ယခင်တစ်ပတ်မှ အဆက်
(၄) ဒီဇင်ဘာလ ၂၈ ရက်နေ့။ နံနက် ၇ နာရီခန့်အချိန်မှာ
မြစ်ကြီးနား-ကန်ပိုက်တီးလမ်းက တစ်ဆင့် တရုတ်နိုင်ငံကို ဖြတ်ပြီး လိုင်ဇာ
သွားဖို့ ခရီးစတင်ခဲ့ပါတယ်။ မိုင် ၇၀ ခန့်မျှသာ ဝေးတဲ့
မြစ်ကြီးနား-ဗန်းမော်လမ်းက လိုင်ဇာကို သွားရင် အချိန် ၂ နာရီ ကျော်လောက်ပဲ
ကြာမြင့်မှာပါ။ ဒါပေမဲ့ တိုက်ပွဲတွေဖြစ်ချိန်ကစပြီး အဲဒီလမ်းပိုင်းကို
အသုံးပြုခွင့် မရတော့ပါဘူး။ ဒီအတွက်ကြောင့် မနက် ၇ နာရီအချိန်က သွားရင် ည
၁၀နာရီ ၀န်းကျင် (တရုတ်နိုင်ငံစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀) လောက်မှ
လိုင်ဇာ(တရုတ်ဘက်ခြမ်း)ကို ရောက်နိုင်မယ့် မြစ်ကြီးနား- ကန်ပိုက်တီး -
ထိန်းချုံး - ယင်ကျန်း -လိုင်ဇာ လမ်းကို အသုံးပြုရပါတော့တယ်။
လဂျားယန်၊ ပန်ဝါ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး သိရဖို့
မြစ်ကြီးနားကို သွားခြင်းဟာ ဦးစားပေးအစီအစဉ် ဖြစ်ပါတယ်။ မြစ်ကြီး နားကို
ရောက်လို့ သုံးရက်တိုင်ချိန်အထိ စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊
ကချင်ပြည်နယ်အစိုးရဆီက တစ်စုံတစ်ရာ သိရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ
ေ၀၀ါးခဲ့ပါပြီ။ ဒီအချိန်မှာပဲ ဦးစားပေး အစီအစဉ် မဖြစ်ခဲ့သော် ဒုတိယ
အစီအစဉ်အဖြစ် စဉ်းစားထားတဲ့ လိုင်ဇာကို သွားဖို့
အကြောင်းဖန်လာခဲ့ခြင်းပါပဲ။ လိုင်ဇာကို သွားဖို့က ဦးစားပေး အစီအစဉ်ဆိုရင်
မြစ်ကြီးနား-ကန်ပိုက်တီးလမ်းကို အသုံးပြု မှာ မဟုတ်ပါဘူး။ ရန်ကုန် - မန္တလေး
- မူဆယ် - ရွှေလီ - လိုင်ဇာ လမ်းကို အသုံးပြုမှာဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ
သွားရ လွယ်ကူသလို အန္တရာယ်လည်း မရှိနိုင်ပါဘူး။
မြစ်ကြီးနား - ကန်ပိုက်တီး - ထိန်ချုံး - ယင်ကျန်း - လိုင်ဇာ လမ်းကို
အန္တရာယ်များတယ်လို့ ဆိုကြပါတယ်။ နယ်မြေမငြိမ်သက်မှုက အန္တရာယ် တွေကို
ဖိတ်ခေါ်ထားခဲ့တာဖြစ်ပါတယ်။ မြစ်ကြီးနား - ကန်ပိုက်တီးလမ်းပိုင်းရဲ့
နေရာအများစုကို တပ်မတော်က ထိန်းချုပ် ထားခဲ့ပြီ ဆို ပေမယ့် ငြိမ်းချမ်းမှု
အလုံးစုံ ရှိတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒီလမ်းပိုင်းတစ်လျှောက်မှာ
