ကျနော် ဒီစာကိုမရေးခင် အရင်ဆုံးဝန်ခံပါ့မယ်။ ဒါကတော့ ကျနော်ဟာ နိုင်ငံရေးသမား မဟုတ်သလို ဘောဂဗေဒ ပညာရှင်လည်း မဟုတ်ပါဘူး။ အခုကျနော်ရေးတဲ့စာက ကျနော့်အတွေး ကျနော်အမြင် သက်သက်နဲ့ရေးထားခြင်းသာဖြစ်ပါတယ်။ မြန်မာပြည်ကိုချစ်တဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ကိုယ်ချစ်တဲ့မြန်မာပြည်ကြီးတိုးတက်တာကို မြင်ချင်တဲ့စိတ်တစ်ခုထဲနဲ့ဒီစာကို
ရေးရခြင်းဖြစ်ပါတယ်။ ဒီအတွက် တစ်စုံတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့တစ်ခုကို ထိခိုက်စေရင် ဒီတွက်အခုထဲက ကျနော်တောင်းပန်လိုက်ပါတယ်။ မြန်မာပြည်ကိုချစ်တဲ့စိတ်နဲ့ မြန်မာပြည် တိုးတက်ရေး အတွက် ရှေးရှုပြီးပြောပြတယ်လို့ပဲ သဘောထားပြီး ခွင့်လွှတ်ပေးပါလို့ ပဲ အရင်ဆုံး ပြောလိုက်ပါ ရစေ။
ပြည်တွင်းစစ်
အရင်ဆုံး ကျနော်ပြောပြချင်တာက ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်အကြောင်းပါ။ ဒီပြည်တွင်းစစ်ကြီးက ကျနော်တို့နိုင်ငံလွတ်လပ်ရေးရတဲ့ 1948 ကစပြီး ခုချိန်ထိဖြစ်ပွားနေတဲ့ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်း
စစ်တစ်ခုလည်းဖြစ်ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကို ကျနော်ဥာဏ်မှီသလောက် သုံးသပ် ကြည့်တော့ မျိုးချစ်စိတ်ဓါတ်ကြောင့်လို့ ပြောချင်ပါတယ်။ မျိုးချစ်စိတ်ရှိတာ ကောင်းတယ်ဆိုပေမယ့် ကျနော်တို့နိုင်ငံလို တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်တဲ့ နိုင်ငံအတွက် ဒီမျိုးချစ်စိတ်ဟာ နိုင်ငံတိုးတက်ရေးအတွက် ကြီးမားတဲ့အဟန့်အတားလို့ ကျနော်မြင်မိပါတယ်။
အဓိကလူမျိုးစုကြီးတွေဖြစ်တဲ့ ကချင် ၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်တို့က လူမျိုးတစ်မျိုးချင်းစီအလိုက် မျိုးချစ်စိတ်များမွေးပြီး ကိုယ့်လူမျိုးမဟုတ်ရင် မကူညီချင်တာ သူများလူမျိုးကို နှိမ်ချဆက်ဆံချင်တာ ဖိနှိပ်ချင်တာ စသည်ဖြင့် အမျိုးမျိုးအထွေထွေ တွေ့နေရပါတယ်။
