Sunday, 13 January 2013

လက်ပံတောင်းနှင့် လယ်တီသာသနာဝင်

thn-7-1-10

၁။ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်မှာ အစဉ်အလာ ဆိုရိုးစကားတစ်ခွန်းရှိတယ်။ ဘာလဲဆိုတော့ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ ကန်တော့ ဆိုတဲ့စကားပဲ။ အခုလည်း ဘုန်းကြီးသံဃာတွေကို မီးလောင်ဗုံးနဲ့ ပစ်တဲ့လူက ပစ်ပြီးပြီ၊ တောင်း ပန်တဲ့သူကလည်း ကန်တော့ ကန်တော့ပါ အရှင်ဘုရားလို့ တောင်းပန်ပြီးပြီ။ ကိစ္စကပြီးသွားပြီလား။ ဆက်စရာတွေ ကျန်နေပါတယ်။ တခြားကိစ္စတွေကို ပြောမယ့်ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ပြောကြပါလိမ့်မယ်။ ကျွန်တော် အဓိက ပြောချင်တာက လက်ပံတောင်းမှာရှိတဲ့ လယ်တီသာသနာ အမွေအနှစ်တွေအကြောင်း ဖြစ်ပါတယ်။

၂။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးနဲ့ ပတ်သက်လို့ ၀ိတ္ထာရချဲ့ရင် ကျွန်တော်ပဲ အလွန်ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ဆရာတော်ကြီးရဲ့ ဂုဏ်အချို့ကို တင်ပြ ကြည်ညိုခဲ့ပါရစေ။
    ဆရာတော်ကြီးဟာ ပထမဆုံးသော အဂ္ဂမဟာပဏ္ဍိတဘွဲ့ရခဲ့တယ်။ ပထမဆုံးသော D.Litt ဒေါက်တာဘွဲ့ ရခဲ့တယ်။
(မှတ်ချက်-ဆရာတော်ကြီးဟာ သူ ဘွဲ့အမည်ရှေ့က ဒေါက်တာဆိုတဲ့ စကားလုံး ဘယ်တုန်းကမှ မတပ်ခဲ့ဖူးပါ။ ဒေါက်တာအရှင်ဉာဏလို့ ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးပါ။ လယ်တီဆရာတော်ဆိုတဲ့ စကားငါးလုံးနဲ့ ပြည့်စုံပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးပါ။)   

ကျမ်းပေါင်း ၆၀ ကျော် ပြုစုခဲ့တယ်လို့ 'စာဆိုတော်များအတ္ထုပ္ပတ္တိ ကျမ်း' ပြု ဆရာမောင်သုတ(ခေါ်) ဆရာကြီး ဦးဘသောင်းက ဖော်ပြခဲ့တယ်။ ဒါပေမဲ့ မုံရွာမြို့ မဟာလယ်တီတိုက်က 'လယ်တီ စာပေထိန်းသိမ်းရေး အဖွဲ့ကြီး'နဲ့ 'လယ်တီ ဒီပနီဝိသောဓကအဖွဲ့' ရဲ့ အဆိုအရ ဒီပနီကျမ်းပေါင်း ၁၀၀ ကျော် ရေးသားပြုစုခဲ့တယ်လို့ ဆိုတယ်။ ကျွန်တော်ကတော့ လယ်တီ ဒီပနီဝိသောဓကအဖွဲ့ရဲ့ အဆိုဖြစ်တဲ့ ကျမ်းပေါင်း ၁၀၀ ကျော် ဆိုတာကို လက်ခံလိုပါတယ်။       
ဆရာတော်ကြီးရဲ့ အဓိကဂုဏ်ရည်ကတော့ (မြန်မာစကားစစ်စစ်နဲ့) ဘုရား၊ တရားတော်တွေကို လူအများ အလွယ်တကူနားလည်အောင် ရေးခဲ့တဲ့ ဂုဏ်ရည်ဖြစ်ပါတယ်။ မြန်မာစကားပြေ တစ်ခေတ်ပါပဲ။ ထူးခြားတာက (ပိုထူးခြားတာက) မြန်မာ စကားပြေ အရေးအသားမှာ ထိပ်ဆုံးက ရှိခဲ့တဲ့ ဆရာတော်ကြီးဟာ ပါဠိဘာသာကိုလည်း နိုင်နင်းတော်မူလှတဲ့ အချက်ဖြစ်တယ်။ ဆရာတော်ကြီး ပြုစုခဲ့တဲ့ ပရမတ္ထဒီပနီဋီကာ ဆိုတဲ့ ကျမ်းကြီးဟာ မြန်မာ့သာသနာဝင်သမိုင်းမှာ အကြီးကျယ်ဆုံး အကျော်ကြားဆုံး ပါဠိဘာသာ ကျမ်းကြီးလေး စောင်ထဲမှာ တစ်စောင်အပါအ၀င်ဖြစ်တယ်။