တပ်မတော်၊ NDA-K နယ်ခြား စောင့်တပ် ၁၀၀၃၊ KIA အစရှိတဲ့တပ်တွေ နေရာယူထားမှု
ရောထွေးနေပါတယ်။ ဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာသူတွေဟာ တပ်မတော်
စခန်းတွေရဲ့ စစ်ဆေးမှုကို ခံမှာဖြစ်ပြီး နယ်ခြားစောင့်တပ်- ၁၀၀၃ ရဲ့
စစ်ဆေးမှုတွေကိုလည်း ခံရမှာဖြစ်ပါတယ်။ KIA ဘက်က တိုက်ခိုက်မှုကို
ကြုံရနိုင်သလို မိုင်းထိနိုင်တဲ့ အန္တရယ်လည်း ရှိခဲ့ပါတယ်။ ဒီလမ်းပိုင်းမှာ
အန္တရာယ် တစ်စုံတစ်ရာ ကျရောက် ခဲ့မယ် ဆိုရင် လက်သည်ပေါ်မယ့်
အနေအထားမရှိပါဘူး။ ကျွန်တော်တို ရွေးချယ်ခဲ့တဲ့ ယာဉ်မောင်းသမားက
စစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေနဲ့ ရင်းနှီးပုံ ပေါ်ပါတယ်။ တပ်မတော်ရဲ့ စစ်ဆေး
ရေးဂိတ်တွေကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ တပ်မတော်ရဲ့
စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းချိန်မှာ ငွေကျပ် တစ်ထောင် တန်
နှစ်ရွက်သုံးရွက်ကို ဂိတ်ဖြတ်သန်းခ အဖြစ် ထားရှိခဲ့ရတာတွေရှိပါတယ်။
နယ်ခြားစောင့်တပ်တွေရဲ့ ဂိတ်ကို ဖြတ်သန်းချိန်မှာတော့ ငွေကျပ် ငါးထောင်တန်
နှစ်ရွက်ကို ဖြတ်သန်းခအဖြစ် ထားခဲ့ရတာတွေ ရှိပါတယ်။
နယ်ခြားစောင့်တပ် ၁၀၀၃ ရဲ့ ဂိတ်တွေကို ဖြတ်သန်းချိန်မှာတော့
မှတ်ပုံတင်ပြရတာ၊ ခရီးဆောင်အိတ်ကို ဖွင့်ပြရတာတွေ ရှိလာခဲ့ပါ တယ်။ ဒီလို
စစ်ဆေး ချိန်မှာ ကင်မရာဟာ ပြဿနာတစ်ခု ဖြစ်လာ ပါတယ်။ ကင်မရာတွေက
ဘာလုပ်ဖို့လဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ အစပိုင်းဂိတ်တွေမှာ ဆွံ့အ
ခဲ့ရတာမျိုး ရှိပါတယ်။ နောက် ဂိတ်တွေကို ဖြတ်ချိန်မှာတော့ အဖြေရလာပါတယ်။
အပျော်တမ်းဓာတ်ပုံ ရိုက်သူတွေပါလို့ ပြန်ဖြေခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ
ကင်မရာကို ကားအပြင် ထုတ်ရိုက်ဖို့ အခြေအနေ မပေးခဲ့ပါဘူး။ ဒီအချိန်မှာ
လက်ကိုင်ဖုန်း ကင်မရာက အသုံးတည့်ခဲ့ပါတယ်။ လမ်းတစ်လျှောက် တောင်တန်းတွေရဲ့
အမြင့် ပိုင်းမှာ လှမ်းမြင်နေရတဲ့ ဘိန်းခင်း တစ်ချို့က ကျွန်တော်တို့ကို
ပြက်ရယ်ပြုနေခဲ့ပါတယ်။ ကျွန်တော်တိုရဲ့ ယာဉ်မောင်းသမားလည်း
လမ်းတစ်လျှောက်မှာ ရှိနေတဲ့ ရွာငယ် တွေဆီဝင်ပြီး ကားကို ရေဖြည့်၊
ဆီဖြည့်လုပ်တတ်သလို သူ့အတွက်လည်း "အငွေ့" ဖြည့်တာမျိုး ၀င်လုပ်လေ့ရှိပါတယ်။