လူများစုဖြစ်တဲ့ ဗမာလူမျိုးတွေကလည်း လူနည်းစုဖြစ်တဲ့ တစ်ခြားတိုင်းရင်းသားတွေကို ဂရုမစိုက်မကူညီနဲ့ ဖိနှိပ်ချင်တာအစရှိသဖြင့်တွေ့ရသလို လူနည်းစု တိုင်းရင်းသားတွေကလဲ ဗမာလူမျိုးတွေကို လူမျိုးရေးမုန်းတီး စိတ်တွေထားပြီး ဆန့်ကျင်ကြလို့ အခုလိုပြည်တွင်းစစ်တွေ ဖြစ်နေရခြင်းဖြစ်ပါတယ်။ တကယ်တော့ လူတစ်ဦးတစ်ယောက် မကောင်းရုံနဲ့ အဲ့လူမျိုးတစ်ခုလုံးမကောင်းဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ လူမျိုးစုခေါင်းဆောင်တွေအနေနဲ့လဲ အခုချိန်မှာ လူမျိုးရေးခွဲခြားတဲ့အမြင်တွေနဲ့ မဖွံ့ဖြိုးသေးတဲ့ ဒေသက ကိုယ့်လူမျိုးတွေကို ဟောပြောစည်းရုံးတာမျိုးမလုပ်သင့်ကြတော့ပါဘူး။ အဲ့ဒီလူမျိုး တစ်မျိုးချင်းစီကို ချစ်တဲ့ မျိုးချစ်စိတ်ကို ခဏဘေးဖယ်ပြီး မြန်မာပြည်ကြီးကိုချစ်တဲ့ နိုင်ငံချစ်စိတ်ကို ပြောင်းလဲမွေးမြူပြီး နိုင်ငံချစ်စိတ်အကြောင်းကိုတိုင်းရင်းသားလူမျိုးအားလုံးရင်ထဲရောက်အောင် ခေါင်းဆောင်များအနေနဲ့
ဟောပြောစည်းရုံးကြမယ်ဆိုရင် ပိုမကောင်းကြဘူးလားဗျာ။ အခုတော့ ကိုယ့်လူမျိုးသာအကောင်းဆုံး ကိုယ့်လူမျိုးတိုးတက်ရေးအဓိက ဆိုပြီး မြန်မာပြည်ကြီး အစိတ်စိတ်အမွှာမွှာဖြစ်ဖို့ လုပ်ဆောင်နေကြတာ ကိုတွေ့ရတော့ ကျနော့်ရင်ထဲ တော်တော်ထိခိုက်မိပါတယ်ဗျာ။
အနီးစပ်ဆုံးဥပမာပေးပြောရရင် ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အကြောင်းပါ။ အစိုးရအနေနဲ့ကလဲ KIA ကချင်တွေကို သူပုန်တွေ နိုင်ငံတည်ငြိမ်ရေးကိုနှောက်ယှက်နေသူတွေဆိုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ KIA ကလဲ ကချင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လိုင်ဇာကို
မြို့တော်အဖြစ်ထား ပြီး ခုခံကာကွယ်ဖို့လုပ်ဆောင်နေပါတယ်။ အဲ့ဒီနှစ်ဦးနှစ်ဖက် ငါနဲ့မတူငါ့ရန်သူဆိုတဲ့ စိတ်ထားပြီး တိုက်နေကြတဲ့ စစ်ပွဲရဲ့ရလဒ်က တော့ ကချင်ပြည်နယ်မှာရှိနေတဲ့ ကချင်လူမျိုးတွေအပါအ၀င် တိုင်းရင်းသားပြည်သူတွေအားလုံး အတိဒုက္ခရောက်ရတာပဲမဟုတ်ဘူးလားဗျာ။ KIA အနေနဲ့လည်း တစ်ခုစဉ်းစားဖို့ကောင်းတာက သူတို့ပြောသလိုသာ ကချင်နိုင်ငံထူထောင်နိုင်မယ်ပဲထားဦး ရေရှည်ရပ်တည် နိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးတွေးမိကြပါရဲ့လားဗျာ။ ကချင်နိုင်ငံတည်ထောင်ပြီးလို့မှမကြာခင် တရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခုအဖြစ်သက်ဆင်းသွားလိမ့်မယ်ဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ။ ဒါကိုသိရက်နဲ့ ဘာလို့များ KIA ခေါင်းဆောင်တွေက ခေါင်းမာစွာနဲ့ ဒီကချင်နိုင်ငံတည်ထောင်ဖို့ကို ဆက်လက်လုပ်ဆောင်
နေကြတယ်ဆိုတာ သူတို့ပဲသိပါလိမ့်မယ်။