ဒါနဲ့ပတ်သက်လို့ ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး အရှင်ကောသလ္လမဟာထေရ်မြတ်က 'အကြီးမြတ်ဆုံး ပါဠိဘာသာ ကျမ်းကြီးလေးဆူနဲ့ ကျမ်းပြုပုဂ္ဂိုလ် လေးပါး' လို့ မိန့်ဆို ဖော်ပြဖူးတယ်။
၁။ သဒ္ဒနီတိ၊အရှင်အဂ္ဂ၀ံသ(ပုဂံခေတ်)
၂။ အဘိဓာန်ဋီကာ၊ စတုရင်္ဂဗလ အမတ်ကြီး၊ (ပင်းယခေတ်)
၃။ပရမတ္ထဒီပနီ၊ လယ်တီဆရာတော် (ကုန်းဘောင်ခေတ်နှောင်း)
၎။ ပဒသင်္ဂဟပါဌ်၊ အရှင်အာဒိစ္စ၀ံသ (ကိုလိုနီခေတ်) (ရွှေဥမင်ဆရာတော်ဘုရားကြီး 'သိ မှတ်ဖွယ်ရာ မှတ်စုပဒေသာ' လက်ရေးမူ မှတ်တမ်းများ၊ ရွှေဥမင်တောရရိပ်သာ သံဃာတော်များမူပိုင်၊ ဓမ္မဒါန စာအုပ် ၁၄-၁၁-၂၀၀၄)
၃။လယ်တီဆရာတော်ဘုရားကြီးရဲ့ ကမ္မဌာနဒီပနီ ကျမ်းဟာလည်း ကျော်ကြားလှပါတယ်။ ၁၉၀၃ ခုနှစ်က ရေးခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၁၀၉ နှစ်ရှိပါပြီ။ ဒီကျမ်းကို ဆရာတော်ဘုရားကြီးဟာ အခု
ပြဿနာ ထောင်သောင်း၊ ကိစ္စထောင်သောင်းနဲ့ ကြေကွဲမှု ထောင်သောင်းရှိနေတဲ့ လက်ပံတောင်းမှာ ရေးသားတော်မူခဲ့တာပါ။ သမိုင်းဝင်မှတ်တမ်း ဖြစ်နေတဲ့အတွက် အသေးစိတ် ဖော်ပြခွင့်ပြုပါ။ ဆရာတော်ကြီးဟာ 'ကမ္မဌာနဒီပနီ' အဖွင့်မှာ 'အဘိယာစကနှင့် ပဋိဉာဏ်' ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီလိုရေးခဲ့ပါတယ်။
သက္ကရာဇ် ၁၂၆၅ ခု ၀ါဆိုလအတွင်း ရန်ကုန်မြို့မှ မုံရွာမြို့သို့ လာရောက်၍ မုံရွာမြို့ အနောက်တောင်ခရီး မြန်မာတတိုင်ကျော်အကွာ လက်ပံတောင်းတောင် ၀ါဆိုစင်္ကြံကျောင်း၌ ၀ါတွင်းသုံးလပတ်လုံး ဥပုသ်စောင့်ထိန်းလျက် သမာထ၀ိပဿနာတရားများကို ကြိုးစားအားထုတ်၍နေသူ ရန်ကုန်မြို့ ပုစွန်တောင် တောင်လုံး ပြန်ရပ်နေ ဓာတ်ဆရာကြီး ဆရာမြို့သည် ရံဖန်ရံခါ မိမိနာခံမှတ်သားရသော တရားဓမ္မများကို မိမိကဲ့သို့ ပညာရှိသူတော်ကောင်း အများတို့လည်း ကြားနာသိမှတ်ကြစေရန် စာအုပ်ရေးတင်စီရင် ချီးမြှင့်ပါစေလိုကြောင်းနှင့် တောင်းပန် လျောက်ထားအပ်သည် ဖြစ်၍ ဒုလ္လဘတရားငါးပါး ခန္ဓာငါးပါး၏ ဥပမာအကျယ်အတွင်း အာဃတနငါးပါး၊ အပအာယာတန ငါးပါးတို့၏ ဥပမာအကျယ်စသည်ဖြင့် အထက်ရိုက်ထုတ်သော စာအုပ်များမှာမပါ ကျန်ရှိသောတရား  အချက်များကို ရေးသား၍ ပြဆိုပေအံ့သတည်း။ (မှတ်ချက်-ဒါလောက်ရှည်တဲ့ ၀ါကျကြီးဖြစ်ပေမယ့် စာရှင်းလို့ အဓိပ္ပာယ် ရှင်းနေတာ တွေ့မြင်ရတဲ့အတိုင်း ဆရာတော်ကြီးရဲ့ အရေးအသားဂုဏ်ရည်ပါပဲ။ သတ်ပုံမူရင်းအတိုင်း။)
  