(၅)
မြစ်ကြီးနား-ကန်ပိုက်တီးလမ်းပိုင်း ခရီးတစ်ဝက်ကျိုးချိန်။ ချစ်ကြည်ရေး
တံတား(လန်န) ဆဒုံးရေတံခွန်းတံတားကို ရောက်ချိန်မှာတော့ စစ်ရဲ့
အနိဌာရုံတစ်ခု ကို မြင်တွေ့ရပါပြီ။ ဆဒုံးရေတံခွန်တံတား
ကျိုးပျက်နေခြင်းပါပဲ။ ဆဒုံးတံတားကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ KIA က
ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ တံတားကျိုးပျက်ပြီးစ အချိန်မှာတော့ ပုခက်လွှဲ
ကြိမ်ခြင်း ကြိုးတံတား တပ်ဆင်ပြီး အသုံးပြုခဲ့ကြ ပါတယ်။
သိပ်မကြာလိုက်ပါဘူး။ ပုခက်လွှဲ ကြိမ်ခြင်း ကြိုးတံတားပျက်ကျသွားလို့
လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။
ဆဒုံးတံတားဟာ မြစ်ကြီးနား-ကန်ပိုက်တီးလမ်းမှာ အရေးပါတဲ့
တံတားတစ်စင်းဖြစ်ပါတယ်။ တံတားကျိုးပျက်သွားတဲ့အတွက် ကန်ပိုက် တီးကနေ
ကုန်စည် ဒါမဟုတ် ခရီးသည်တင်ပြီး ဆင်းလာတဲ့ကားတွေဟာ မြစ်ကြီးနားဘက်ကို
ဆက်မသွားနိုင်တော့ပါဘူး။ တံတားရဲ့ တစ်ဖက်ခြမ်း မြစ်ကြီးနားက တက်လာတဲ့
ကားတွေဆီကို ပစ္စည်းပြောင်းတင်၊ ခရီးသည် ပြောင်းတင်ပြီး ခရီးဆက်ရပါတယ်။
မြစ်ကြီးနား ဘက်က တက်လာတဲ့ ကားတွေကလည်း ဆဒုံးတံတားကို ရောက်ရှိ
ကန်ပိုက်တီးဘက် ဆက်မတက်နိုင်တော့ဘဲ တစ်ဖက်ခြမ်းက ဆင်းလားတဲ့ ကားတွေဆီ
ပြန်လွှဲပြောင်းရပါတယ်။ ဆောင်းတွင်းကာလ ရေကျချိန်ဖြစ်နေတော့ ပျက်စီး သွားတဲ့
တံတားအခြေနားမှာ ယာယီ သစ်လုံးတံတားတစ်စင်း လုပ်ထား ပါတယ်။ ယာဉ်ငယ်တွေက
ဒီတံတားကနေ ဖြတ်သွားလို့ရပါတယ်။ ဒီတံတားက မိုးတွင်းချိန်မှာ ဘယ် လိုမှ
အလုပ်ဖြစ်နိုင်တော့ မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုက်ပါလာတဲ့ကားက
သစ်လုံးတံတားကို ကျော်ပြီး ကန်ပိုက်တီး ဘက်ကို ခရီး ဆက်ပါတယ်။
အခုချိန်မှာတော့ KIA က ဖျက်ဆီးခဲ့လို့ ကျိုးပျက်သွားတဲ့ ဆဒုံးတံတားကို
တရုတ်အင်ဂျင်နီယာတွေက ပြန်ပြီး ပြင်ဆင်နေတာ တွေ့ခဲ့ရ ပါတယ်။ ဘယ်အချိန်မှာ
ပြီးမလဲဆိုတာ မသိရသေးပါဘူး။ အစိုးရတပ်ဖွဲ့ဝင်တစ်ချို့နဲ့ NDA-K
နယ်ခြားစောင့်တပ်တွေက တံတား တ၀ိုက် လုံခြုံရေးကို တာဝန်ယူထားပါတယ်။
၂၀၁၂ခုနှစ် သြဂုတ်လမတိုင်မီ အချိန်အထိ ဆဒုံးအလွန် မြစ်ကြီးနား-ကန်ပိုက်တီး
