တရားသောစစ်ဆိုတာမရှိပါဘူး..စစ်ပွဲမှန်သမျှလဲမတရားပါဘူး၊ ၊ဒါကြောင့်ပြည်ထောင်စုမပြိုကွဲေ၇းအတွက်
တိုက်၇တာပါဆိုတဲ့  စစ်အဆိုးရကိုလဲလုံးဝမကြိုက်သလို၊လူမျိုးစုကောင်းစားရေးအတွက်တိုက်၇တာပါဆိုတဲ့ 
KIA ရဲ့ ဆင်ခြေတွေကိုလဲမကြိုက်ပါဘူး။ ၂၁၇ာစုမှာပြည်ထောင်စုတိုင်း၇င်းသားအချင်းချင်း ရန်လိုသတ်ဖြတ်နေသောအဖွဲ့ အစည်းအားလုံးကိုလက်မခံပါ၊ လူမိုက်တွေကြောင့်တိုင်းပြည်
အနာဂတ်မှိုင်းနေပါတယ်၊၊ စစ်ကိုလိုလားသူမှန်သမျှဘယ်ဘက်ကဖြစ်ဖြစ် ရဲဘော်သေ..သေသော်အားလုံး..ငရဲပဲသွားကြမှာပါ။ဒါကြောင့် အောက်က ဆောင်းပါးကို
သေချာဖတ်ကြည့် ကြပါလို့ အလေးအနက် တိုက်တွန်းပါတယ်။
မေမြို့သားလေး
တတိယကမ္ဘာစစ်ကို ဘယ်လို လက်နက်တွေနဲ့ တိုက်ကြမလဲဆိုတာကိုတော့ မသိနိုင်ဘူး၊ စတုတ္ထကမ္ဘာ စစ်ကိုတော့ ကျောက်တုံးတွေ ကျောက်ခဲတွေနဲ့ တိုက်ကြမှာကတော့ သေချာတယ်'လို့ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်ကြီး'အဲလ်ဘတ်အိုင်းစတိုင်း' ပြောသွားခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ လူရယ်လို့ ဖြစ်ပေါ်လာကတည်းက လူတွေဟာ တစ်ဦးအပေါ်တစ်ဦး တစ်ဖွဲ့အပေါ်တစ်ဖွဲ့ ငြိုးမာန်ဖွဲ့ပြီး ကျောက်တုံးကျောက်ခဲတွေနဲ့ စပြီး အပြန်ပြန်အလှန်လှန် တိုက်ခိုက်လာခဲ့ကြတာပါ။ အဲဒီလို တိုက်ခိုက် ကြရင်းနဲ့ ပိုပြီးကောင်းတဲ့ လက်နက်ဆန်းတွေကို တီထွင်လာခဲ့ကြရာက အခုဆို တစ်ကမ္ဘာလုံး နာရီပိုင်းအတွင်းမှာ ပြုတ်ပြုတ်ပြုန်းသွားနိုင်မယ့် လက်နက်တွေတောင် ပေါ်လာနေကြပါပြီ။ ဒါ့ကြောင့်ကမ္ဘာစစ် ပြန်ဖြစ်ရင်တော့ အားလုံးကျောက်ခေတ်ကို ပြန်ရောက်သွားတော့မှာပဲလို့ အိုင်းစတိုင်းက ဆိုလိုချင်တာပါ။
စစ်ပွဲဆိုတာ သေနတ်နဲ့ တိုက်ရတာမဟုတ်ဘူး၊ ဓနဓနချင်း တိုက်ရတာလို့ ရှေးယခင်ကတော့ ပြောလေ့ရှိကြပါတယ်။ ဒီစကားက သူ့ခေတ်နဲ့ သူ့အခါမှန်တာပါပဲ။ အမြောက် ကောင်းကောင်း စစ်သင်္ဘောကောင်းကောင်း တိုက်လေယာဉ်ကောင်းကောင်း ၀ယ်နိုင်တဲ့သူက နောက်ဆုံး စစ်နိုင်သွားတာပဲ မဟုတ်လား။ အခုနောက်ပိုင်းမှာတော့ နည်းပညာသာတဲ့လူက အနိုင်ရမလို ဖြစ်နေပါပြီ။ တစ်နည်းအားဖြင့် ဦးနှောက် ဦးနှောက်ချင်း တိုက်ရတဲ့ခေတ်ကို ရောက်လာပြီလို့ ပြောရတော့မလို ဖြစ်လာပါတယ်။ ဒါဖြင့် ဦးနှောက် ဒီလောက်ကောင်းနေမှတော့ စစ်မတိုက်ဘဲ နိုင်နိုင်တဲ့နည်းလမ်းတွေကို ဦးနှောက်အသုံးပြုပြီး ရွေးလို့ မရဘူးလားလို့ မေးစရာရှိလာပါတယ်။ မှန်ပါတယ်၊ ဒီကိစ္စကို ၀ိုင်းစဉ်းစားကြစေချင်ကြလို့ ဒီဆောင်းပါးကို ရေးလိုက်ရတာလည်း ဖြစ်ပါတယ်။