ဒီမှာ သတိပြုမိဖို့က လက်ပံတောင်း ၀ါဆိုစင်္ကြံကျောင်းမှာ တရားစခန်းရှိတယ်။ ဒီတရားစခန်းကို ရန်ကုန်မြို့က ယောဂီတွေ ၀ါတွင်းမှာ တရားလာအားထုတ်ကြတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီကျောင်းယောဂီဖြစ်တဲ့ ရန်ကုန်က ဓာတ်ဆရာ ဆရာမြို့ တောင်းပန်လို့ ဒီကျမ်းကို ရေးတယ်လို့ ဆရာတော်ကြီး ဖော်ပြခဲ့တယ်။
 ၄။ ကျမ်းပြီး နိဂုံးမှာ ဆရာတော်ကြီးက ဒီလိုပါဠိဂါထာစီပြီး အနက်ပြန်ပြခဲ့ပါတယ်။
နိဂုံး  
တေတ္တံ သကူဋ မဏ္ဍိတေ၊ လက်ပံတောင်း နာမပဗ္ဗတေ။
ဝသတာမဟာထေရေန၊ ကတကမ္မ ဌာနဒီပနီ။
တေတ္တံကူဋမဏ္ဍိတေ၊ သုံးကျိပ် သုံးပါး နတ်သိကြားတို့ ပျော်ပါးစံရာ မြို့ပမာဖြင့်၊ ရံကာညွတ်ရုံး သုံးဆဲ့သုံးလုံးသော တောင်ထွတ်တို့ဖြင့် တန်ဆာဆင်အပ်တသော၊ လက်ပံတောင်းနာမ ပဗ္ဗတေ၊သလ္လာဝတီ နောက်ကမ်းဆီမှ သုံးလီမိုင်ခန့် ခရီးဆန့်လျက်ကြီး ခံ့မြင့်ငြောင်း 'လက်ပံတောင်း'အမည်ရှိသော တောင်စောင်းဝယ်၊မုံရွာမြို့ အမိန့်တော်ရ မောင်ကြော့ မောင်စံလင်းတို့ ဆောက်လုပ် လှူဒါန်းအပ်သော စင်္ကြံကျောင်း၌ ၀သတာ ၁၂၆၂ ခုနှစ်၌ အသစ်တည်လတ် ၀ါကပ် သီတင်းသုံးနေသော၊ မဟာထေရေန၊ မဟာထေရ်မြတ်ဖြစ်သော မယာ၊လယ်တီတောကျောင်းဆရာ ငါသည် ကမ္မဌာနဒီပနီ၊ရန်ကုန်မြို့ ပုစွန်တောင် တောင်လုံးပျံဓာတ်ဆရာကြီး ဆရာမြို့ လျောက်ထားအပ်သည်ဖြစ်၍ ရေးသားအပ်သော 'ကမ္မဌာနဒီပနီ' ဤစာကျမ်းသစ်သည်၊ကတာ၊၁၂၆၅ခု သီတင်းကျွတ် လဆုတ် ၅ ရက်နေ့၌ ပြုစီရင်အပ် အပြီးသတ်သတည်း။
  