လူမျိုးရေး
နောက်ထပ်ပြောချင်တာက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပြဿနာအရေးအခင်းအကြောင်းပါ။ ကျနော်သိရ
သလောက်က ရခိုင်လူမျိုးတွေက လူမျိုးရေး စိတ် မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့လူမျိုးတွေပါ။ ဒီအချက်ကပဲ အခုသူတို့ကို ဒီအခြေအနေအထိ ရောက်စေခဲ့တာပါ။
အခုအခြေအနေအရ ကမ္ဘာပေါ်မှာ ဘယ်နေရာနေနေ ဘာလူမျိုးဖြစ်ဖြစ် အရေးစိုက်မပြောပါဘူး ဘယ်နိုင်ငံသားဆိုတာကိုပဲ အရေးထားပြောကြပါတယ်။ အခုအချိန်မှာ ရခိုင်လူမျိုးတွေကလဲ မြန်မာနိုင်ငံသားတွေပါပဲ။ ဒီတော့ ရခိုင်လူမျိုးများအနေနဲ့ကလဲ တစ်ဆိတ်ရှိ ရခိုင်နိုင်ငံတော်ဆိုတဲ့ မရှိတော့တဲ့ အတိတ်ကအကြောင်းတွေထဲမှာပဲ အချိန်ကုန်ကာ သာယာမနေစေချင်တော့ပါဘူး။ လက်ရှိ မြန်မာနိုင်ငံတော်ကြီးကိုပဲ တိုးတက်စည်ပင်ဝပြောအောင် စဉ်းစားလုပ်ဆောင် သင့်တဲ့ အချိန်ရောက်နေပါပြီ။ ရခိုင်လူမျိုးတွေအနေနဲ့လဲ ကချင်လူမျိုးများလို ပါပဲ။ နည်းနည်းလောက် ပကတိအခြေအနေကို စဉ်းစားတွေးတောကြည့်ကြပါ။ ယနေ့ ရခိုင်နိုင်ငံတော်ကြီး ထူထောင်နိုင် ခွဲထွက်နိုင်ခဲ့ရင် မနက်ဖြန်မှာ ဘင်္ဂလားဒေရှ်ရဲ့ ပြည်နယ်အသစ်တစ်ခု ဖြစ်သွားနိုင်တယ်ဆိုတာကို နည်းနည်းလောက်သတိချပ်စေချင်ပါတယ်။ ဒီတော့ ခေါင်းဆောင်လုပ်သူများအနေနဲ့ ခွဲရေးကို ဦးတည်မစဉ်းစားပဲ ဘယ်လိုညီညွတ်စွာနဲ့ အတူယှဉ်တွဲ လုပ်ဆောင်ကြမလဲဆိုတာ စဉ်းစားပေးစေချင်ပါတယ်။

အတူတွဲ လုပ်ဆောင်တယ်ဆိုတဲ့နေရာမှာ အဓိကအားဖြင့်ယုံကြည်စိတ်ချရမှုနဲ့ ပွင့်လင်းမြင်သာရှိမှုက အရေးကြီးပါတယ်။ ယုံကြည်မှုမရှိပဲ အတူတွဲအလုပ်လုပ်လို့မရသလို ပွင့်လင်းမြင်သာမှုမရှိပဲနဲ့လဲ ယုံကြည်စိတ်ချရမှု ပျက်ပျယ်နိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဗမာနဲ့တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ အရင်ဆုံးတစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုရအောင်အရင်တည်ဆောက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မြန်မာနိုင်ငံကြီး ပြန်လည်ဦးမော့လာစေဖို့ ကြိုးစားလုပ်အောင်ကြနိုင်ဖို့ တိုက်တွန်းနှိုးဆော် ရေးသားလိုက်ပါတယ်ခင်ဗျာ။
ဆက်လက်ရေးသားပါဦးမည်။
မေမြို့သားလေး
မေမြို့သားလေး
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။