ခေတ်မီနိုင်ငံသားများအဖြစ် မြှင့်တင်ခြင်း
ခေတ်မီခြင်းဆိုသော စကားကို မြန်မာလူ့အဖွဲ့အစည်း တွင် ခေတ်အဆက်ဆက်
ပြောဆိုသုံးနှုန်း ခဲ့ကြသည်။ အများစု ကမူ ခေတ်နှင့်အညီ
နေထိုင်စားသောက်နိုင်ခြင်း၊ နိုင်ငံတကာသို့ ခြေဆန့်ဖူးခြင်း၊ နောက်ဆုံးပေါ်
အသုံးအဆောင်ပစ္စည်းများနှင့် ယဉ်ပါးခြင်း စသည့် ဗဟိဒ္ဓပိုင်း
ဆိုင်ရာများကိုသာ ခေတ်မီခြင်းဟု ထင်မှတ် ထားကြသည်။
နှစ်ပေါင်းများစွာ တံခါးပိတ်ဝါဒဖြင့် ဧကစာ ကျင့်သုံးလာခဲ့သည့်
နိုင်ငံတို့တွင် ခေတ်မီခြင်းကို အထက်ပါအတိုင်း ဖွင့်ဆိုနားလည် ထားတတ်ကြသည်က
များပါသည်။ မြန်မာနိုင်ငံတွင် ကုန်ခဲ့သော နှစ် ၅၀ ခန့်အတွင်း ခေတ်မီသူများ
ကိုကြည့်လျှင် အာဏာရှိသူနှင့် ၄င်းတို့နှင့် နီးစပ်အလွန်းသင့်သူ
အခွင့်ထူးခံ လူနည်းစုလောက်သာ အထက်ဆိုခဲ့ပါ ခေတ်မီသူများ အဖြစ် မြင်ခဲ့ရသည်။
နိုင်ငံသားအားလုံးနီးပါး သမဝါယမဆိုင် များတွင် မီးခြစ်တစ်ဘူး၊
ဖယောင်းတိုင် တစ်ထုပ်ရရန် လျှောက်လွှာအဆင့်ဆင့် တင်ပြီး စီတန်းရပ်စောင့်ကာ
အသုံးမလိုသော ခုံဖိနပ်တစ်ရန်နှင့် တွဲယူနေချိန်တွင် လူနည်းစု
အခွင့်ထူးခံများမှာ ပဒုမ္မာ အရောင်းဆိုင်များမှ အကောင်းဆုံး အရည်အသွေးရှိ
လူသုံးကုန်များ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင် ခဲ့ကြသည်။ ထိုသို့သော
အခြေအနေမျိုးတွင် အာဏာရှိသူများ၊ ငွေကြေးတတ်နိုင်၊ သုံးနိုင်သူများသာ
ခေတ်မီနိုင်ကြသည်ဟု ထင်မှတ်ထား ခဲ့ကြသည်။
ယနေ့အချိန်တွင်လည်း
ထိုကာလနှင့် ထူးမခြားနား ရှိနေဆဲ ဖြစ်ပါသည်။ နောက်ဆုံးပေါ် လက်ပ်တော့ပ်၊
နောက်ဆုံးပေါ် မိုဘိုင်းလ်ဖုန်း Handset ၊ နောက်ဆုံးပေါ်ကား၊ နောက်ဆုံးပေါ်
ဖက်ရှင်ပစ္စည်းများ သုံးစွဲနိုင်ခြင်း၊ မိန်းကလေး များ စကတ် တိုသည်ထက်တိုတို
ဝတ်ခြင်း၊ ယောက်ျားလေးများ တင်ပါး တစ်ခြမ်း ပေါ်၊ ချက်ဖြုတ်၊
ကိုယ်ကျပ်ဘောင်းဘီဝတ်ခြင်း၊ နားကပ်ဝတ်ခြင်း၊ နိုက်ကလပ် တက်ခြင်း၊
သမီးရည်းစားစုံတွဲများ လူမြင်ကွင်းတွင် အမြင်မတော် နေထိုင်ခြင်းတို့ကို
ခေတ်မီခြင်းဟု အဓိပ္ပာယ်ဖွင့်သူ များနေဆဲဖြစ်ပါသည်။ ပိုဆိုးသည်မှာ စည်းကမ်း
ချိုးဖောက်ခြင်း၊ အာဏာပြခြင်း၊ အခွင့်ထူးခံခြင်း၊ အနိုင်ကျင့်ခြင်း၊
အနိုင်ယူခြင်း၊ လာဘ်စားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊
ကြီးနိုင်ငယ်ညှဉ်းပြုခြင်း၊ လူလည်ကျခြင်း၊ တစ်ပါးသူအပေါ်
အထင်သေးစိတ်ရှိခြင်း တို့ကဲ့သို့ တလွဲဆံပင် ကောင်းခြင်းမျိုးကို
ခေတ်မီသည်ဟု ထင်မှတ်မှားနေကြခြင်း ဖြစ်သည်။
ပွင့်လင်းလွတ်လပ်သော
လူ့အဖွဲ့အစည်း တို့တွင်မူ ခေတ်မီခြင်း ဆိုသည်ကို မြေကမ္ဘာရှည်ကြာစွာ
တည်တံ့စေခြင်းငှာ သဘာဝပတ်ဝန်းကျင်ကို လေးလေးစားစား
တန်ဖိုးထားထိန်းသိမ်းခြင်း၊ မိမိကြောင့် တစ်ပါးသူ အနှောင့်အယှက်
မဖြစ်စေခြင်း၊ လိုအပ်၍ အများအတွက် သတ်မှတ်ထားသည့် စည်းကမ်းများကို
လိုက်နာခြင်း၊ မိမိနေ့စဉ် စားသောက်သုံးစွဲသမျှ ကာဗွန်အထွက် နည်းနိုင်သမျှ
နည်းစေခြင်း၊ တစ်ပါးသူများ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊
ဓလေ့ထုံးတမ်းများကို လေးစားခြင်း၊ အဖိုးတန်ရေကို မဖြုန်းတီးခြင်း၊ အပေါ်ယံ
ရွှေမှုန်ကြဲထက် အတွင်းအနှစ်သာရကို တန်ဖိုးထားတတ်ခြင်း၊ လူကို လူလိုကြည့်၊
မြင်၊ ဆက်ဆံခြင်း၊ မတူကွဲပြားမှုများကို လက်ခံနားလည်ပေးခြင်း စသည့်
ယဉ်ကျေးသော လူ့အဖွဲ့အစည်းတို့၏ ယဉ်ကျေးသော အပြုအမူ၊ စိတ်ထား၊ ခံယူချက်များ
လက်တွေ့ကျင့်သုံး လိုက်နာခြင်းကို ဆိုလိုသည်။
စနစ်ဆိုးများကြောင့်
အစစအရာရာ ခေတ်နောက်ကျခဲ့သော မြန်မာနိုင်ငံ သည်လည်း ခေတ်မီမှုအပေါ်တွင်
အဓိပ္ပာယ်ကောက် လွဲနေသည်များ နေရာတိုင်းတွင် တွေ့နေရသည်။ အကြောင်း၊
အကျိုးသဘောအရ ပြည်သူ့နီတိနှင့် လောကနီတိကို ပညာရေးတွင် ထည့်သွင်းသင်ကြားမှု
မရှိခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံသားအများစု၏ “စံ” များ
လွဲချော်နေခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်
တည်ဆောက်နေသည် ဆိုလျှင် ထိုလူ့ဘောင် အဖွဲ့အစည်းနှင့် လျော်ညီသော ခံယူချက်၊
စိတ်ထား၊ စိတ်ကူး၊ အကြံအစည်၊ အပြုအမူ၊ အပြောအဆိုများနှင့်
အသိပညာရေချိန်တို့ မြှင့်တင် ထားရမည်ဖြစ်သည်။ တစ်နည်းအား ဖြင့်ဆိုရပါက
တာဝန်သိသော၊ တာဝန်ယူသော၊ တာဝန်ခံသော နိုင်ငံကြီးသားများအဖြစ်
မိမိကိုယ်ကိုယ် အစွမ်းကုန်မြှင့်တင် တည်ဆောက်ထားရမည်ဖြစ်ကြောင်း
မီးမောင်းထိုး ဖော်ပြလိုသည်။
Credit to>>> The Voice
(မေလ ၄ရက်နေ့ ဖြန့်ချိသည့် The Voice Weekly Vol-9, No-17 တွင် ဖော်ပြပါရှိသော Editorial)
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။