လက်ပံတောင်း တောင်စောင်းက ၀ါဆိုစင်္ကြံတောရကျောင်းဟာ လယ်တီသာသနာဝင်နဲ့ မြန်မာ့သာသနာဝင်မှာ ဂုဏ်တင်ရမယ့် ကျောင်းဖြစ်တယ်။ ဆရာတော်ကြီးက သူ့ကိုယ်သူ လယ်တီတောကျောင်းဆရာလို့ ခေါ်ခဲ့ရေးခဲ့တာ ကြည်ညိုစရာပါပဲ။ အဲဒီ သမိုင်းဝင် သာသနာဝင် တောကျောင်းကလေးဟာ လက်ပံတောင်း တောင်စောင်းမှာ ရှိခဲ့ဖူးပါတယ်။ အဲဒီကျောင်းကလေးဟာ လယ်တီဆရာတော်ဘုရားကြီးရဲ့ သာသနာ့ အမွေအနှစ် ဖြစ်တယ်။
၅။ လယ်တီဆရာတော်ကြီးရဲ့ သာသနာ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်မယ် ကာကွယ်မယ်လို့ ရဟန်းရှင်လူ ပြည်သူတွေက စိတ်ပိုင်းဖြတ်ထားကြတယ်။ ဦးစီး ဦးကိုင်ပြုတဲ့ သံဃာတော်တွေကလည်း သဘောထား ကြေညာချက်တွေ ထုတ်ပြန်ကြတယ်။ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူအရှင်က မကြာခင်က (ဒီဇင်ဘာလ ၁၉ ရက်နေ့)ပဲ ကြေညာချက်ထုတ်တယ်။ အလားတူပဲ ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က တာဝန်ရှိ ဦးစီးရှေ့ဆောင် ဆရာတော်တွေက သူတို့ သဘောထားတွေကို မိန့်ကြားတော်မူတယ်။ အကြမ်းဖက် နှိပ်ကွပ်တာတွေနဲ့ ပတ်သက်လို့ . . . ဒီကိစ္စမှာ အကြမ်းဖက်ထားတဲ့ အမိန့်ပေးထားတဲ့ ပုဂ္ဂိုလ် ဘယ်သူလဲဆိုတာကို 'ဒေါ်စု' အနေနဲ့ ဘယ်လောက်အထိ ဖော်ထုတ်ပေးသွားမယ်၊ ဘယ်လောက်အထိ အရေးယူပေးသွားမယ်ဆိုတာကို စောင့်ကြည့်သွားမယ် . . . လို့ သံဃာတော် တစ်ပါးက မိန့်ကြားခဲ့တယ်။ . . .ဗုဒ္ဓသာသနိက အဆောက် အအုံတွေ၊ သာသနာနဲ့ သံဃာထုကို ထိပါးလာမယ့် အနေအထားမျိုးတွေကနေ ကင်းလွတ်မယ်ဆိုရင်တော့ ရှေ့ဆက်ပြီး ဘာမှလုပ်စရာအကြောင်း မရှိဘူး။ မကင်းလွတ်ဘူးဆိုရင်တော့ သံဃာထုအတွက် သာသနိက အဆောက်အအုံတွေ အတွက်တော့ ရှေ့ဆက်လုပ်ရမှာ ဖြစ်တယ် . . . လို့လည်း ပြတ်ပြတ်သားသား ဆိုမိန့်သွားပါတယ်။ ၀ိုင်းဝန်းစဉ်းစားကြဖို့ ကောင်းပါတယ်။ ၀န်းရံကြဖို့ လိုပါတယ်။ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ် WSLB တို့လို အဖွဲ့အစည်းတွေ ရှစ်ဆယ့်ရှစ် မျိုးဆက်တို့လို အဖွဲ့အစည်းတွေက လည်း သံဃာထုကို ထောက်ခံကြောင်း ကြေညာနေကြပြီ။အခြားအဖွဲ့အစည်း အသင်းအပင်းတွေကလည်း ၀ိုင်းဝန်းကြမှာ၊ ၀န်းရံကြမှာ ဖြစ်တယ်လို့ မျှော်လင့်ရတာပါပဲ။ ဆရာတော် ဦးဝီရသူ မိန့်ခဲ့တဲ့ လယ်တီဆရာတော်ကြီးရဲ့ သာသနာ့ အမွေအနှစ် ရှိရာဒေသမှာ မြေတစ်လက်မမှ ကျူးကျော်ခွင့် မရှိပါဘူး။ ဘယ်နိုင်ငံကမှ ဘယ်သူကမှ ဘယ်လိုအကြောင်းပြချက်နဲ့မှ(မြေတစ်လက်မလောက်တောင်မှ) ၀င်ရောက်ခွင့် ကျူးကျော်ခွင့် (လုံးဝ) မရှိပါဘူး။

(စာကိုး။ ၁။ လယ်တီဆရာတော် ဘုရားကြီး၊ ကမ္မဌာနဒီပနီ (၁၉၈၁) သာသနာရေးဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်။  ၂။ Newday news ဂျာနယ် ၂၆-၁၂-၂၀၁၂ စာမျက်နှာ ၂၊ ၉)
လက်ပံတောင်း လူထုလိုရာ ဆန္ဒပြည့်ဝကြပါစေ။

Written by ဇော်ဇော်အောင်   
Wednesday, 09 January 2013 11:39          

Credited to Eleven Media Group

No comments:

Post a Comment

ဒီပို့စ်နဲ့ ပက်သက်ပြီးတစ်ခုခုပြောလိုလျှင် ပြောထားခဲ့နိုင်ပါသည်။