လမ်းပိုင်းကို KIA တပ်တွေက ထိန်းချုပ်ထားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ
အစိုးရတပ်တွေ ၀င်လာချိန်မှာတော့ ဆဒုံးတံတားကို KIA က မိုင်းခွဲ
ချိုးဖျက်လိုက်ပါတယ်။ နောက်ပြီး ဧပြီလထဲမှာပဲ ဆဒုံးမြို့နယ်ခွဲ
အုပ်ချုပ်ရေးမှူးနဲ့ ၀န်ထမ်းအချို့ကို သတ်ဖြတ်ခဲ့ပါတယ်။ ဆဒုံးရေ တံခွန်
တံတားကို ဘာကြောင့် ဖျက်ဆီးခဲ့တာပါလဲ။ ဆဒုံးမြို့နယ်ခွဲ
အုပ်ချုပ်ရေးမှူးနဲ့ ၀န်ထမ်းအချို့ကို ဘာကြောင့် သတ်ဖြတ်ခဲ့သလဲ။
KIA ဟာ လမ်းတံတားတွေကို ဖျက်ဆီးခဲ့တယ်၊ ရထားသံလမ်းတွေကို
မိုင်းခွဲခဲ့တယ်။ အများပြည်သူရဲ့ သွားရေးလာရေးအပါအ၀င်
ကုန်စည်စီဆင်းမှုတွေကိုပါ ခက်ခဲစေခဲ့တယ်။ ဒါတွေဟာ မှန်ကန်တဲ့ အခြေအနေတွေ
ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း ကချင်ပြည်နယ်မှာ ရှိနေတဲ့
ရထားသံလမ်းတွေကို KIA က ဖောက်ခွဲဖျက်ဆီးခဲ့တာ ၆၉ ကြိမ် ရှိခဲ့ပါတယ်။ ၂၀၁၀
ခုနှစ်မှာ ရှစ်ကြိမ်၊ ၂၀၁၁ ခုနှစ် မှာ ၃၈ ကြိမ်၊ ၂၀၁၂ ခုနှစ်မှာ ၂၃
ကြိမ်ရှိခဲ့ပါတယ်။ မိုင်းခွဲမှုကြောင့် တံတားအရေအတွက် စုစုပေါင်း ၇၇ စင်း
ပျက်စီးခဲ့ပြီး တန်းဖိုငွေ ကျပ် သန်းပေါင်း ၃၀၀၀ ကျော်ဆုံးရှုံးမှု
ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုဖျက်ဆီးမှုတွေ လုပ်ခဲ့သလဲ။ KIO နဲ့တွေ့တဲ့အခါ
မေး ရမယ့် မေးခွန်းတွေဖြစ်ပါတယ်။
KIA ရဲ့ စစ်ဗျူဟာမှာ ပြောက်ကျားစနစ်က အရေးပါသလားဆိုတဲ့ မေးခွန်းတစ်ခုကို
တပ်မတော်အရာရှိတစ်ဦးက ပြန်ဖြေခဲ့ဖူးပါတယ်။ ပြောက်ကျားစနစ်ကို အမှန်တကယ်
ကျွမ်းကျင်သူဟာ KNU လို့ သူက ဆိုပါတယ်။ KIA ဟာ မိုင်းခွဲခြင်းနဲ့
လက်ဖြောင့် သေနတ် သမား တွေကို အဓိက အသုံးပြုတယ်လို့ ဆိုပါတယ်။ KIA ရဲ့
စစ်ဗျူဟာမှာ အရေးပါမှုတစ်ခုဖြစ်တဲ့ မိုင်းခွဲခြင်းကို အများပြည်သူနဲ့
သက်ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုခဲ့မယ်ဆိုရင် ဒီလို အသုံးပြုမှုကို
ပြည်သူတွေက လက်ခံမှာ မဟုတ်ပါဘူး။
(၆)
ဆဒုံးကို ကျော်လွန်ပြီး လုကျီကို ရောက်ချိန်မှာ နယ်ခြားစောင့်တပ် ၁၀၀၃
စခန်းခွဲတစ်ခုက လမ်းဖြတ်သန်းခွင့် တားမြစ်တာကို ကြုံတွေ့ခဲ့ ပါတယ်။ ရှေ့မှာ
တိုက်ပွဲ ဖြစ်နေသလား၊ မိုင်းကွဲ သလား၊ စစ်ကြောင်းချီသလား။
လမ်းဖြတ်သန်းခွင့်ကို ဘာကြောင့် ပိတ်သလဲဆိုတာကို သေသေချာချာ မသိခဲ့ရပါဘူး။