လူတွေသေကျေစေတဲ့ စစ်ကို ဖန်တီးကြသူတွေဟာ လူတွေပဲဖြစ်တယ်။ ဒါ့ကြောင့် လူတွေဟာ နောက်ထပ် စစ်ထပ်မဖြစ်ဖို့ စစ်ပွဲတွေကို လေ့လာသင့်တယ်။ ဘယ်လို တိုက်သွားကြတယ် ဆိုတာထက် ဘာ့ကြောင့်တိုက်ခဲ့ကြသလဲ ဆိုတာကို အရင်လေ့လာမှ နောင်စစ်ပွဲတွေ ထပ်ဖြစ်မလာအောင် ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ စစ်ဖြစ်ကြရတဲ့ အကြောင်းရင်းတွေဟာ များသောအားဖြင့် တူနေတတ်ကြတာများတယ်။ဒါ့ကြောင့် ဒုတိယကမ္ဘာစစ်ထဲကို ဂျပန်ဘာ့ကြောင့် ၀င်လာရသလဲဆိုတာကို အရင်လေ့လာကြည့်ရုံနဲ့ စစ်မတိုက်ဘဲ နိုင်နိုင်တဲ့ နည်းလမ်းတွေကို တွေ့လာနိုင်ပါတယ်။
ဂျပန်မှာရှိတဲ့ စစ်တပ်ဟာ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွေမှာ တန်ခိုးထွားလာတယ်။ အမျိုးသားရေး မူဝါဒအပေါ် လွှမ်းမိုးလာနိုင်ရုံသာမက ဂျပန်နိုင်ငံရဲ့ ဧကရာဇ်အပေါ်မှာလည်း အတော်စကား ပေါက်လာနိုင်တာကို တွေ့ရတယ်။ အဲဒီမှာ သူတို့ စိတ်ဝင်စားလာတာကတော့ အာရှတိုက်နဲ့ ပစိဖိတ်သမုဒ္ဒရာထဲကို နယ်မြေတိုးချဲ့ဖို့ပါပဲ။ အဲဒီဒေသနှစ်ခုကို ချုပ်ကိုင်ထားနိုင်မှ ဂျပန်နိုင်ငံ စီးပွားရေးအတွက် လိုအပ်တဲ့ လောင်စာဆီတို့ ကုန်ကြမ်းတို့ ဈေးကွက်တို့ ရမှာမို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပစိဖိတ်သမုဒ္ဒရာထဲ ဂျပန် လွှမ်းမိုးလာမှာကို အမေရိကန်ကလည်း စိုးရိမ်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာကို ဂျပန်စိုးမိုးနိုင်ပြီဆိုရင် ဂျပန်အနေနဲ့ အမေရိကန်ရဲ့ အနောက်ဘက်ကမ်းခြေကို အလွယ်တကူ ခြိမ်းခြောက်လာနိုင်တော့မှာကိုး။
ဒီလို ဂျပန့် အန္တရာယ်ကို စိုးရိမ်နေတုန်းအချိန်မှာ ဂျပန်က တရုတ်ပြည်ထဲကို ကျူးကျော်လိုက်တော့ အမေရိကန်တွေ အကြောစိမ့်သွားကြရပါတယ်။ နဂိုကမှ ဘယ်လိုမှ စေ့စပ်လို့ မရတဲ့အထဲမှာ ဂျပန်က ဒီလိုလုပ်လာတော့ အမေရိကန်ဟာ ငြိမ်နေလို့ မရတော့ပါဘူး။ ဂျပန်နိုင်ငံကို ဘာကုန်ကြမ်းမှ မပို့ရဘူးလို့ သူ့သြဇာသက်ရောက်တဲ့ နိုင်ငံတွေကို ပိတ်ပင်လိုက်ပါတယ်။ အထူးသဖြင့်တော့ စက်သုံးဆီပေါ့။ အဲဒီအချိန်မှာ ဂျပန့်ရဲ့လက်ထဲမှာ စက်သုံးဆီကလည်း ၆လစာပဲ ကျန်ပါတော့တယ်။ ဒီတော့လည်း ကျဉ်းထဲကျပ်ထဲ ရောက်ရပြီပေါ့။ စက်သုံးဆီမရရင် ဘာစီးပွားရေးမှလည်း မလုပ်နိုင်တော့ လို့ တိုင်းပြည်ဟာ ပြိုလဲဖို့ပဲရှိပါတော့တယ်။ ဒီနေရာမှာ ဂျပန်ဟာ ၆ လအတွင်း ပြိုလဲတော့မယ့် အန္တရာယ်ကို ကြုံတွေ့လာတဲ့အခါကျမှ စစ်တိုက်ဖို့ စဉ်းစားလာတယ်ဆိုတာကို သတိပြုရပါမယ်။ တကယ်လို့ အမေရိကန် အင်္ဂလန်တို့နဲ့ ပြန်ဆွေးနွေးပြီး တရုတ်မှာ ရောက်နေတဲ့ ဂျပန်တပ်တွေကို ပြန်ရုတ်သိမ်းပေးမယ်ဆိုရင် ဒုတိယကမ္ဘာစစ်ကို ဂျပန်ရှောင်လွှဲနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ သမိုင်းသုတေသီတွေလည်း အများကြီးရှိပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့ဆို စကားတစ်ခွန်းကိုလည်း သွား သတိရမိပါတယ်။
အဲဒါကတော့ 'စစ်တိုက်တာ အင်မတန်ကောင်းပါတယ်၊ ဒါ့ကြောင့် ခင်ဗျားတို့အားလုံး စားပွဲဝိုင်းတစ်ခုမှာ အတူထိုင်ပြီး တိုက်ကြ၊ မပြတ်မချင်းတိုက်ကြ' လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဆိုတာ သေနတ်နဲ့ ပစ်ပြီးတိုက်မှ ကိစ္စပြတ်လေ့ ရှိတယ်ဆိုတဲ့ အယူအဆဟာ ခေတ်လူငယ်စကားနဲ့ ပြောရရင် အောက်သွားပြီလို့ ဆိုရမှာဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ကြီးစိုးတဲ့ ဂျပန်နိုင်ငံဟာ အဲဒီအချိန်က အဲဒီလိုမစဉ်းစားခဲ့ဘူး။ အမေရိကန်ကို နိုင်အောင်တိုက်ဖို့သာ အားသန်နေခဲ့တယ်။ အမေရိကန်မှာ ပညာသင်ခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကလွဲပြီး ကျန်ဂျပန်မှာရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အားလုံးက အမေရိကန်ကို တိုက်ရင်နိုင်မယ်လို့ပဲ ထင်ခဲ့ကြတာကိုး။ ဒါဟာလည်း ဂျပန်နိုင်ငံရဲ့သမိုင်းမှာ ဘယ်နိုင်ငံနဲ့ပဲ တိုက်တိုက် တစ်ခါမှ စစ်မရှုံးခဲ့ဖူးသေးတဲ့ အတွေ့အကြုံတွေကြောင့် ဖြစ်ရတာပါ။ ၁၉၀၄-၁၉၀၅ ခုနှစ်တွေမှာ ရုရှားနဲ့ စစ်ဖြစ်တော့လည်း နိုင်ခဲ့တာပဲ။ ပထမကမ္ဘာစစ်ထဲ ၀င်တိုက်တော့လည်း နိုင်ခဲ့တာပဲ။ ဒါ့ကြောင့် စစ်ရှုံးတဲ့ အရသာဟာ ချို သလား ခါးသလား ဂျပန်မသိခဲ့ပါဘူး။
