေါမင်းဟာ တပ်ပျက်မှာ ဗိုလ်လုပ်ခဲ့ရတာပါပဲ။

မှူးမတ်တွေဘက်က ခံစားချက်ကိုလည်း မြောက်ထားဝယ်ဗိုလ်ဦးခဲဆိုသူက ပြန်ပြောဘူးတယ်။
မှူးမတ်တွေ အစည်းဝေးမှန်မှန်မတက်တာ၊ တက်တဲ့အခါမှလဲ စိတ်ပါလက်ပါ မရှိတာတွေဟာ
ဘုရင်က အကျွမ်းဝင်တဲ့ မှူးမတ်တွေကိုသာ အရေးပေးပြီး ယင်းတို့ပြောသမျှ အတည်ဖြစ်တာကို
ကျန်မှူးမတ်တွေ မကျေနပ်လို့ ... တဲ့။

ဒီတော့ သီပေါမင်းခေတ်ကို အကြမ်းဖျဉ်းသုံးသပ်ရရင် သူတစ်လူငါတစ်မင်းဖြစ်နေပုံကို မြင်သာပါတယ်။
ဘုရင်ကတော့ သူ့အာဏာမတည်မြဲတော့မှာစိုးလို့ အပြောင်းအလဲလုပ်ရမှာ မြင်တယ်။
ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ ရေရေရာရာ မသိဘူး။
နောက်ကလည်း ပါမလာကြဘူး။

စီမံကိန်းတွေဟာ စာရွက်ပေါ်မှာသာရှိပြီး ဘယ်တော့မှ မကောင်ထည်မပေါ်ခဲ့ဘူး။
အဲဒီတုန်းက ဒမြတွေ ဖမ်းမိလာတဲ့အခါ တိုင်းတားမင်းကြီးက ဘုရင့်အမိန့်ဆိုပြီး
သာသနာပိုင်ဆီလွှတ် တရားနာခိုင်းပြီး လုံးဝ အပြစ်မပေးပဲ ပြန်လွှတ်တယ် ... တဲ့။

ဆက်ပြောရင်တော့ အဲဒီတုန်းက ဗြုတ်စဗြင်းတောင်းအခြေအနေတွေ အများကြီးပါ။
အဓိက ဆိုလိုချင်တာက တစ်ချက်တည်း။

အရင် သမိုင်းတကွေ့ရဲ့ သီပေါဘုရင်ခေတ်တုန်းက
ထိပ်ဆုံးခေါင်သူကြီးတစ်ယောက်တည်းကသာ အပြောင်းအလဲကို လိုချင်ပြီး
နောက်က မပါခဲ့ပဲ တစ်ယောက်တစ်ပေါက်လုပ်ခဲ့ကြလို့
အမျှော်အမြင်တွေနည်းပြီး တစ်ကိုယ်ရည်ကောင်းစားရေးသာ ရှေးရှုခဲ့ကြလို့
ကျနော်တို့ ... ထီးသုဉ်း နန်းသုဉ်း မြို့သုဉ်းသုည သုဉ်းဘ၀နဲ့
သေသော်မှတည့် သြော်ကောင်း၏ ဖြစ်ခဲ့ကြရတယ်။

အခုရော ...။

သွန်းနေစိုး Thorn Nay Soe

[Ref: တော်စိန်ခို - လွှတ်တော်မှတ်တမ်း။
ဦးတင် - ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး။
ဦးတင် - မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း။
မောင်ထင်(တည်းဖြတ်သည့်) - ရာဇဓမ္မသင်္ဂဟကျမ်း။
ဒေါ်အုန်းကြည် - သီပေါမင်းလက်ထက် အုပ်ချုပ်ရေး။
J.S. Furnivall - An Introduction to the Political Economy of Burma]

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။