လမ်းဖြတ်သန်းခွင့် ပိတ်ထားတုန်းမှာပဲ ခရီးသွားလာသူတွေကို စစ်ဆေးမှုတွေ
လုပ်ပါတယ်။ အမျိုးသမီးတွေကို ပိုပြီး စစ်ဆေးတာ တွေ့ရပါတယ်။ ကချင်သံနဲ့
ကျောက်စိမ်းပါသလားဆိုတဲ့ မေးခွန်းမေးတာတွေ ရှိခဲ့ပါတယ်။ ရန်ကုန်မှတ်ပုံ
တင်ကိုင် ဆောင်ထားတဲ့ ကျွန်တော်တို့ကို အလေးအနက်ထားပြီး စစ်ဆေးတာ
မရှိခဲ့ပါဘူး။ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ နယ်ခြား စောင့်တပ်သားတွေဟာ
ပိတ်ထားတဲ့လမ်းရဲ့ တစ်ဖက်ကို မကြာခဏ မျှော်ကြည့်နေပါတယ်။ ကျွန်တော်တို့
ရောက်ပြီး ၁၅ မိနစ်လောက် ကြာချိန်မှာ လမ်းကို ပြန်ဖွင့်ပေး လိုက်ပါတယ်။
ဘာဖြစ်မှန်း ရေရေရာရာ မသိခဲ့ရတဲ့ လုကျီဂိတ်ကို အေးအေးဆေးဆေးပဲ
ဖြတ်သန်းခဲ့ကြပါတယ်။ လုကျီဂိတ်ကို ကျော်လွန်ပြီး သိပ်မကြာခင်မှာပဲ
စင်ကြိုင်ကို ရောက်ပါတယ်။ မြစ်ကြီးနား-ကန်ပိုက်တီး ကား လမ်းနံဘေး
တောင်စောင်းမှာရှိနေတဲ့ စင်ကြိုင် ဒုက္ခသည်စခန်းဟာ ကန်ပိုက်တီးဘက်က
ပြေးလာတဲ့ ဒုက္ခသည်တွေကို နေရာချ ပေးထားတာပါ။ အိမ်ထောင်စု ၄၅၀ ကျော်၊
လူဦးရေ ၁၀၀၀ နီးပါးလောက်ရှိ နေတဲ့ စင်ကြိုင် စစ်ဘေး ဒုက္ခသည်စခန်းဟာ NDA-K
ရဲ့ နယ်မြေထဲမှာ ရှိပါတယ်။ ရိက္ခာ၊ အ၀တ်အထည်၊ ကျန်း မာရေး
စောင့်ရှောက်မှုတွေအတွက် လိုအပ်ချက်တွေရှိနေတဲ့ ဒုက္ခသည် စခန်းတစ်ခု
ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့။ မွန်းတည့်ချိန်မှာတော့ ကန်ပိုက်တီး နယ်စပ်စခန်းကို
ရောက်ပါပြီ။ ကုန်းမြင့်ပေါ်မှာရှိနေတဲ့ ကန်ပိုက်တီး နယ်စပ်စခန်းဟာ မူဆယ်လို
စည်ကားခြင်း မရှိပါဘူး။ အအေးဓာတ်က သုညအောက် မရောက်ပေမဲ့ သုညမှတ်နား
နီးနေတဲ့ အနေ အထားပါ။ မြစ်ကြီးနား-ကန်ပိုက်တီးလမ်းဟာ တရုတ်- မြန်မာ
နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဖောက်လုပ်ထားတာပါ။ ဗျူဟာအရ ဖောက်ထားတဲ့
လမ်းကြောင်း တစ်ခုဖြစ်လို့ ကုန်စည်စီဆင်းမှုအတွက် အဓိက ဖြစ်စေတဲ့
ထွက်ပေါက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ငြိမ်းချမ်း ရေးကာလမှာ မြစ်ကြီးနား-
လိုင်ဇာလမ်းကို အများဆုံး အသုံးပြုကြတာ ဖြစ်တဲ့အတွက် ကန်ပိုက်တီးလမ်းကို
ရွေးချယ် အသုံးပြုသူ နည်းခဲ့ပါတယ်။ တိုက်ပွဲဖြစ်မှုတွေကြောင့်