ဒါ့ကြောင့် ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေဟာ အမေရိကန်ရေတပ်ကို ဦးကျိုးသွားအောင် လုပ်နိုင်မှ ပစိဖိတ်သမုဒ္ဒရာ တောင်ဘက်ထဲက ကျွန်းတွေကို အေးအေးဆေးဆေး သိမ်းနိုင်ရုံသာမက အာရှအရှေ့ပိုင်းတစ်ခု လုံးကို အလွယ်တကူ အုပ်စီးထားနိုင်မယ်ဆိုတာ သဘောပေါက်သွားပါတယ်။ ဒါ့ကြောင့် ဟာဝေယီကျွန်းက ပုလဲဆိပ်ကမ်းမှာ ကပ်ထားတဲ့ အမေရိကန်ရေတပ်က ဖျက်သင်္ဘောနဲ့ လေယာဉ်တင် သင်္ဘောတွေကို အကုန်ကုန်အောင် အငိုက်ဖမ်းပြီး ၀င်တိုက်ခဲ့တာပါပဲ။
ဒါကတော့ ဂျပန်ဘာ့ကြောင့် စစ်ထဲဝင်လာရသလဲဆိုတဲ့ အကြောင်းရင်းပါ။ ဒီထက် ပိုရှည်အောင်ပြောရင်လည်း ရပါသေးတယ်။ ဒါပေမယ့် ပြောရင်လည်း ပိုရှုပ်သွားတာပဲ ရှိမှာပါ။ ဒါ့ကြောင့် တိုတိုပြောရရင် ဒီဒုတိ ယ ကမ္ဘာစစ်ကြီးထဲကို ဂျပန်ဝင်တိုက်ရတာ သယံဇာတကြောင့် ၀င်တိုက်ခဲ့ရတာပဲ ဖြစ်ပါတယ်။အဲဒီလိုတိုက်တော့ ဘာဖြစ်သလဲ၊ သူဖြစ်ချင်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်သမုဒ္ဒရာကို မစိုးမိုးနိုင်ရုံသာမက ဂျပန်စစ်သားနှစ်သန်းနဲ့ ဂျပန်အရပ်သား တစ်သန်း တို့ရဲ့အသက်တွေ ပေးလိုက်ရတာပဲ အဖတ်တင်ခဲ့တာပါ။ ပေးလိုက်ရတဲ့ စစ်လျော်ကြေးတွေကလည်း ကြောက်ခမန်းလိလိပါပဲ။ နိုင်ငံပေါင်းစုံကို ပေးလိုက်ရတဲ့ စစ်လျော်ကြေးတွေကို ချပေါင်းကြည့်တာ အမေရိကန်ဒေါ်လာ ၄၄.၁၉ ဘီလျံတောင် ရှိတာကို တွေ့ရပါတယ်။အဲဒါကတော့ ပါးစပ်နဲ့မပစ်ဘဲ တကယ့်သေနတ်နဲ့ပဲ ပစ်ချင်မိခဲ့တဲ့ အကျိုးကျေးဇူးတွေပါပဲ။ ဒါ့ကြောင့် သေနတ်တစ်ချက် စမဖောက်ခင်မှာ ဒါတွေကို အရင်စဉ်းစားသင့်သလို ဖောက်ပြီးရင်လည်း စားပွဲဝိုင်းတစ်ခုမှာ အတူရောက်လာနိုင်ဖို့ ကျန်သံယောဇဉ်အားလုံးကို ဖြတ်တောက်နိုင်ဖို့ လိုပါတယ်။
စစ်ဆိုတာ မကောင်းတဲ့ အကြောင်းပြောထားကြတဲ့ စကားတွေကတော့ အများကြီးပါ။ အဲဒီအထဲက 'လူတွေဟာ ငြိမ်းချမ်းနေတဲ့အချိန်မှာ သားတွေက အဖေတွေကို သင်္ဂြိုဟ်ကြရပြီး စစ်ပွဲအတွင်းမှာတော့ အဖေတွေက သားတွေကို သင်္ဂြိုဟ်ကြရတယ်'ဆိုတဲ့ စကားဟာ အင်မတန်မှ သံဝေဂရစရာ ကောင်းလှပါတယ်။ သားယောက်ျားချင်း တူတာတောင်မှ လူမမယ်သား ယောက်ျားလေးတွေကို သင်္ဂြိုဟ်ရတာက ပိုပြီး ရင်ကျိုးစရာ ကောင်းပါတယ်။ ဒါ့ကြောင့် မတိုက်ဘဲနဲ့ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းတွေ လုံးဝမရှိတော့ဘူးလား၊တိုက်ကိုတိုက်မှ ရမယ်ဆိုတာ တကယ့် ရိုးသားမှုကို အခြေခံတဲ့ အကြောင်းပြချက်ရော ဖြစ်နိုင်ရဲ့လား၊ ကျန်တဲ့လူတွေကရော အဲဒီကလေးတွေ အကုန်ကုန်အောင် ဆက်တိုက်နေကြတာကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား။ အားလုံး ၀ိုင်းစဉ်းစားသင့်ကြပါပြီ။
နောက်တစ်ခု ပြောချင်တာကတော့ အမှန်တရားအကြောင်းပါပဲ။ လူဆိုတာ အမှန်တရားဆီကို မသွားချင်လို့မရပါဘူး။ မသွားလည်း တစ်နေ့တော့ ရောက်ရမှာမို့ အနှေးနဲ့အမြန် ရောက်အောင်သွားရမှာပါ။ မြန်မြန်သွားနိုင်လေ ကောင်းလေပါပဲ။ အခုလို အခြေအနေမျိုးမှာဆို ပိုပြီးမြန်အောင်တောင် သွားသင့်တာပါ။ ဟိုခေတ်က နာမည်ကြီးသီချင်း တစ်ပုဒ်ထဲကလို 'ဖြည်းဖြည်းလေး... အနှေး..ရထား..' ဆိုတာမျိုးနဲ့တော့ သွားဖို့မသင့်ပါဘူး။ကျည်ဆန်ရထားနဲ့ သွားရပါလိမ့်မယ်။ ကိုယ်သွားရမယ့် ဘူတာကလည်း အသစ်မဟုတ်ဘဲ အများသူငါ သွားကြတာများ လွန်းလို့ လူပြည့်နေတဲ့ ဘူတာတစ်ခုလည်း ဖြစ်နေပါတယ်။ Google မှာ Federalism လို့ ရိုက်ထည့်ပြီး Enter ကို ခေါက်လိုက်ပါ။ နောက် Federalism - Wikipedia, the free encyclopedia ကို click ပေးကြည့်လိုက်ပါ။ မြေပုံတစ်ချပ် ပေါ်လာပါ လိမ့်မယ်။
အဲဒီဘူတာကို ရောက်နေကြတဲ့ အမေရိကန်၊ ကနေဒါနဲ့ အိန္ဒိယအပြင် ကျန်နိုင်ငံတွေကို အစိမ်းရောင်နဲ့ ခြယ်ပြထားလို့ တစ်ကမ္ဘာလုံး စိမ်းရွှေနေတာကို တွေ့ရပါလိမ့်မယ်။ 'အေးပေါ့ဗျာ အနောက်နိုင်ငံတွေကတော့ အဲဒီဘူတာကို သွားကြမှာ ပေါ့၊ လက်ဝဲယိမ်းဝါဒီတွေကတော့ ဘယ်သွားချင်ကြလိမ့်မတုန်း'လို့ ပြောလို့ မရနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ခေတ်သစ် ရုရှားနိုင်ငံရဲ့ နာမည်ကိုက Russian Federation ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် အဲဒီဘူတာကို သွားချင်နေပြီလား၊ မသွားချင် သေးဘူးလား။ မသွားခင် ဘာတွေ အရင်လုပ်နေဦးမှာလဲ။ ဒါမှမဟုတ် အကောင်းဆုံး အစီအစဉ်တစ်ခုကို ဖော်ဆောင်ဖို့ ဘယ်လိုစီစဉ်နေသလဲ။ အားလုံး စောင့်ကြည့်ရဦးမှာပါပဲ။
နောက်ပြီး စစ်ဆိုတာ မကောင်းရင် ဘာ့ကြောင့် စစ်ပွဲတွေ ဆင်နွှဲနေကြ တာလဲလို့ မေးစရာရှိပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ စစ်မှုထမ်းဖြစ်သူ ကိုယ့်ဘကြီးပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ 'ဒီလိုအချိန်မျိုးမှာ လူတွေပြောရဆိုရ သိပ်လွယ်တယ်ကွ၊ ဟိုကားဒီကိုလာစမ်း၊ ဒီလှည်း ဟိုဘက် ကိုသွားစမ်းဆိုရင် နှစ်ခွန်းတောင် ပြောစရာမလိုဘူး၊ သိပ်လုပ်လို့ကိုင်လို့ ကောင်းတာပဲ'လို့ ဘကြီးက ကိုယ့်ကို ပြောခဲ့ဖူးတာပါ။