မြစ်ကြီးနား-လိုင်ဇာလမ်းကို သုံးလို့ မရချိန်မှာ ကန်ပိုက်တီးလမ်းကို
ကုန်သည်တွေ ပြန်လည် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ကန်ပိုက်တီးကို
ရောက်ရှိခဲ့ခြင်းဟာ လိုင်ဇာကို သွားမယ့် ခရီးတ၀က်ကို ရောက်ရှိစေခဲ့တာ
ဖြစ်ပါတယ်။ ကျန်တဲ့ခရီးကိုတော့ တရုတ်နိုင်ငံ ဘက်က ပြေးဆွဲတဲ့လိုင်းကားကို
အသုံးပြုပြီး ခရီးဆက်ရမှာ ဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ခွင့်အတွက်
မြန်မာ-တရုတ်နယ်စပ် သွားလာ ခွင့်လက်မှတ်ကို မြန်မာနိုင်ငံဘက်က
လူဝင်မှုကြီးကြပ်ရေးဌာနမှာ ပြုလုပ်ရပါတယ်။ တစ်နှစ်သက်တမ်းရှိတဲ့
စာအုပ်အနီအတွက် ဓာတ်ပုံ နှစ်ပုံပေးပြီး အချိန်ခေတ္တစောင့်ရုံမျှနဲ့
ရရှိခဲ့ပါတယ်။ စာအုပ်မှာတော့ အလုပ်အကိုင် "အရောင်းအ၀ယ်"
ထိန်ချုံး-ရွှေလီ-ကန်ပိုက်တီး "အလည်"လို့ ရေးသွင်းခဲ့ပါတယ်။
အင်္ဂလိပ်စကား တစ်လုံးမှ နားမလည်တဲ့ တရုတ်ယာဉ်မောင်း၊ တရုတ်နိုင်ငံသားတွေ
လိုက်ပါလာတဲ့ တရုတ်လိုင်းကားကို စီးပြီး တရုတ် နိုင်ငံထဲကို
ရှေ့ခရီးဆက်ရမှာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ စစ်ဆေးရေးဂိတ်၊ NDA-K
နယ်ခြားစောင့်တပ် ၁၀၀၃၊ KIA တပ်တွေရဲ့ တိုက် ခိုက်မှု၊ KIA
လက်ဖြောင့်သေနတ်သမား တွေနဲ့ မိုင်းအန္တရာယ် စတာတွေကို
ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဒီဇင်ဘာ ၂၀ရက် နောက်ပိုင်း ကချင်ပြည်နယ်မှာ
ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲ အရှိန်တွေဟာ လျော့ကျ မသွား သေးပါဘူး။ အစိုးရ
ဂျက်တိုက်လေယာဉ်တွေ လိုင်ဇာမြို့ ပေါ် ၀ဲပျံပြီး လဂျားယန်ဘက်ကို
ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်။ လိုင်ဇာကို သိမ်းတော့ မယ်ဆိုတဲ့ သတင်းတွေကို
ကန်ပိုက်တီးကို ရောက်ချိန်မှာ တရုတ်နိုင်ငံဘက် ခြေချချိန်မှာ
ကြားလိုက်ရပါပြီ။ တရုတ်နိုင်ငံဘက်ဝင်ပြီး လိုက်ဇာကို ရောက်ဖို့အတွက်
မလွဲမသွေ ဖြတ်သန်းရမယ့် မှောင်ခိုလမ်းပိုင်းဆီကို ဦးတည်လိုက်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Written by နေထွန်းနိုင်
|
Sunday, 13 January 2013 11:27 |
Credited to Eleven Media Group News |
No comments:
Post a Comment
ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။