ဒီဘက်က ကိုယ့်ဘကြီးက ဒီလိုအခြေအနေမျိုးကို ဒီပုံဒီနည်းနဲ့ ခံတွင်းတွေ့နေတယ်ဆိုရင် ဟိုဘက် က ဘကြီးတွေအနေနဲ့ အဲဒီလို အခြေအနေမျိုးကို ပိုပြီး သဘောခွေ့မနေနိုင်ကြဘူးလားလို့ တွေးစရာရှိပါတယ်။ သူတို့ဘက်မှာဆို ပိုပြီးပြောလို့ဆိုလို့ လွယ်ရုံသာမက လက်ညှိုးညွှန်ရာမှာတောင် ရေဖြစ်နိုင်သေးတာ မဟုတ်လား။ သူတို့ပြောလာမယ့် စကားအသွားအလာကို အသိဉာဏ်ထက်မြက်တဲ့ ပြည်သူတွေ နည်းနည်းလောက် အကဲခတ်လိုက်ရုံနဲ့ ဒီအယူအဆမှန်တယ် မမှန်ဘူးဆိုတာ သိလာကြမှာပါ။
ကိုယ့်အနေနဲ့ကတော့ ဘယ်ဘက်ကိုမှ အပြစ်မတင်ချင်ပါဘူး။ စစ်ဆိုတာ ကောင်းမယ်ထင်လို့ တရားတယ်ထင်လို့၊နောက်ပြီး ဒီနည်းလမ်းကလွဲပြီး ဒီ့ပြင်ကောင်းတဲ့ နည်းလမ်း ရှိမယ်မထင်လို့ တိုက်ကြတာပါပဲ။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ် စွတ်လုပ်တဲ့ ခေတ်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ လောက် ကတည်းက ကုန်သွားခဲ့ပါပြီ။ ဂျပန်တွေလည်း ဒီလိုပဲစွတ် လုပ်ခဲ့ကြပြီး နောက်ကျမှသာ အကုန် ဒုက္ခရောက်ကုန်ကြရတာပါ။ လူတွေ သန်းချီ သေကုန်ရုံသာမက ကိုယ့်ကလေးတွေကို နောင်တစ်သက်လုံးဆပ်လို့ မကြေနိုင်တဲ့ အကြွေးတွေနဲ့အတူ ထားရစ်ခဲ့ရတာကို သတိရတိုင်း စစ်ထဲဝင်တိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့လူတွေ ဘယ့်ကလောက် အသေမဖြောင့်ကြမလဲ ဆိုတာတွေးလို့တောင် မကြည့်ရဲပါဘူး။
'စစ်ဖြစ်ပြီဆိုတာနဲ့ အရင်ဆုံး သေနတ်မှန်သေတဲ့ သူကတော့ အမှန်တရားပဲ'လို့ ပြောတဲ့လူတွေလည်းရှိပါတယ်။ကိုယ်ကတော့ အဲဒီစကားအကြောင်း မဆွေးနွေးချင်တော့ပါဘူး။ တရားသောစစ်ကို ဆင်နွှဲနေရတာပါ ဆိုတဲ့အဆိုနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှမှတ်ချက် မပြုလိုပါဘူး။ စစ်ဖြစ်ပြီဆိုတာနဲ့ အရင်ဆုံး သေနတ်မှန်သေရမယ့် သူတွေဟာ ဘာမှန်းညာ မှန်းမသိသေးတဲ့ လူမမယ်အရွယ် ကလေးတွေပဲ ဖြစ်ကြတာမို့ အဲဒီကလေး မိဘတွေရဲ့ရင်ထဲမှာ ဘယ်လိုနေရှာကြမလဲဆိုတာကိုပဲ တွေးနေမိတော့တာပါ။
Written by နီမင်းဆွေ |
Wednesday, 16 January 2013 01:08 |
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။